သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လီကွမ်ယု ဈာပနကျင်းပ


စကာၤပူနိုင်ငံကို ထူထောင်သူ Lee Kuan Yew ဟာ စင်္ကာပူ မြေပေါ်မှာ စင်္ကာပူလေကို ရှုရှိုက်ရင်း ဒီအရပ်မှာ အသက်ထက်ဆုံး နေထိုင်သွားခဲ့သူ ဖြစ်တယ်လို့ သူ့ရဲ့သားဖြစ်သူ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ သူ့ဖခင်ရဲ့ ဈာပနအခမ်းအနားမှာ ဂုဏ်ပြု ချီးကျူး ပြောဆိုခဲ့ပါတယ်။

နှစ်ပေါင်းများစွာအတွင်း အလင်းရောင်နဲ့ လမ်းပြပေးခဲ့သူဟာ အခုတော့ မီးစာကုန်ဆီခမ်း ဖြစ်ခဲ့ပြီး နိုင်ငံရဲ့ဖခင်ကို သူတို့ ဆုံးရှုံးခဲ့ရပြီလို့လည်း စင်္ကာပူ အမျိုးသားတက္ကသိုလ်မှာ ကျင်းပတဲ့အခမ်းအနားမှာ ဝန်ကြီးချုပ် Loong က ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရဲ့ဈာပနကို ကမ္ဘာတလွှားက ခေါင်းဆောင်တွေလည်း တက်ရောက်ပြီး အဲဒီထဲမှာ အမေရိကန်သမ္မတဟောင်း Bill Clinton ၊ ဂျပန် ဝန်ကြီးချုပ် Shinzo Abe ၊ တောင်ကိုရီးယားသမ္မတ Park Geun Hye နဲ့ သြစတေးလျ ဝန်ကြီးချုပ် Tony Abbott တို့လည်း ပါဝင်ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်လည်း ဈာပနအခမ်းအနား တက်ရောက်ကြောင်း သမ္မတရုံးတာဝန်ရှိသူတဦးက ဗီအိုအေကို အတည်ပြု ပြောပါတယ်။

ဗြိတိန်ကိုလိုနီအဖြစ်ကနေ လွတ်မြောက်လာခဲ့တဲ့ စင်္ကာပူနိုင်ငံရဲ့ပထမဆုံး ဝန်ကြီးချုပ် လီကွမ်ယုလက်ထက်မှာ စင်္ကာပူနိုင်ငံဟာ တဟုန်ထိုး ဖွံ့ဖြိုးတိုးတက် လာခဲ့ပြီး ဒေသတွင်းနိုင်ငံတွေက ပညာတတ်အများအပြားလည်း စင်္ကာပူနိုင်ငံမှာ လာရောက်အခြေချနေထိုင်ခဲ့တာပါ။ မစ္စတာလီကွမ်ယုရဲ့ ရုပ်ကလာပ် ထားရှိရာကို သွားရောက်ဂါရဝပြုခဲ့သူ အင်ဂျင်နီယာ ဦးမင်းအောင်ခိုင်ကတော့ သူ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

“စင်္ကာပူနိုင်ငံက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနေထိုင်ကြတာပေါ့နော်၊ ဗုဒ္ဓဘာသာတွေရှိမယ်၊ ခရစ္စယာန်တွေရှိတယ်။ မွတ်ဆလင်တွေလည်းရှိတယ်။ မစ္စတာလီကွမ်ယုဆိုရင် သူက မွတ်ဆလင်လည်းမဟုတ်ဘူး။ လူမျိုးကဆိုရင်လည်း တရုတ်ပေါ့။ သို့သော်လည်းပဲ စင်္ကာပူနိုင်ငံမှာ ရှိကြတဲ့ မွတ်ဆလင်တွေ၊ မလေးလူမျိုးတွေ အားလုံးဟာ မစ္စတာလီကွမ်ယုရဲ့ကျေးဇူးကို နားလည်တယ်၊ သိတတ်ကြတယ်၊ ငါတို့တွေအားလုံးဟာ မစ္စတာလီကွမ်ယုရဲ့ကျေးဇူးကြောင့် ဒီလို တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံမှာ နေရတဲ့အသီးအပွင့်ကို ခံစားရတာပါလား-ဆိုပြီးတော့ အားလုံးနားလည်ကြတယ်လေ။ ဒီသဘောနဲ့ အခုလိုမျိုး လေးလေးစားစားနဲ့ ဂါရဝသွားပြုတာကို ကျနော် သတိထားမိပါတယ်။”

ဒီကနေ့မှာတော့ မိုးသည်းထန်စွာရွာသွန်းနေတဲ့ကြားမှာပဲ လွှတ်တော်ကနေ နိုင်ငံတော်ဈာပန ကျင်းပရာ အမျိုးသားတက္ကသိုလ်ယဉ်ကျေးမှုဌာနကို မစ္စတာ လီကွမ်ယူရဲ့ရုပ်ကလာပ်သယ်ဆောင်လာတဲ့လမ်းတလျှောက်မှာထောင်သောင်းချီတဲ့ လူတွေ စုရုံးခဲ့ကြပါတယ်။ ၁၉၅၉ ခုနှစ်ကနေ ၁၉၉ဝ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ လီကွမ်ယုဟာ အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။

XS
SM
MD
LG