သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေအရေးအခင်း စုံစမ်းရေးကော်မရှင် အစီရင်ခံစာထုတ်ပြန်


(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေတုန်းက စစ်တွေမြို့မှာရှိတဲ့ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းရုံးခန်းတွေ၊ နေအိမ်တွေ၊ အကြမ်းဖက် တိုက်ခိုက်ခံရမှုကိစ္စမှာ၊ အဖွဲ့တဖွဲ့ကနေ မမှန်သတင်းဖြန့်ပြီး လှုံ့ဆော်ဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတွေဟာ သူတို့တွေ့ရှိချက် အစီရင်ခံစာနဲ့ ပတ်သက်လို့ ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ခေါ်ယူရှင်းလင်းမှု လုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ ၅ ဦးပါ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ကို တင်ပြခဲ့ပြီးနောက်၊ ဒီကနေ့မှာတော့ ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂရုံး တာဝန်ရှိသူတွေကို ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ရန်ကုန်ငြိမ်းချမ်းရေးစင်တာမှာ ရှင်းလင်းပြောဆိုတာပါ။ အခုဖြစ်ရပ်မှာတော့ NGO ဝန်ထမ်းတဦးကနေ သံဿနာ့အလံကို မဖွယ်မရာပြုလုပ်တယ်ဆိုတဲ့ အရင်သတင်းတွေအစား၊ သဘောရိုးနဲ့ အလံဖြုတ်ချခဲ့တာကို အခွင့်ကောင်းယူပြီး ဆူပူအောင်လှုံ့ဆော်တဲ့ အဖွဲ့တဖွဲ့ရှိတယ်လို့ ဗိုလ်ချုပ် မောင်မောင်အုန်းက သတင်းထောက်တွေကို ပြောသွားပါတယ်။

“အမေရိကန်နိုင်ငံသူပေါ့နော် သူက အလံကို ဖြုတ်တဲ့အခါမှာ သဘောရိုးနဲ့ဖြုတ်တယ်လို့ ကျနော်တို့ စစ်ဆေးတဲ့အခါမှာ တွေ့ရပါတယ်။ သို့သော်ငြားလည်း ဒီသဘောရိုးနဲ့ ဖြုတ်တာကိုပဲ ဒီအချိန်မှာ တိုက်ဆိုင်မှုတွေကတော့ သန်းခေါင်စာရင်းကို ကန့်ကွက်တဲ့ ရခိုင်လူမျိုးတွေရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ ဒီသာသနာ့အလံကို ဖြုတ်တဲ့အချိန်နဲ့ တိုက်ဆိုင်မှုတွေရောပေါ့နော် အရင်တုန်းက ဒါ ဒီ UN အဖွဲ့အစည်းတွေအပေါ်မှာ ကျနော်တို့ တိုင်းရင်းသားများရဲ့ အမြင်မကြည်လင်မှုတွေရော၊ နောက်ပြီးတော့ ဒီ သာသနာ့အလံဟာ ကျနော်တို့ရဲ့ အထွတ်အမြတ်ဆိုပြီးတော့မှ ဒီလိုမျိုးတွေ ခံစားမှု ဒါ အရှိန်အမြင့်ဆုံးအချိန်မှာ အဖွဲ့တဖွဲ့ကနေ ဒါကို လှုံ့ဆော်ပြီးတော့မှ ဒေသခံ ကျနော်တို့ ဒီရခိုင်တိုင်းရင်းသားများပါ ပါဝင်လာအောင် စည်းရုံးခဲ့တဲ့အနေအထား ရှိပါတယ်။”

ရခိုင်တိုင်းရင်းသားတွေဘက်ကတော့ ရိုးသားမှုရှိပြီး ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို ထိခိုက်စော်ကားလိုတဲ့ သဘောတော့မဟုတ်ဘဲ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဒေသခံဝန်ထမ်းတွေရဲ့ အပြုအမူ လုပ်ကိုင်ပုံတွေကို အရင်ကတည်းက မကျေနပ်ချက် အခြေခံရှိခဲ့တယ်လို့ ဗိုလ်ချုပ် မောင်မောင်အုန်းက ရှင်းပြပါတယ်။ ဒါကြောင့်လည်း အခု ကုလသမဂ္ဂနဲ့ INGO တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံရှင်းလင်းရာမှာ၊ နောက်ပိုင်းမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်သင့်သလဲဆိုတဲ့ အခြေခံကို ညှိနှိုင်းဖို့လည်း ဖြစ်တယ်လို့ သတင်းထောက်တွေကို ရှင်းပြပါတယ်။
(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

“ခုနက UN နဲ့ INGO အဖွဲ့အစည်းတွေမှာလည်း တချို့တွေ အားနည်းချက်တွေ ရှိပါတယ်။ local staff တွေရဲ့ အားနည်းချက်တွေ၊ နောက် ကျနော်တို့ ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုမှာလည်း ထောက်ပံ့မှုတွေက မမျှတဘူးလို့၊ နောက်ပြီးတော့ တဘက်အဖွဲ့အစည်းကိုပဲ အလေးသာတယ်လို့လည်း ထင်ချင်ပါတယ်။ ဒါကြောင့် ဒီနေ့ ဒါ ကျနော်တို့ ဒီအဖွဲ့အစည်းနဲ့ ပြောတဲ့အခါမှာလည်း ရခိုင်တိုင်းရင်းသားများရဲ့ အရေးအရာကို ဆောင်ရွက်တဲ့အခါမှာ မျှတစွာ ဆောင်ရွက်ပေးဖို့၊ ပြီးရင် ပွင့်လင်းမြင်သာစွာရှိဖို့ ယနေ့ ဒါ ကျနော် UN နဲ့ INGO အဖွဲ့အစည်းများကို ဆွေးနွေးပြီးတော့မှ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မယ့် Plan တွေကို ဒါ ကျနော်တို့ ပေါင်းစပ်ညှိနှိုင်းမှာဖြစ်ပါတယ်။”

စုံစမ်းရေးကော်မရှင် အနေနဲ့ကတော့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ လုံခြုံရေး တာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေ၊ UN နဲ့ INGO ဝန်ထမ်းတွေ စသဖြင့် အလွှာစုံ၊ လူစုံ မေးမြန်းစုံစမ်းမှု လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ရခိုင်တိုင်းရင်းသားတွေဘက်ကလည်း မကျေနပ်ချက် ခံစားမှုတွေ ရှိတယ်ဆိုတာ နားလည်ပေမဲ့၊ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့တော့ လိုတယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အခုဖြစ်ရပ်မျိုးတွေဟာ ရခိုင်တိုင်းရင်းသားတွေ တင်မဟုတ်ဘဲ မြန်မာတိုင်းရင်းသား အားလုံးအတွက်လည်း မျက်နှာပျက်စရာ ဖြစ်ရပ်လို့ ဗိုလ်ချုပ် မောင်မောင်အုန်း က ပြောပါတယ်။ အဖြစ်အပျက် ဖြစ်သွားတဲ့ကိစ္စမှာ ဒေသအာဏာပိုင်တွေဘက်က ထိရောက်တဲ့ ကာကွယ်ဆောင်ရွက်မှုတွေ မရှိခဲ့ဘူးလို့ ဝေဖန်သလိုပဲ၊ ဒါကြောင့် နောက်ပိုင်း ဒါမျိုးတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် အရေးပေါ် အထောက်အကူအဖွဲ့ ဖွဲ့စည်းပြီး ဒေသတည်ငြိမ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပြည်နယ်အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ လုံခြုံရေးပိုင်းကလည်း အားနည်းတဲ့အတွက် အချိန်မှီ မတားဆီးနိုင်လို့ ဖြစ်တယ်ဆိုတဲ့အတွက် အားနည်းချက်ရှိတယ်ဆိုတာလည်း ပါပြီးဖြစ်ပါတယ်။ ဒါကလည်း ကျနော်တို့က ယနေ့ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အတိုင်းပဲ အားမြှင့်အောင် ဆက်လက်ဆောင်ရွက်သွားမယ်။ နောက် ဒီ အရေးပေါ် အထောက်အကူအဖွဲ့ပေါ့နော် ဒီအဖွဲ့ကိုလည်း ကျနော်တို့ သွားရောက်ပြီးတော့ ဒေသတည်ငြိမ်ပြီးတော့မှ ပုံမှန်အနေအထားဖြစ်အောင် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

မကြာခင်မှာပဲ ကုလသမဂ္ဂနဲ့ INGO အဖွဲ့တွေ ရခိုင်ပြည်နယ်အတွင်း ပုံမှန် ပြန်လည် အလုပ်လုပ်ကိုင်နိုင်အောင်လို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ ဒီအတွက်လည်း ဒီအဖွဲ့အစည်းတွေကို လုံခြုံရေး အပြည့်အ၀ အကာအကွယ်ပေးနိုင်အောင် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခု အကြမ်းဖက် ဖြစ်ရပ်တွေမှာ ပါဝင်ကျူးလွန်သူတွေနဲ့ မမှန်မကန် သတင်းဖြန့် လှုံ့ဆော်သူတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပေမဲ့လို့၊ နောက်ကွယ်မှာ လှုံ့ဆော်ပါဝင်တယ်လို့ ယူဆတဲ့အဖွဲ့ ဘယ်အဖွဲ့လဲဆိုတာကိုတော့ ဗိုလ်ချုပ် မောင်မောင်အုန်းက အတိအကျ ပြောဆိုနိုင်ခြင်း မရှိပါဘူး။ လက်ရှိအားဖြင့် စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးထားသူကတော့ ၁၂ ဦးထက်မနည်းရှိပြီး၊ သူတို့ဟာ အဲဒီအဖွဲ့နဲ့ ပတ်သက်ဆက်နွယ်မှု ရှိ မရှိ ဆိုတာကိုတော့ မသိရပါဘူး။
XS
SM
MD
LG