သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေမြို့ ဗလီဝင်း မီးလောင်မှုဖြစ်ပွား


စစ်တွေမြို့က ဗလီကျောင်းဆောင်တခု မီးလောင်နေစဉ် အဝေးမှမြင်ရပုံ။ (အောက်တိုဘာလ ၇ ရက်၊ ၂၀၁၂)။
စစ်တွေမြို့က ဗလီကျောင်းဆောင်တခု မီးလောင်နေစဉ် အဝေးမှမြင်ရပုံ။ (အောက်တိုဘာလ ၇ ရက်၊ ၂၀၁၂)။
မကြာသေးခင် လတွေအတွင်း အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ဗလီကျောင်းဝင်းတခုတွင်းမှာ ဒီကနေ့ နေ့ခင်းပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ္စည်းသိုလှောင်တဲ့ အဆောင်တခုသာ မီးလောင်ခဲ့တာဖြစ်ပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ သလို ဖြစ်ရတဲ့အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေဆဲလို့ စစ်တွေ တာဝန်ရှိသူတွေ က ပြောပါတယ်။ ဒီလိုအခြေအနေကြောင့် ဗလီအနီးတဝိုက်မှာ လုံခြုံရေးကိုလည်း အာဏာပိုင်တွေဘက်က တင်းတင်းကြပ်ကြပ် ချထားခဲ့တယ်လို့ မျက်မြင် သက်သေတွေ က ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်း ထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဆရာတော် ဦးဥတ္တမပန်းခြံနီးက မူစလင်ဗလီကျောင်းဝင်းတခုမှာ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက မီးလောင်မှု ၂ ကြိမ် ဖြစ်ပွားခဲ့တာပါ။ ဗလီကျောင်းဝင်းအတွင်းမှာ ရှိတဲ့ စာအုပ်တွေ၊ ကပ်ထူစက္ကူတွေ သိုလှောင်ထားတဲ့ သက်ကယ်တဲ တတဲ မီးလောင်ခဲ့တာ ဖြစ်ပြီး ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ စစ်တွေ ထိန်းသိမ်းကွပ်ကဲရေး အဖွဲ့ ပြန်ကြားရေး အဖွဲ့ဝင် ဦးဝင်းမြိုင်က ပြောပြပါတယ်။

“ဗလီကျောင်းဝင်းထဲမှာ။ အဆောင်လား အိမ်လား ပြောရခက်တယ်။ ပစ္စည်းတွေ လှောင်ထားတာပေါ့။ တဲအကြီးကြီးပေါ့။ တော်တော်ကြီးတဲ့ တဲပေါ့။ သူတို့ အိမ်တွေမှာ စာအုပ်တွေ စုပုံထားတာ ရှိတယ်။ သူတို့ အဲဒီမှာ စာအုပ်တွေ မီးလောင်တာလေ။ မီးသတ်က ငြိမ်းပေးခဲ့တယ်။ နောက်ငြိမ်းပြီးတော့ ထပ် လောင်တဲ့အခါကျတော့ လူတွေက ဗလီအတွင်းထဲလည်း ဖြစ်နေတယ်ဆိုတော့ ဝိုင်းကူကြတာပေါ့ လူတွေက။ သူတို့ ဗလီထဲဆိုတော့ ကျနော်လည်း မသိဘူးခင်ဗျ။ အဲဒီမှာ မီးသတ်က သွားရှင်းတဲ့အခါကျတော့ စာအုပ်တွေရယ်၊ ကပ်ထူစက္ကူတို့ ဘာတို့ ဝယ်ထားတာလား မသိပါဘူး။ လှောင်ထားတာနဲ့ တူပါတယ်။ ကျနော် မေးကြည့်တဲ့အခါကျတော့ သူတို့ဟာသူတို့ လောင်တာ၊ သူတို့ ဘယ်လိုဖြစ်လို့ လောင်မှန်းလည်း မသိဘူး။ အဲဒီမှာ နေ့လယ် ၁ နာရီ ခွဲလောက်က။ ဗလီရဲ့ တဘက်မှာ ဆိုင်တွေ ရှိတယ်လေ။ သူတို့က မီးခိုးတွေ မြင်တော့ မီးသတ်ကို လှမ်း ဖုန်းဆက်တယ်။ ဆက်တော့ မီးသတ်က ပထမတခါ လာငြိမ်းသွားတယ်။ တခါ ထပ်လောင်တော့ ဒုတိယအကြိမ် လာငြိမ်းတော့ ထိတ်လန့်ပြီးတော့ ဝိုင်းကြည့်ကြတာပေါ့။ အဲဒါတွေပါ။ မများပါဘူးခင်ဗျ။ အဲဒီတအိမ်တည်းပဲ မီးလောင်ပြီးတော့ မီးသတ်ကလည်း ချက်ချင်း လာငြိမ်းသွားပါတယ်။ ညနေ ၅ နာရီလောက်ကျတော့ အေးအေးဆေးဆေး ပါပဲ။ ဘာမှမရှိတော့ဘူး။ မီးသတ်က ငြိမ်းသွားတာပေါ့။”

ဒါ့အပြင် ဒေသခံ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၈၈ ယောက်အထိ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ဖူးတဲ့ ရခိုင်ပြည်နယ်မှာ အခုလို တရက်တည်းမှာတင် ၂ ကြိမ် ဖြစ်ခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ ထိတ်လန့်မှုတော့ ဖြစ်ခဲ့တယ် လို့လည်း စစ်တွေ ထိန်းသိမ်း ကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင် က ပြောပါတယ်။ မီးလောင်မှုဖြစ်တဲ့နေရာကို ကိုယ်တိုင် သွားကြည့်ခဲ့တဲ့ စစ်တွေမြို့ခံတဦးကတော့ မီးလောင်မှုဖြစ်ပြီး မကြာခင်မှာပဲ အခြေအနေတွေ ရုတ်ရုတ်သဲသဲ မဖြစ်အောင် အာဏာပိုင်တွေကနေ လုံခြုံရေးအပြည့် ချထားခဲ့တာကြောင့် အနားထိ ကြည့်ခွင့်မရခဲ့ ဘူးလို့ အခုလို ပြောပြပါတယ်။

“ကျနော် သွားတဲ့အခါ အဲဒီနေရာကို ရောက်တဲ့အခါမှာ လုံခြုံရေးတွေ အထပ်ထပ် ချထားတယ်ဆိုတော့ ကျနော်တို့ ဝင်လို့ မရတော့ဘူး။ အချိန်က လေးနာရီကျော် ငါးနာရီလောက်တော့ ရှိပြီ။ မီးလောင်တာကို ကျနော့် အိမ်ကနေ မြင်ရတယ်။ မီးခိုးတွေ မြင်လိုက်ရတယ်။ ဒါပေမဲ့ များများစားစားတော့ မဟုတ်ဘူး။ ကျနော် မော်တော်ဆိုင်ကယ်နဲ့ ထွက်သွားပြီးတော့ ပတ်ကြည့်တယ်။ ပတ်ကြည့်တော့ အဲဒီမှာ လုံခြုံရေးတွေက အကုန်လုံး ချထားပြီဆိုတော့ ကျနော်လည်း ရှေ့ကို ဝင်လို့မရတော့ဘူးလေ။ အိမ်တခုမှ မလောင်ဘူး။ အဲဒီ ဗလီကျောင်းထဲက အဆောင်တခုပဲ နည်းနည်းပါးပါး လောင်တာ။ လုံခြုံရေးတွေကတော့ အထပ်ထပ် ချထားတယ်။”

ညနေပိုင်းမှာတော့ အခြေအနေတွေဟာ အေးအေးဆေးဆေးပဲ တွေ့ရတယ်လို့လည်း အဲ့ဒီ စစ်တွေမြို့ခံက ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ် က ကောက်ဇက်ဘဇား (Cox's Bazaar) နဲ့ ရာမူး (Ramu) လို့ခေါ်တဲ့ ပန်းဝါမြို့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားတွေအပါအဝင် စာသင်ကျောင်းနဲ့ လူနေအိမ် တော်တော်များများ ကို မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ခဲ့ပါသေးတယ်။ လူ ၂ ဦး သေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ဒီအကြမ်းဖက် တိုက်ခိုက်မှု တွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း ညမထွက်ရအမိန့်ကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ရတာပါ။

မြန်မာနိုင်ငံမှာတော့ ရခိုင်ဒေသခံတွေနဲ့ မူဆလင်တွေအကြား လအတန်ကြာဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကို လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်တရပ်ကို သြဂုတ်လက ဖွဲ့စည်းခဲ့ပြီး ဒီအဖွဲ့အနေနဲ့ စစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ရခိုင်ပြည်နယ်မှာ လူ ၉၀ နီးပါး သေဆုံးပြီး ၈ သောင်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းတွေ ကြောင့် အစိုးရက ထုတ်ပြန်ခဲ့ရတဲ့ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို စစ်တွေမြို့မှာ အခုထိ ရုပ်သိမ်းခြင်း မရှိသေးပါဘူး။
XS
SM
MD
LG