သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေအရေးအခင်း INGO ဝန်ထမ်း ဒေသအခြေအနေ နားမလည်သလို ပြည်နယ်အစိုးရ ကိုင်တွယ်ပုံအားနည်း


ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အစိုးရမဟုတ်တဲ့အဖွဲ့က ဝန်ထမ်းတွေ ရန်ကုန်မြို့သို့ ပြန်ကြစဉ်။ (မတ် ၂၇၊ ၂၀၁၄)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အစိုးရမဟုတ်တဲ့အဖွဲ့က ဝန်ထမ်းတွေ ရန်ကုန်မြို့သို့ ပြန်ကြစဉ်။ (မတ် ၂၇၊ ၂၀၁၄)
မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေက စစ်တွေမြို့မှာဖြစ်ခဲ့တဲ့ လူအုပ်နဲ့အကြမ်းဖက်မှုတွေဟာ အိုင်အန်ဂျီအို ဝန်ထမ်းတွေဘက်က ဒေသရဲ့ ထိခိုက်ရှလွယ်မှုအခြေအနေကို နားမလည်လို့ ဖြစ်သလိုပဲ ပြဿနာကြီးလာတဲ့အခါမှာ ပြည်နယ်အစိုးရဘက်က ကိုင်တွယ်မှု အားနည်းခဲ့တာတွေကြောင့် ဖြစ်ရတယ်လို့ မြန်မာသမတ ပြောခွင့်ရသူက ပြောသွားပါတယ်။ အခုတော့ အခြေအနေတွေကို တည်ငြိမ်အောင် ကြိုးစားနေပြီး ဖြစ်ခဲ့တဲ့ ပြဿနာကို ပြန်လည်စုံစမ်းဖော်ထုတ် အရေးယူမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ကိုသားညွန့်ဦးက ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။

စစ်တွေမြို့မှာ ကုလသမဂ္ဂအေဂျင်စီနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းက ရုံးတွေ၊ လူနေအိမ်တွေ၊ ဂိုဒေါင်တွေ အကြမ်းဖက် ဖျက်ဆီးခံရတဲ့ ပြဿနာကို စုံစမ်းဖော်ထုတ်ဖို့ သမ္မတအနေနဲ့ စုံစမ်းရေးကော်မရှင်တရပ်ဖွဲ့လိုက်ပြီဖြစ်သလို ဒီ တွေ့ရှိမှုကနေ တရားခံတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ သမတပြောခွင့်ရသူလည်းဖြစ်၊ ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က သတင်းသမားတွေကို ပြောသွားပါတယ်။

“ပထမဆုံးကတော့ အခုဖြစ်တဲ့ဖြစ်စဉ်မှာ လူစုခွဲဖို့နဲ့ ဖျက်စီးမှုကို တားဆီးဖို့လုပ်တယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ မှတ်တမ်းတင်ထားတဲ့ပုံတွေ ရှိတယ်။ သမ္မတကြီးဖွဲ့ပေးလိုက်တဲ့ ကော်မရှင်က အဲဒီပုံတွေအရ စစ်ဆေးဖော်ထုတ်ပါမယ်။”

ရန်ကုန်တိုင်း လွှွတ်တော်မှာ သမ္မတနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံကြတဲ့ ပွဲ အပြင်ပန်းမှာ စစ်တွေမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဦးရဲထွဋ်က သတင်းထောက်တွေ မေးမြန်းချက်တွေကို ဖြေကြားခဲ့တာပါ။ ရခိုင်ပြည်နယ်အတွင်း သန်းခေါင်းစာရင်းကောက်ခံတဲ့အခါ ရိုဟင်ဂျာဆိုတဲ့ အမည်တပ်မှုကိုလက်မခံဖို့ ဆန္ဒဖော်ထုတ်ကြရာမှာ စစ်တွေမြို့နေအိမ်အတော်များများမှာ အိမ်ရှင်တွေက သာသနာ့အလံကို လွှင့်ထူထားကြတာပါ။ အဲဒီမှာ ရုံးဖွင့်ထားတဲ့အန်ဂျီအိုဝန်ထမ်းတဦးက အဲဒီသာသနာ့အလံကို ဖယ်ရှားရာကနေ ပြဿနာစခဲ့တာလို့ ဦးရဲထွဋ်က ပြောပါတယ်။

“အလံဖြုတ်တာမှန်တယ်။ ဒီအလံကို နောက်ပိုင်းကျတော့ စကားက ကားသွားပြီးတော့ လုံခြည်ပတ်ဝတ်တယ်တို့-ဘာတို့၊ ဒီလိုတော့ မဟုတ်ဘူး။ ဒါပေမယ့် ဖြုတ်တယ်ဆိုတာတော့ မှန်တယ်။ ဒါပေမယ့် ဒီအလံကို သူဘယ်လိုသိမ်းလိုက်သလဲ၊ တချို့ကပြောတော့လည်း ဘောင်းဘီအိတ်ထဲထိုးထည့်တယ်လို့ ပြောတယ်။ တချို့ကပြောတော့လည်း မဖွယ်မရာ လုပ်တယ်လို့ပြောတယ်။ သူတို့ဘက်ကပြောတော့လည်း ရိုးရိုးတန်းတန်းပဲ ခေါက်ပြီးတော့ တင်ထားခဲ့တယ်လို့ ပြောတယ်။ ဒါကတော့ ဆက်ပြီးဖော်ထုတ်ရမှာပေါ့။ ဖြုတ်တယ်ဆိုတာကတော့ မှန်ပါတယ်။ ဖြုတ်တဲ့အကြောင်းကတော့ သူတို့ INGO တွေရဲ့ မူအရ ဘာသာတစ်ခု၊ အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုတဲ့ အလံတို့၊ အထိမ်းအမှတ်တို့ကို သူတို့ရုံးတွေမှာ ထားလို့မရဘူး။ သူတို့ရဲ့ ဘက်မလိုက်မှုဆိုတဲ့-မူအရ။ ဒါပေမယ့် ကျနော်တို့က ပြောတယ်။ ဒါ မှန်တယ်။ သို့သော် အခုနက ကျနော်ပြောသလို ဒေသရဲ့ ထိရှလွယ်မှုကို နားလည်ဖို့ဆိုတာ သူကိုယ်တိုင်သွားလုပ်စရာ မလိုဘူး။ အမျိုးသမီးလည်းဖြစ်နေတယ်။ သဘောပြောတာ။ တခြားဘာသာဝင်တစ်ဦးလည်း ဖြစ်နိုင်တယ်။

…ဆိုတော့ သူကိုယ်တိုင် သွားလုပ်တဲ့အခါမှာ နားလည်မှုလွဲတယ်။ သူက အိမ်ရှင်ကိုပြောမယ်။ အကျိုးအကြောင်း နားလည်အောင် ပြောပြမယ်။ သာသနာရေးက တာဝန်ရှိတဲ့ ဆရာတော်ကြီးတွေ၊ သာသနာရေးဦးစီးဌာနက ပုဂ္ဂိုလ်တွေကို နားလည်အောင်ရှင်းပြပြီးလုပ်မယ်ဆိုရင် ဒါက ညင်ညင်သာသာနဲ့ ပြီးသွားမယ့်ကိစ္စ။”

အခုလို ပြဿနာကြီးထွားလာနေတဲ့အချိန်မှာပဲ ပြည်နယ်အစိုးရဘက်က အမြန်ဆုံး တုံ့ပြန်ကိုင်တွယ်ဖို့ နှေးကွေးခဲ့တာကြောင့်လည်း အခြေအနေတွေ ပိုဆိုးလာရတယ်လို့ ဦးရဲထွဋ်က ပြည်နယ်အာဏာပိုင်တွေကို အပြစ်တင်ပါတယ်။
"ကျနော်သိသလောက် ချက်ခြင်းရဲတပ်ဖွဲ့တွေ ဖြန့်ချပြီးတော့မှ ကားတွေရှိတယ်။ သို့သော် ဆီမရှိဘူးဆိုတဲ့ ပြဿနာကြောင့် နှောင့်နှေးနေတယ်။ ...စွမ်းအင်ကိုမေးလိုက်တော့ ဂါလံတွေ သိန်းနဲ့ချီပြီးပို့ထားတာရှိတယ်။ ဒီလိုမျိုးဟာတွေက ကြိုတင်ချိတ်ဆက်တာမျိုး လုပ်နိုင်ရင် ပိုပြီးတော့ မြန်မှာပေါ့" (ဦးရဲထွဋ်-ပြန်ကြားရေး)
“ပြန်ပြန်ပြောရရင်တော့ဗျာ။ ပြည်နယ်အစိုးရကလည်း ဖြစ်လာနိုင်တဲ့အခြေအနေတွေကို မူတည်ပြီးတော့မှ ကြိုတင်ကာကွယ်တာတွေ လုပ်ရမယ်။ ဖြစ်ရင် မြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်ရမယ်။ နောက်ပြီး ဌာနဆိုင်ရာအချင်းချင်းထဲမှာ ပေါင်းစပ် ညှိနှိုင်းမှု ကောင်းရမယ်ပေါ့။ အခု ကျနော်တို့ ရှင်းပြတုန်းကဆိုရင်လည်း ကျနော်သိသလောက် ချက်ခြင်းရဲတပ်ဖွဲ့တွေ ဖြန့်ချပြီးတော့မှ ကားတွေရှိတယ်။ သို့သော် ဆီမရှိဘူးဆိုတဲ့ ပြဿနာကြောင့် နှောင့်နှေးနေတယ်။ ဒါပေမယ့် တဘက်ကကျတော့လည်း စွမ်းအင်ကိုမေးလိုက်တော့ စွမ်းအင်မှာ ဂါလံတွေ သိန်းနဲ့ချီပြီးပို့ထားတာရှိတယ်။ စစ်တွေမှာ။ ဒီလိုမျိုးဟာတွေက ကြိုတင်ချိတ်ဆက်တာမျိုး လုပ်နိုင်ရင် ပိုပြီးတော့ မြန်မှာပေါ့။ အခုတော့ ဗိုလ်ချုပ်ကျော်ထွန်း အဲဒီမှာ သွားထိုင်ပြီးတော့ လုံခြုံရေးကိစ္စတွေ ညှိနှိုင်းဆောင်ရွက်နေတယ်။”

အခုဖြစ်ရပ်မှာ စတင်ချိန် နောက်ကွယ်က လှုံ့ဆော်မှုမျိုးတော့ ရှိပုံမရဘဲ ပြဿနာဖြစ်လာမှ ပြဿနာကို ပိုကြီးလာအောင် လှုံ့ဆော်မှုမျိုးပဲ ရှိနိုင်တယ်လို့ ဦးရဲထွဋ်က ပြောါပတယ်။ အခုပြဿနာကြောင့်တော့ မနက်ဖြန်မှာစမယ့် သန်ခေါင်းစာရင်းကောက်ခံမှုကို ထိခိုက်စရာတော့ မရှိဘူးလို့ ပြောပါတယ်။ သန်ခေါင်းစာရင်းကောက်ခံမှုကို တာဝန်ယူထားတဲ့ လူဝင်မှုကြီးကြပ်ရးနဲ့ ပြည်သူအင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီဟာလည်း ဒီကနေ့မှာပဲ သန်ခေါင်းစာရင်းကောက်ခံမှုအခြေအနေကိုရှင်းပြဖို့ စစ်တွေမြို့ကို ထွက်ခွာသွားပြီလို့ ဆိုပါတယ်။ စစ်တွေမှာတော့ ကျန်ရှိနေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းအချို့ကို အာဏာပိုင်တွေက စစ်တွေဟိုတယ်နဲ့ ရဲတပ်ဖွဲ့ရိပ်သာတွေမှာ နေရာပေးပေမယ့် အများစုကတော့ ရန်ကုန်ကို ပြန်ပြီး တည်ငြိမ်လာမယ့်အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
XS
SM
MD
LG