သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်သီးခေါင်းဆောင် ၆ ဦး ပထမဆုံး အကြိမ် ဆွေးနွေး


အများစောင့်မျှော်နေကြတဲ့ ခြောက်ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ မကြာခင်ကပဲ ပြီးဆုံးသွားခဲ့ပါတယ်။ နောက်တကြိမ်ဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နေရာ နေပြည်တော် သမ္မတ အိမ်တော်ဝင်း အတွင်း ခန်းမမှာ ကိုယ်တိုင် သတင်းရယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူကို ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ ကိုစည်သူရေ ဒီခြောက်ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲပေါ့။ ဒီဆွေးနွေးပွဲက အခုပြီးသွားပြီ ဆိုတော့ ကိုစည်သူကလည်း အဲ့ဒီ့သတင်းယူနေတော့ သူတို့ဆွေးနွေးပွဲ ဘာတွေ ဆွေးနွေးဖြစ်လဲ။ နောက် သတင်းစာရှင်းလင်းပွဲ လုပ်တယ်လည်း ကြားပါတယ်။ ဘာတွေများ ထူးခြားတဲ့အချက်တွေ တွေ့ရလဲ။

ကိုစည်သူ။ ။ ဟုတ်ကဲ့ဗျ။ ဒီနေ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ အပြီးမှာ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သူကတော့ ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ သူပြောပိုင်ခွင့်မရှိလို့ မပြောသွားပါဘူး။ အဲ့တော့ ချုပ်ပြီးပြောရရင် ဒီဆွေးနွေးပွဲက မပြီးပြတ်သေးဘူး။ လာမယ့် သင်္ကြန်အပြီးမှာ ဆွေးနွေးပွဲတွေကို ဆက်ပြီးတော့ လုပ်သွားဦးမယ်လို့ ဦးရဲထွဋ်က ဒီလိုပြောသွားပါတယ်ဗျ။

ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်

"ဒီဆွေးနွေးပွဲအတွင်းမှာ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်များ၊ ပါဝင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ အချက်သုံးချက်ကို ကျနော်တို့ ဆွေးနွေးပြီးတော့မှ သဘောတူခဲ့ပါတယ်။ တစ်ကတော့ ဆွေးနွေးပွဲ ရဲ့ framework ပေါ့ ဆွေးနွေးပွဲ အပေါ် အခြေခံပြီး ဆွေးနွေးရမယ့် အကြောင်းအရာတွေ အပေါ်မှာ သဘောတူခဲ့ပါတယ်။ ဒုတိယ အချက်ကတော့ ကျနော်တို့ ဆွေးနွေးပွဲ ကျင်းပမယ့် ပုံစံ Format ကို သဘောတူခဲ့ပါတယ်။ တတိယအချက်ကတော့ နောက်တကြိမ် ထပ်ပြီးတော့ တွေ့ဆုံမယ့် အချိန်သတ်မှတ်ချက်ကို ကျနော်တို့ သဘောတူခဲ့ပါတယ်။

ဆွေးနွေးမယ့်အကြောင်းအရာတွေကတော့ Framework ကိုတော့ အသေးစိတ် ကျနော် ပြောလို့မရပါဘူး။ အဓိကအားဖြင့် အကြောင်းအရာ အရ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နောက်တခါ ငြိမ်းချမ်းရေး ကိစ္စနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပခြင်းနဲ့ ရွေးကောက်ပွဲလွန် ကာလ တည်ငြိမ်အေးချမ်းရေး ကိစ္စများနဲ့ပတ်သက်ပြီးတော့မှ ဒါဆွေးနွေးဖို့ ကျနော်တို့ သဘောတူခဲ့ကြပါတယ်။ အသေးစိတ် Framework ကတော့ ကျနော် ပြောလို့မရပါဘူး။

ဒုတိယတချက်က နောက်တကြိမ် ကျနော်တို့ ပြန်လည်တွေ့ဆုံဖို့ကိုတော့ သင်္ကြန်ကာလအတွင်း လွှတ်တော်များ ရပ်နားထားပြီးနောက်ပိုင်း လွှတ်တော်များ ပြန်လည်စတင်ချိန်မှာ အားလုံးအဆင်ပြေတဲ့အချိန်ကို သတ်မှတ်ပြီးတော့မှ တွေ့ဆုံဖို့ ကျနော်တို့ သဘောတူခဲ့ကြပါတယ်။

အဲ့ဒီ့တော့ နှစ်နာရီကျော် တွေ့ဆုံတဲ့ ဆွေးနွေးမှုအတွင်းမှာ ပါဝင်တက်ရောက်တဲ့ ပုဂ္ဂိုလ်များအနေနဲ့ ညီအကို မောင်နှမ စိတ်ဓာတ်နဲ့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲပြီးတဲ့အခါမှာလည်း ဒီဆွေးနွေးပွဲဟာ အောင်မြင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ အားလုံးက သဘောတူခဲ့ကြပါတယ်။ ဒီလောက်ပါပဲ။"

ဒါကတော့ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ကိုသားညွန့်ဦး။ ။ အဲ့တော့ ကိုစည်သူရေ။ ဒီဆွေးနွေးပွဲကျင်းပပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အခါမှာ ကိုစည်သူတို့ သတင်းထောက်တွေအနေနဲ့ ခန်းမအတွင်း ဝင်ပြီး သတင်းယူခွင့်၊ သတင်းဓာတ်ပုံရိုက်ခွင့်၊ ရတယ်ဆိုတော့ ဆွေးနွေးပွဲရဲ့ အခင်းအကျင်း အနေအထား၊ သူတို့ခေါင်းဆောင်တွေချင်း ဆက်ဆံရေး အနေအထား ဘယ်လိုမြင်ရလဲ ခင်ဗျ။

ကိုစည်သူ။ ။ ဟုတ်ကဲ့ပါ။ ဒီနေ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ က နေ့လည် နှစ်နာရီလောက် မှာ စပါတယ်။ နေ့လည် နှစ်နာရီ မတိုင်ခင်မှာ ခြောက်ပွင့် ခေါင်းဆောင်တွေက ရောက်လာပါတယ်။ တစ်ယောက်ချင်း၊ တစ်ဦးချင်းစီ လာတဲ့ သဘောပါ။ ပြီးတော့ နောက်ဆုံးမှာ သမ္မတ ဦးသိန်းစိန် ရောက်လာတယ်။ သမ္မတဦးသိန်းစိန် ရောက်လာပြီးတာနဲ့ သူတို့က အခန်းတခုထဲ ကနေပြီးတော့ ဆွေးနွေးပွဲ လုပ်မယ့်အခန်းထဲ ဝင်သွားပါတယ်။

ဆွေးနွေးပွဲ လုပ်တဲ့ အခန်းပုံစံကတော့ ထိုင်ခုံတွေက တယောက်နဲ့တယောက် အတော်လေးကို အလှမ်းဝေးတဲ့ အနေအထားမျိုးနဲ့ ဒီစက်ဝိုင်းပုံစံ စီထားတာ ကို တွေ့ရပါတယ်။ သေချာတာကတော့ သူတို့က သိပ်ပြီး နီးနီးကပ်ကပ် ဆွေးနွေး တာမျိုး မဟုတ်ပဲနဲ့ ခပ်လှမ်းလှမ်းကနေ ဆွေးနွေးတဲ့ သဘောမျိုးပါခင်ဗျ။

ဒါပေမဲ့ ဒီဆွေးနွေးပွဲက ဦးရဲထွဋ်ကတော့ သတင်းစာရှင်းလင်းပွဲမှာ ဆွေးနွေးပွဲမှာ ပါဝင်တဲ့သူတွေဟာ တယောက်နဲ့တယောက် ညီအကို မောင်နှမတွေလိုပဲ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံရေး ရှိခဲ့တယ်လို့ ဦးရဲထွဋ် ကတော့ ပြောသွား ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဆွေးနွေးတဲ့ အခင်းအကျင်းပုံစံ ကတော့ လူတယောက်နဲ့ တယောက်က အတော်လေးကို အလှမ်းဝေးတဲ့ သဘောမျိုး ကျနော်တို့ တွေ့ခဲ့ရပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ အခု ဒီဆွေးနွေးပွဲလည်း ပြီးသွားပြီ ဆိုတော့ ခေါင်းဆောင်ခြောက်ဦး ထဲက တချို့ခေါင်းဆောင်တွေများ သတင်းစာ ရှင်းလင်းပွဲ လုပ်တာ။ သတင်းထောက်တွေကို လက်ခံတွေ့ဆုံတာ နောက် ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ပြောတာ ဆိုတာရော ရှိလားခင်ဗျ။

ကိုစည်သူ။ ။ သမ္မတပြောရေးဆိုခွင့်ရှိတဲ့ ဦးရဲထွဋ်ကတော့ သူ အကြမ်းဖျင်းပြောလို့ရတဲ့ ခြုံငုံပြီးပြောလို့ရတာတွေကို သတင်းစာရှင်းလင်းပွဲ လာလုပ်တာကလွဲရင် ကျန်တာ မရှိပါဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ကိုတော့ သတင်းထောက်တချို့ သွားပြီးတော့ စောင့်နေကြတယ်လို့သိရတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် က ရောက်လာပြီးတော့ တစုံတရာ ဘာမှ ပြောသွားတာ မရှိပါဘူးခင်ဗျ။ ဒီတိုင်းရင်းသား ကိုယ်စားလှယ် အနေနဲ့ ဆွေးနွေးပွဲကို လာတက်တဲ့ ဒေါက်တာအေးမောင်ကလည်း ဒီဆွေးနွေးပွဲရဲ့ ရလာဒ်ကို တိုင်းရင်းသားတွေကို ပြန်ပြီးတင်ပြရမှာမို့ ဒီသတင်းမီဒီယာတွေကို သူအခု မပြောနိုင်သေးပါဘူးလို့ သူက ပြောထားပါတယ်ဗျ။ ဆိုတော့ သတင်းစာ ရှင်းလင်းပွဲသဘောမျိးကတော့ ဦးရဲထွဋ် တယောက်တည်းကပဲ ဆွေးနွေးပွဲ အကြောင်းကို ခြုံငုံပြီးပြောတာ ရှိပါတယ်ခင်ဗျ။ ကျန်တာ မရှိပါဘူးဗျ။

ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နေရာ နေပြည်တော် သမ္မတ အိမ်တော်ဝင်း အတွင်း ခန်းမမှာ ကိုယ်တိုင် သတင်းရယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူကို ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

XS
SM
MD
LG