သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်သစ်ကျေးကျွန်ပြုမှု အဆိုးဆုံးနိုင်ငံ စာရင်းထဲ မြန်မာပါဝင်


ကမ္ဘာပေါ်မှာ ခေတ်သစ်ကျေးကျွန်ပြုမှုနဲ့ပတ်သက်တဲ့ ပထမဆုံး နိုင်ငံတကာစစ်တမ်း "The Global Slavery Index 2013"
ကမ္ဘာပေါ်မှာ ခေတ်သစ်ကျေးကျွန်ပြုမှုနဲ့ပတ်သက်တဲ့ ပထမဆုံး နိုင်ငံတကာစစ်တမ်း "The Global Slavery Index 2013"
ကမ္ဘာအနှံ့ လူဦးရေသန်းပေါင်း ၃၀လောက်ဟာ ကျေးကျွန်သဖွယ် ခိုင်းစေခံ ရမှုတွေဖြစ်နေပြီး အများစုဟာ အာရှကဖြစ်ကြတယ်လို့ ခေတ်သစ်ကျေးကျွန်ပြုမှု ဆိုင်ရာ စစ်တမ်းတရပ်မှာ ဖော်ပြပါတယ်။ ကမ္ဘာပေါ်မှာ ခေတ်သစ်ကျေးကျွန်ပြုမှု နဲ့ ပတ်သက်လို့ ပထမဆုံး နိုင်ငံတကာ စစ်တမ်းတရပ်ကို သြစတေးသျှနိုင်ငံ အခြေစိုက် Walk Free Foundation က ထုတ်ပြန်သွားတာပါ။ ကမ္ဘာနိုင်ငံတွေထဲ ခေတ်သစ်ကျေးကျွန်ပြုမှု အခြေအနေအဆိုးဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်းထားပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Anita Powell ရေးသားပေးပို့တဲ့ သတင်းကို အခြေခံပြီး၊ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကမ္ဘာမှာ လွန်ခဲ့တဲ့ရာစုနှစ်တုန်းက ကျေးကျွန်ပြုမှုရှိခဲ့ပေမယ့်၊ အခုတော့ ကျေးကျွန်ပြုမှု ကို တမ္ဘာလုံး မှာ တားမြစ်ထားပါပြီ။
ဒါပေမယ့်လည်း ကမ္ဘာ အဝှမ်း ကျေးကျွန်သဖွယ် နေထိုင်ကြရသူ ကမ္ဘာလူဦးရေ သန်း ၃၀နီးပါး ရှိနေတယ်ဆိုတဲ့ စစ်တမ်းကတော့ အတော့်ကို တုန်လှုပ်စရာဖြစ်ကြရပါတယ်။ အရင်တုန်းကဆိုရင် လူကုန်ကူးမှု၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု စတဲ့ ကျေးကျွန်သဖွယ်အခြေအနေမှာရှိတဲ့ အကြောင်းရပ်တခုချင်းအပေါ်မှာ အစီရင်ခံစာတွေ ပေါ်ထွက်ဖူးပေမယ့်၊ ဒီတခေါက် ထွက်တဲ့ စစ်တမ်းမှာတော့ အတင်းအကြပ် ထိမ်းမြားခြင်းခံရတာ ကလေးတွေ အတင်းအဓမ္မအလုပ်ခိုင်းစေခံရတာ စတဲ့ အချက်တွေပါ ပါဝင်တဲ့ ကျေးကျွန်သဖွယ်နေကြရတဲ့ အခြေအနေတရပ်လုံးကို ခြုံငုံပြီး ပထမဆုံးအကြိမ် စစ်တမ်းကောက်ယူထားတာဖြစ်ပါတယ်။

စစ်တမ်းပြုစုတဲ့ သုတေသီ Kevin Bales ကတော့ ခေတ်သစ်ကျေးကျွန် စနစ်တွေကို သတိပြုမိလာကြစေဖို့ သူတို့ the Walk Free Foundation အနေနဲ့ အခုလို စစ်တမ်း ကောက်ခံခဲ့တာလို့ ဗွီအိုအေကို ပြောပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကြုံလာရတဲ့ ကျေးကျွန်ဘဝမျိုးတွေကို သူက ပုံဖော်ပြပါတယ်။

“ ပြောရမယ်ဆိုရင် ဒီကနေကာလမှာ ကျေးကျွန်ပုံစံ အများဆုံးတွေ့ရတဲ့ အခြေအနေနှစ်ရပ်ကို ထောက်ပြချင်ပါတယ်။ တခုကတော့ တောင်အာရှ မှာ တွေ့ရတဲ့ မွေးလာကတည်းက ကျေးကျွန်ဖြစ်လာရတဲ့ ပုံစံမျိုးပါ။ အဲဒီမိသားစုတွေမှာ ကလေးငယ်တွေ ဟာ မွေးကတည်းကကျေးကျွန် လိုဖြစ်လာတာ သေဆုံးသွားတဲ့ တိုင်အောင်ပါပဲ။ မိသားစုတစု ကနေ နောက်မိသားစုတစုကို ပိုင်ဆိုင်တာဟာ မျိုးဆက်အလိုက်ဖြစ်နေပါတယ်။ ဒါဟာ ကျေးကျွန်စနစ်ပါ။ အဲဒီမှာ လိင်စော်ကားခံရတာတို့ ကျေးကျွန် အဖြစ်ကလွဲပြီး အခြားဘ၀ မျှော်မှန်း မရတာမျိုး အောက်ကျနောက်ကျ ဖြစ်ရ တာမျိုးပါ။ နောက်တမျိုးကတော့ ဒီကနေ့ကမ္ဘာမှာ အတော်ကြီးတွေ့ရတဲ့ ပုံစံမျိုးပါ။ ဒါဟာ စီးပွားရေးအရမျှော်လင့်ချက်နဲ့ ရွှေ့ပြောင်းနေကြရတဲ့ သူတွေပါ။ ပိုပြီး ကောင်းမွန်တဲ့ဘဝ၊ ကိုယ့်မိသားစုနဲ့ ကလေးတွေအတွက် ပိုပြီး ကောင်းမွန်တဲ့ဘ၀ အတွက် နည်းလမ်း ရှာနေကြသူတွေပါ။ အဲဒီအတွက် သူတို့ဟာ ဘေးကင်းလုံခြုံရာနေရာကို ရှာရတယ်။ အလုပ်ရမယ့်နေရာကို ရှာရပါတယ်။ အခုလို ကိုယ့်နိုင်ငံပြင်ပကို ထွက်ပြီး ဘေးကင်းရာနဲ့ အလုပ်အကိုင် ရှာဖွေဖို့ ကြိုးစားကြသူတွေအပေါ် အမြတ်ထုတ်ကြတဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေရှိပါတယ်။ အဲဒီ မိသားစုတွေဟာ အဲဒီကနေ ကျေးကျွန် သဖွယ်ဖြစ်ကြရပါတယ်။”

ခေတ်သစ်ကျေးကျွန်ပြုမှု စစ်တမ်းထဲမှာတော့ ကမ္ဘာပေါ်မှာ လူဦးရေနဲ့ယှဉ်ရင် အဆိုးဆုံးတွေ့ရတဲ့ နိုင်ငံကတော့ မော်ရစ်တေးနီးယား Mauritania ဖြစ်ပါတယ်။ အာဖရိကအနောက်ခြမ်းဒေသဟာဆိုရင် သမိုင်းအစဉ်အဆက်အရဆိုရင် လူမျိုးစုအပေါ်အခြေခံတဲ့ ကျွန်ပြုမှုစနစ်တွေရှိခဲ့တာပါ။ ဒီလို ကျေးကျွန်ပြုမှု ကိုလည်း မော်ရစ်တေးနီးယားအစိုးရက တရားဝင် ပယ်ဖျက်ပြီး ကျေးကျွန် စနစ်ပျောက်အောင် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ပါဘူး။ အရေအတွက်အရ ဆိုရင်တော့ လူဦးရည်များတဲ့ အိန္ဒိယနိုင်ငံမှာ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု အတင်းအကြပ်လက်ထပ်ထိမ်းမြားမှု ကလေးငယ်တွေကို အမြတ်ထုတ်အသုံးချမှု အကြွေးကျွန်ပြုမှုစတဲ့ ခေတ်သစ်ကျေးကျွန်စနစ် အကြီးမားဆုံးတွေ့ရပါတယ်။

စစ်တမ်းအရဆိုရင် ကျေးကျွန်သဖွယ်ပြုခံရတဲ့ ကမ္ဘာလူဦးရေရဲ့ ၇၂ ရာခိုင်နှုန်း ဟာ အာရှက ဖြစ်ပါတယ်။ အိန္ဒိယပြီးရင်တော့ တရုတ်နဲ့ ပါကစ္စတန်က ဒုတိယနဲ့ တတိယလိုက်ပါတယ်။ စစ်တမ်းရဲ့ ကျေးကျွန်ပြုမှုအရည်အတွက်အရ အများဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ဒီလို ခေတ်သစ် ကျေးကျွန်ပြုမှုစနစ်တွေကို ဥပဒေအရ တားမြစ်နိုင်ဖို့ ကြိုးစားတဲ့နိုင်ငံ အဖြစ်တော့ ချီးမွန်းခံရတဲ့အထဲမှာ မြန်မာနိုင်ငံပါပါတယ်။

အခုလို ခေတ်သစ်ကျေးကျွန်ပြုမှု အဖြစ်များဆုံးစာရင်းပါ နိုင်ငံတွေဟာ ဖွံဖြိုးမှုနောက်ကျတာ၊ အုပ်ချုပ်ရေးပိုင်းခြစားမှုရှိတာ၊ ဆင်းရဲမွဲတေမှုရှိတာနဲ့ ပဋိပက္ခဖြစ်မှုတွေနဲ့လည်း ဆက်နွယ်နေတာတွေ့ရပါတယ်။ ဒီလို ခေတ်သစ်ကျေးကျွန်ပြုမှု အခြေအနေအောက်မှာ အမျိုးသမီးဟာ ပိုပြီး နစ်နာခံစားရတယ်လို့လည်း စစ်တမ်းပြုစုသူ သုတေသီတွေက ပြောပါတယ်။
XS
SM
MD
LG