သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်အလွှဲအပြောင်း သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်နေရဆဲ 


ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုတက်ရောက်လာစဉ်။ (နိုဝင်ဘာ လ ၈ ရက်နေ့ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုတက်ရောက်လာစဉ်။ (နိုဝင်ဘာ လ ၈ ရက်နေ့ ၂၀၁၅)

အစိုးရသစ် အလွှဲအပြောင်းမှာ အခြေခံ ဥပဒေပြင်ဆင်ရေး၊ တိုင်းရင်းသား အရေးတို့နဲ့ ပတ်သက်ပြီး အခက်အခဲ အဟန့်အတား ပြဿနာတွေ ရှိနေဦးမှာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော်ရဲ့ ဒုတိယ ဥက္ကဋ္ဌ က ပြောဆိုပါတယ်။ ဒါပေမယ့် အပြောင်းအလဲအတွက် အရေးကြီးဆုံး ဖြစ်တဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လွှတ်တော်ဘက်က အားစိုက် လုပ်ဆောင်မယ်လို့လည်း ပြောဆိုပါတယ်။ အမျိုးသား လွှတ်တော်ရဲ့ ဒုတိယ ဥက္ကဌလည်းဖြစ် လွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်ရဲ့ ဥပဒေကြမ်း ကော်မတီ အကြီးအကဲအဖြစ်လည်း တာဝန်ယူထားသူ ဦးအေးသာအောင်ကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

လက်ရှိ မြန်မာ အစိုးရက နောက်လ မတ်လ ကုန်ပိုင်းမှာ သက်တမ်းကုန်ဆုံးတော့မယ့် အချိန် ၂၀၁၅ ရွေးကောက်ပွဲမှာ အများစု အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရသစ်က တာဝန်လွှဲပြောင်းလက်ခံရယူရေးမှာ အခြေခံ ဥပဒေပြင်ဆင်ရေး အပါအဝင် တချို့ ကဏ္ဍတွေမှာ အခက်အခဲ တချို့ ရှိနေဆဲ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော်ရဲ့ ဒုတိယ ဥက္ကဌ ဦးအေးသာအောင်က ပြောဆိုပါတယ်။

“အပြောင်းအလဲ ကာလမှာတော့ ချောချောမောမော ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဒီလို ပြောတဲ့ အတွက်ကြောင့် အားလုံး ကောင်းပါသည်၊ အားလုံး ကောင်းလိမ့်မယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ပြည်တွင်းစစ် ရပ်ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့၊ တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ကိစ္စတွေမှာ အခက်အခဲတွေ၊ ပြသနာတွေ၊ အဟန့်အတားတွေ များစွာ ရှိမယ်ဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်။”

နောက်လကုန်ပိုင်းမှာ အစိုးရဟောင်းက ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းရမယ့် NLD ပါတီဘက်က သမ္မတ အမည်စာရင်းတွေ မတင်သွင်းနိုင်သေးဘဲ လာမယ့် မတ်လ တတိယပတ်မှာမှ သမ္မတ ရွေးချယ်ရေး လုပ်ငန်းစဉ်တွေကို လွှတ်တော်က စတင်နိုင်မယ်လို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ထားတာပါ။ တချိန်တည်းမှာဘဲ သမ္မတ ဦးသိန်းစိန်ဟာလည်း အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် အာဆီယံ အမေရိကန် ထိပ်သီးစည်းဝေးပွဲကို မတက်ရောက်နိုင်ဘဲ သူ့ကိုယ်စား ဒုတိယ သမ္မတ ဦးညဏ်ထွန်းကို စေလွှတ်ထားပါတယ်။ ဒီအခင်းအကျင်းတွေကြောင့်လည်း အစိုးရသစ် အလွှဲအပြောင်းအတွက် ပိုပြီး စိတ်ဝင်စားစရာ ဖြစ်စေခဲ့တာပါ။ အမျိုးသား လွှတ်တော်ရဲ့ ဒုတိယ ဥက္ကဌ ဦးအေးသာအောင်ကတော့ အလွှဲအပြောင်း အရေး ဂရုတစိုက် လုပ်ဆောင်နေရတယ်လို့လည်း မှတ်ချက်ပေးပါတယ်။

“အပြောင်းအလဲနဲ့ ပတ်သက်လို့ကတော့ ၁၉၉၀ ရွေးကောက်ပွဲ အပြီးမှာ ဖြစ်ပေါ်ခဲ့တဲ့ အနေအထားတွေ အပေါ်မှာ သင်ခန်းစာ ယူပြီးတော့ ဒီတခေါက် အပြောင်းအလဲ ဖြစ်ဖို့ ကြိုးပမ်းတဲ့ အခါမှာ ညင်ညင်သာသာ ဖြစ်ဖို့ ချောချောမွေ့မွေ့ ဖြစ်ဖို့ အပြင် အနာဂတ် အတွက် အဆင်ပြေဖို့ အတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ကဏ္ဍတွေကိုလည်း တွေ့ရပါတယ်။ ဥပမာ NLD က အပြတ်အသတ် ဆိုပေမယ့် အမျိုးသား ရင်ကြားစေ့ရေးကို အဓိက ဖော်ဆောင်သွားမယ်ဆိုတဲ့ စကားကိုလည်း ပြောပါတယ်။ အဲဒါနဲ့ အတူ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့တယ် ဆွေးနွေးတယ်။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့တယ် ဆွေးနွေးတယ်။ ဒါ့အပြင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ ရလဒ်တွေကလည်း ကောင်းပါတယ်။ ဒါကြောင့် အပြောင်းအလဲ ကဏ္ဍမှာတော့ ချောချောမောမော အဆင်ပြေလိမ့်မယ်လို့ ဒီလို မျှော်လင့်ပါတယ်။”

လွှတ်တော်ပိုင်းကလည်း အဓိကကျတဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အာရုံစိုက် လုပ်ဆောင်သွားမယ်လို့လည်း အမျိုးသား လွှတ်တော်ရဲ့ ဒုတိယ ဥက္ကဌ ဦးအေးသာအောင်က အခုလို ပြောပါတယ်။

“အဓိကကတော့ တိုင်းပြည် အပြောင်းအလဲ ဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်မှ ဖြစ်မယ်။ ပြင်ဖို့ အတွက် လွှတ်တော်က ကြိုးပမ်းရမယ်။ တိုင်းပြည် အနာဂတ် အတွက် တိုင်းပြည် အပြောင်းအလဲ အတွက် ၂၀၀၈ ဖွဲ့စည်းပုံ မပြင်မဖြစ် ပြင်ဖို့က အဓိက ကျတယ်။ ပြီးခဲ့တဲ့ လွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ ကြိုးပမ်းခဲ့တယ်။ ကြိုးပမ်းတဲ့ နေရာမှာ ရာနှုန်းပြည့် မဟုတ်ဘူး။ ရာခိုင်နှုန်း အတိုင်းအတာ တခုထိ ပြင်ဖို့ ကြိုးပမ်းခဲ့တယ်။ မအောင်မြင်ဘူး။ အခု ဒီလွှတ်တော်မှာရော ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ အတွက် အောင်မြင်နိုင်သလား ဆိုတော့ အခက်အခဲတွေ၊ အဟန့်အတားတွေ များစွာ ရှိဦးမယ်။”

လွှတ်တော်အမတ်နေရာ အများစု အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဘက်က လွှတ်တော် အကြီအကဲ နေရာတို့လို အရေးပါတဲ့ ရာထူးတွေမှာ တိုင်းရင်းသားတွေကို ထည့်သွင်း ဖွဲ့စည်းတာဟာ အမျိုးသား ရင်ကြားစေ့ရေး အတွက် ဆောင်ရွက်ချက် အဖြစ် ကြိုဆိုပြီး စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေး အတွက် တိုင်းရင်းသားတွေနဲ့ သဟဇာတ ဖြစ်ဖို့၊ ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်စဲနိုင်ဖို့တွေကိုပါ လုပ်ဆောင်ရမယ်လို့လည်း အမျိုးသား လွှတ်တော်ရဲ့ ဒုတိယ ဥက္ကဌ ဦးအေးသာအောင်က တိုက်တွန်းပြောဆိုပါတယ်။

XS
SM
MD
LG