သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီယာပညာရေးဌာန တိုက်ခိုက်ခံရမှု ၁၈ ဦးသေဆုံး


ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှုးမြို့တော်က အစိုးရရုံးဝင်းကို ဒီကနေ့ ဝင်ရောက်တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တဲ့အကြောင်း al-Shabab စစ်သွေးကြွအဖွဲ့က ပြောဆိုလိုက်ပါတယ်။ အဆင့်မြင့် ပညာရေးဝန်ကြီးဌာနက တိုက်ခိုက်မှုအတွင်း လူ ၁၅ ယောက် သေဆုံးပြီး၊ ၂၀ လောက် ဒဏ်ရာတွေ ရခဲ့ကြတယ်လို့လည်း အရေးပေါ် ကယ်ဆယ်ရေးဌာန အကြီးအကဲက ဗွီအိုအေကို ပြောဆိုခဲ့တာပါ။

ကားဗုံးခွဲရာက ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ပြီးနောက် တိုက်ခိုက်သူတွေ အဆောက်အဦးထဲ ဝင်ရောက်နိုင်ခဲ့ကြပြီး စတင်ပစ်ခတ်ခဲ့ကြတာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ AP သတင်းဌာနကတော့ သေနတ်သမားတွေက ပညာရေး ဝန်ကြီးဌာန ဝန်ထမ်းတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြခဲ့ပေမဲ့ ဆိုမာလီ အစိုးရတာဝန်ရှိသူတွေကတော့ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အာဖရိကယူနီယံတပ်ဖွဲ့တွေက အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တဲ့အကြောင်း ဗွီအိုအေကို ပြောဆိုခဲ့ကြတာပါ။

အစိုးရတပ်တွေက အဆောက်အဦးကို ပြန်လည် သိမ်းပိုက်ခဲ့ပြီး တိုက်ခိုက်မှု အဆုံးသတ်သွားခဲ့ပေမဲ့ သေနတ်သမားတွေ သေသွားသလား၊ ထွက်ပြေး လွတ်မြောက်သွားသလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒီလဆန်းပိုင်းမှာ တုန်းကလည်း al-Shabab စစ်သွေးကြွတွေဟာ ကင်ညာနိုင်ငံ Garissa တက္ကသိုလ်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ရာက လူပေါင်း ၁၄၈ ယောက် သေဆုံးခဲ့တာပါ။ Al-Shabab အဖွဲ့ကတော့ အိမ်နီးချင်း ဆိုမာလီယာနိုင်ငံထဲမှာ အခြေစိုက်ထားတဲ့ စစ်သွေးကြွတွေအပေါ် ကင်ညာနိုင်ငံက စစ်ဆင်နေတဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့လည်း ပြောဆိုခဲ့ပါတယ်။

ဆိုမာလီအစိုးရကတော့ ကင်ညာနိုင်ငံက တိုက်ခိုက်မှုကို အဓိကကြိုးကိုင်စီစဉ်သူအဖြစ် စွပ်စွဲထားသူ အပါအဝင် al-Shabab အဖွဲ့ရဲ့ ခေါင်းဆောင် ၁၁ ယောက်ကို အလိုရှိကြောင်း ကြေညာထားတာပါ။ အဖွဲ့ခေါင်းဆောင် Ahmed Omar Abu Ubyed ကို ဖမ်းဆီးနိုင်ရင် အမေရိကန်ဒေါ်လာ ၂ သိန်းခွဲနဲ့ နောက်ထပ် ထိပ်တန်းခေါင်းဆောင် ၁၀ ယောက်အတွက်ကိုတော့ ဒေါ်လာ တသိန်းကနေ တသိန်းခွဲအထိ ပေးမယ်လို့လည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ဆုငွေထုတ်ထားပါတယ်။

XS
SM
MD
LG