သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမှာ မြန်မာ တချို့ သေဆုံးမှု ဖော်ထုတ် အရေးယူဖို့ မြန်မာ တောင်းဆို


အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်း ထိန်းသိမ်းရေးစခန်းအတွင်း ဖမ်းဆီးခံထားရသူ မြန်မာ ရေလုပ်သားများအား အချုပ်ခန်းအတွင်း တွေ့ရစဉ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်း ထိန်းသိမ်းရေးစခန်းအတွင်း ဖမ်းဆီးခံထားရသူ မြန်မာ ရေလုပ်သားများအား အချုပ်ခန်းအတွင်း တွေ့ရစဉ်။
မကြာသေးခင်တုန်းက မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအခြေခံ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာပါ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာက မြန်မာနိုင်ငံသား ၈ ဦး သေဆုံးသွားပါတယ်။ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းက ခိုက်ရန်ဖြစ်ပွားမှုအတွင်း လူသေဆုံး တဲ့အထိ ဖြစ်ခဲ့ရတဲ့အတွက်လည်း မြန်မာအစိုးရက အဖြစ်မှန် ကို ဖော်ထုတ်ပြီး အရေးယူဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆိုခဲ့တာပါ။ အင်ဒိုနီးရှားနိုင်ငံက သွေး ထွက်သံယို အဖြစ်အပျက်နဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေကု့တော့ ကိုအောင်လွင်ဦးက စုံစမ်းထားသမျှ ပြောပြပေး မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်လတွေအတွင်း လူသေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ အငြင်းအခုန်ဖြစ် ရာက စတင်လိုက်တဲ့ အင်ဒိုနီးရှား ထိန်းသိမ်းရေး စခန်းတခုထဲက ရန်ပွဲ အတွင်း မြန်မာနိုင်ငံသား ၈ ယောက်အထိ သေဆုံး သွားတဲ့အတွက် အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့ မြန်မာအစိုးရက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေကတော့ မြန်မာနိုင်ငံက တရားမဝင် ရောက်လာတဲ့ ငါးဖမ်းသင်္ဘောသားတွေအဖြစ် ဖမ်းဆီးထားသူ ဗုဒ္ဓဘာသာဝင်တွေနဲ့ လှေစီး ထွက်ပြေးလာသူ ရိုဟင်ဂျာ မူဆလင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုမှာ ဓားလို သေစေလောက်တဲ့ လက်နက်တွေကို အသုံးပြုခဲ့တာတွေ တွေ့ရှိရတဲ့ အကြောင်း အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေကို ကိုးကား ပြောဆိုခဲ့ကြတာပါ။

ဒီအတွက်လည်း အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမြောက်ပိုင်း မီဒန်ဒေသက လူဝင်မှုကြီးကြပ်ရေး ထိန်းသိန်းရေး စခန်းက လုံခြုံရေး အာဏာပိုင်တွေ ရဲ့စောင့်ကြပ်မှုအခြေအနေ အပါအဝင် အဖြစ်အပျက်နဲ့ ပတ်သက်သမျှ စုံစမ်းဖော်ထုတ် အရေးယူဖို့နဲ့ မြန်မာနိုင်ငံ သားတွေ ဘေးကင်းလုံခြုံရေး တာဝန်ယူပေးဖို့ စတာတွေအတွက် အင်ဒိုနီးရှား အစိုးရကို တိုက်တွန်းဖို့ ဂျကာတာ မြို့တော်မှာရှိတဲ့ မြန်မာသံရုံးက ဆက်သွယ် ဆောင်ရွက်နေတဲ့ အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ပြောပါတယ်။

“စစ်စစ်မှန်မှန်ပေါ့နော် အဲဒါကို ဖော်ထုတ်ဖို့။ ပြီးရင် အဲဒီမှာ ပြစ်မှုရှိတယ် ဆိုရင်လည်း အင်ဒိုနီးရှားနိုင်ငံမှာ ဥပဒေရှိတယ်။ ဥပဒေနဲ့ အညီပေါ့နော်၊ အရေးယူတာတွေ လုပ်ပေးဖို့။ နောက်တချက်က ကျနော်တို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ လုံခြုံရေးအရ ကြည့်ရှုဆောင်ရွက်ပေးဖို့ အလေးထားပေးပါ။ အဲဒါတွေပါပဲ။”

ဗုဒ္ဓဘာသာဝင် ၁၁ ယောက်နဲ့ မူဆလင် ၁၀၀ ကျော်နေတဲ့ အဆောင်မှာ နောက် ထပ် အများအပြားလည်း ဒဏ်ရာတွေ ရခဲ့တဲ့အထိ ဖြစ်ပွား ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရန်ပွဲမှာ ပါဝင်သူတွေ သာမက စခန်းမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေ လုံခြုံရေး တာဝန်ယူထားသူတွေကိုပါ စစ်ဆေးမေးမြန်းနေတယ် လို့လည်း ဒေသခံရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ Endro Kiswanto ကပြောပါတယ်။

“ကျနော်တို့ စစ်ဆေးမေးမြန်းနေတုန်းပါ။ ရုန်းရင်းဆန်ခတ်ဖြစ်တာဟာ ကြိုတင် စီစဉ်တိုက်ခိုက်မှုလား၊ သာမာန်ဖြစ်ရိုးဖြစ်စဉ်လား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။”

လူအများအပြား ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်အတွက် အင်ဒိုနီးရှားရဲ့ လူဝင်မှုကြီးကြပ်ရေး အကျဉ်းစခန်းတွေက အားနည်းချက်တွေကိုလည်း အပြစ်ဖို့သူတွေ ရှိကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဥပဒေနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဒုတိယဝန်ကြီး ကတော့ ထိန်းသိမ်းရေးစခန်းက အဖြစ်အပျက်အတွက် တောင်းပန်စကားပြောခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး စခန်းတွေက လုံခြုံရေးဝန်ထမ်းတွေ မပြည့်စုံတဲ့ အခြေအနေကိုလည်း အသိအမှတ်ပြု ပြောဆိုခဲ့တာပါ။ မီဒန် ထိန်းသိမ်းရေး စခန်းက လူဝန်မှုကြီးကြပ်ရေး အရာရှိတဦးဖြစ်တဲ့ Rida Agustian ကတော့ သောကြာနေ့ အစောပိုင်းက ခိုက်ရန်ဖြစ်ပွားခဲ့တာကို သိတဲ့အချိန်မှာ ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။

“မနက် ၁ နာရီ ခွဲလောက်မှာ အချူပ်ခန်းတွေထဲက ဆူဆူညံညံ အသံတွေကြားပါတယ်။ လုံခြုံရေးတွေကတော့ ထိန်းသိမ်းထားတဲ့ သူတချို့ ထွက်ပြေးဖို့ ကြိုးစားတယ်ထင်ပြီး အပြင်ကို သွားကြည့်ကြပါတယ်။ အပြင်မှာ ဘယ်သူမှ မတွေ့တော့မှ အထဲပြန်ဝင် လာကြတာပါ။ ကျနော်တို့ အချုပ်ခန်းတွေထဲ ဝင်ဖို့ ကြိုးစားတဲ့ အချိန်မှာတော့ အထဲကနေ ဂိတ်ပေါက်ကို ဝိုင်းပိတ်ထားကြပါတယ်။”

အခင်းဖြစ်ပွားတဲ့ နေရာမှာတော့ အခုအခါ လုံခြုံရေးတွေကို တိုးမြှင့်ချထားလိုက်ပြီး နောက်ဆုံး မှုခင်းစစ်ဆေးရေး အဖွဲ့တွေကလည်း စုံစမ်းမှုတွေကို စတင်နေကြပါပြီ။ ရန်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေကိုတော့ မြို့နယ်ဆေးရုံဖြစ်တဲ့ ဘာလာဝမ်ကို ပို့ဆောင်ကုသပေးနေတယ်လို့လည်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG