သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

George Soros ၈၈ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ


မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Open Society Institute အဖွဲ့ တည်ထောင်သူ ဂျော့ရှ် ဆိုးရော့စ် (George Soros) ဟာ မကြာသေးခင် သီတင်းပတ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် ဆူပူမှုမျိုး တွေ နောက်ထပ် မဖြစ်ပေါ်ရအောင် နည်းလမ်းရှာဖွေတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ နဲ့ ပြုလုပ်နေတာမှာ ဒီကနေ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို မတ်လ ၂၇ ရက်နေ့ကတည်းက ရောက်နေတဲ့ Open Society Institute အဖွဲ့ စတင်တည်ထောင်သူ သန်းကြွယ်သူဌေးကြီး ဂျော့ရှ် ဆိုးရော့စ် (George Soros) ဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်က ရုံးခန်းမှာ သွားရောက် တွေ့ဆုံခဲ့တာပါ။

ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေးနဲ့ ပညာရေးကဏ္ဍတွေအတွက် ငွေကြေးဆိုင် ရာ ထောက်ပံ့မှုတွေ ပေးနေတဲ့ OSI – Open Society Institute အနေနဲ့ မြန်မာနိုင်ငံမှာ အခုနောက်ဆုံး ဖြစ်သွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ထပ်မံ မဖြစ်ပွားစေဖို့နဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးတို့ကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီးတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေန ဲ့ပတ်သက်လို့တော့ ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင် တဦးဖြစ်သူ ကိုအံ့ဘွယ်ကျော်က အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ မကြာသေးခင်က ဖြစ်တဲ့ ပြဿနာတွေပေါ့ဗျာ။ ပဋိပက္ခတွေ ပတ်သက်ပြီးတော့ သူက နောက်နောင် အဲ့ဒါမျိုး မဖြစ်စေချင်တဲ့သဘောနဲ့ ကျနော်တို့ CSO အနေနဲ့ နောက်နောက် ဘယ်လို တားနိုင်မလဲ။ ပြီးခဲ့တဲ့ ကိစ္စတွေအတွက်ရော ဘယ်လို ထိန်းသိမ်းပြီး ဆောင်ရွက်သလဲ ဆိုတဲ့ကိစ္စတွေကို ကျနော်တို့နဲ့ အပြန်အလှန် ဆွေးနွေးဖြစ်ကြတာပါ။ အခု အကြမ်းဖျဉ်းအနေနဲ့ကတော့ပေါ့နော် ဒီကိစ္စတွေ ဖြစ်မလာအောင် CSO တွေ အချင်းချင်း ဒီအရပ်ဘက် လူ့အဖွဲ့အစည်း အချင်းချင်းကြားမှာ ဘယ်လို ထိန်းသိမ်းကြမလဲဆိုတဲ့ အဲ့ဒီကိစ္စလေးတွေကိုပဲ ယေဘုယျ ကျနော်တို့ တိုင်ပင်ဆွေးနွေးဖြစ်ကြတာပါ။ ဘာသာရေး ပဋိပက္ခဖြစ်တဲ့ကိစ္စကိုလည်း သူ စိတ်ဝင်စားတယ်ပေါ့။ အဲ့ဒီ စိတ်ဝင်စားတဲ့အပေါ်မှာ သူ ဘာတွေ ဘယ်လိုတွေ လုပ်ပေးနိုင်မလဲ။ ဒီက အရပ်ဘက် အဖွဲ့အစည်းတွေက ဘာတွေ လုပ်ပေးနိုင်မလဲ။ ဘာတွေ လုပ်ပေးခဲ့သလဲ။ အဲ့ဒီကိစ္စလေးတွေ မေးကြ ဆွေးနွေးကြတာပါ။”

မစ္စတာ ဆိုးရော့စ် ဟာ မြန်မာနိုင်ငံအတွင်း လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွေဘက်ပါ စိတ်ဝင်စားမှု ပြသလာတယ်လို့လည်း ကိုအံ့ဘွယ်ကျော်က ပြောပါတယ်။

“သူက မြန်မာနိုင်ငံ Peace Process မှာလည်း သူက ကူညီပေးချင်တဲ့ သဘောမျိုးရှိ ပါတယ်။ အဲ့တော့ ဒီ Peace Process မှာလည်း ကူညီချင်တယ်။ Conflict တွေဖြစ်တဲ့ ပဋိပက္ခတွေမှာလည်း သူကနေ ဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲဆိုတဲ့ကိစ္စကို ကျနော်တို့နဲ့ လာပြီး ဆွေးနွေးတာပါ။”

မစ္စတာ ဆိုးရော့စ် တည်ထောင်ထားတဲ့ Open Society Institute ဟာ ကမ္ဘာတလွှား ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ တိုင်းပြည်တွေမှာ ပွင့်လင်း လူ့အဖွဲ့အစည်း ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီနဲ့ ဥပဒေ စိုးမိုးရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိရေးနဲ့ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ရန်ပုံငွေ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို ထောက်ခံ အားပေးတဲ့အနေနဲ့ အစောပိုင်းမှာ ပြည်ပ
ရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ၊ ကျောင်းသားတွေ ပညာဆက်သင်နိုင်
အောင် Burma Project ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပညာသင် စရိတ်တွေ ထောက်ပံ့ပေး ခဲ့တာပါ။

အခု မြန်မာနိုင်ငံအတွင်း ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကြောင့် မြန်မာနိုင်ငံအတွက် သီးသန့် ဌာနေကိုယ်စားလှယ် ခန့်အပ်ပြီး ရုံးခန်းဖွင့် ဆောင်ရွက်ဖို့ စီစဉ်နေတာပါ။

ဒါဟာ မစ္စတာ ဆိုးရော့စ်အနေနဲ့ မြန်မာနိုင်ငံကို ၃ ကြိမ်မြောက် လာရောက် လည်ပတ်
ခြင်းလည်းဖြစ်ပြီး အခု ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ NLD ပါတီ ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့ဆုံပြီး ဖြစ်တယ်လို့ သိရပါတယ်။
XS
SM
MD
LG