သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းမာမှုလျှော့ဖို့ မြောက် ကိုရီးယား ကမ်းလှမ်းမှု တောင်ပိုင်းပယ်ချ


မြောက်ကိုရီးယား လူငယ်ခေါင်းဆောင် Kim Jong Un.
မြောက်ကိုရီးယား လူငယ်ခေါင်းဆောင် Kim Jong Un.
ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေလျှော့ချဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောခဲ့တာဟာ အနှစ်သာရမပါဘူးလို့ တောင်ကိုရီးယားက တုံ့ပြန် လိုက်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ပြောဆိုချက်ထဲမှာ ခိုင်ခိုင်မာမာ ကမ်းလှမ်းမှုမျိုး မပါဘဲ အပေါ်ယံသဘောသာ ဖြစ်နေတယ် လို့ တောင်ကိုရီး ယားရဲ့ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး Yu Woo-Ik က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်တာပါ။

မြောက်ကိုရီးယားက ဘယ်လိုသဘောနဲ့ ဒီလို ပြောခဲ့သလဲဆိုတဲ့ အပေါ် တောင်ကိုရီးယား အနေနဲ့ မေးခွန်း ထုတ်ဖို့လိုတယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီး ယား ခေါင်းဆောင်ကတော့ ထိပ်တိုက် ရင်ဆိုင်မှုတွေ အဆုံးသတ်ပြီး တောင်နဲ့မြောက် ကိုရီး ယား ပြန်လည်ပေါင်းစည်းကြဖို့ အင်္ဂါနေ့ကပဲ ထပ်မံ တိုက်တွန်းခဲ့တာပါ။

အကဲခတ်သူတချို့ကတော့ မြောက်ကိုရီးယားဘက်က ပြန်လည်သင့်မြတ်ရေး ပြောဆိုချက်ဟာ လုပ်ရိုးလုပ်စဉ် မဟုတ်တဲ့အတွက် ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာနိုင်တဲ့ အရိပ်လက္ခဏာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

မြောက်ကိုရီးယားအနေနဲ့ စိုက်ပျိုးမွေးမြူရေး၊ စက်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အစိုးရ က ထိန်းချုပ် ထားတာတွေ လျှော့ပေါ့ကောင်း လျှော့ပေါ့နိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ လည်း သုံးသပ်နေကြတာပါ။ မြောက်ကိုရီးယား ခေါင်းဆောင်ကတော့ စစ်လက်နက်နဲ့ အသုံးအဆောင် ပစ္စည်းတွေ လျှော့ချဖို့ ပြောဆိုထားတာ ဖြစ်သလို စစ်တပ်ကိုလည်း ထပ်တလဲလဲ ချီးမွမ်း ထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG