သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ခေါင်းဆောင်တွေ တောင်ကိုရီးယားရောက်


88 မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး။
88 မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး။
တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံဟာ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ရုန်းထွက်လာရတဲ့ နိုင်ငံတွေဖြစ်ပေမဲ့ တောင်ကိုရီးယားနိုင်ငံ ကတော့ မြန်မာထက် အချိန်စောပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နိုင်ခဲ့လို့ အခုအချိန်မှာ တိုးတက်ပြောင်းလဲမှုတွေ အများကြီးဖြစ်နေပြီး၊ မြန်မာနိုင်ငံမှာတော့ စိန်ခေါ်မှုတွေ ရှိနေဆဲပဲလို့ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံကို ရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးက ခရီးရောက်မဆိုက်မှာပဲ ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုကိုကြီးနဲ့ ကိုမင်းကိုနိုင် ဟာ တောင်ကိုရီးယားခရီးစဉ်အပြင် အမေရိကန်ပြည်ထောင်စုကိုပါ ခရီးဆက်ကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးစနစ်အောက် ကျရောက်ခဲ့ရဖူးတဲ့ အတွေ့အကြုံ ရှိတဲ့ တောင်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံကြား အသွင်ကူးပြောင်းရေး ကွာဟမှု အခြေအနေတွေကို ရှင်းပြခဲ့သလို၊ စစ်အာဏာရှင်လက်က လွတ်မြောက် လာပြီဖြစ်တဲ့ လက်ရှိ တောင်ကိုရီးယားနိုင်ငံရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ အားပေး ကူညီပံ့ပိုးနေတဲ့ ဆောင်ရွက်ချက်တွေကိုလည်း ကြိုဆိုပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဆိုပါတယ်။

“ဒီဟာကတော့ ၁၉၆၂ ခုနှစ် အာဏာမသိမ်းခင်အချိန်တွေတုန်းက ကျနော်တို့နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံဆိုတာ ဘာမှသိပ်မကွာဘူး။ ပြောကြလို့ရှိရင် ကျနော်တို့နိုင်ငံ ကတောင်မှ အလားအလာတွေ အင်မတန်ကောင်းတဲ့နိုင်ငံ အဖြစ်နဲ့ အာရှမှာကျော်ကြား ခဲ့တာကိုး။ အဲဒီကနေပြီးတော့ အာဏာသိမ်းမှု၊ စစ်အာဏာရှင်စနစ်ကို ဖြတ်ခဲ့ရတယ်။ ဒါပေမဲ့ တောင်ကိုရီးယား ကံကောင်း သွားတာက ကျနော်တို့ထက်စောပြီးတော့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်နိုင်ခဲ့တယ်။ ပြီးတော့ နိုင်ငံရေး၊ စီးပွားရေး ပုံစံတွေပြောင်းလာတာဟာ ဒီနေ့ တောင်ကိုရီးယား ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံပဲလို့ ကျနော်တို့မြင်တယ်။
“အဲဒီတော့ ကျနော်တို့ တောင်ကိုရီးယားမှာ ကျနော်တို့နိုင်ငံ အပြောင်းအလဲ အတွက် လေ့လာစရာတွေ အများကြီးရှိမယ်လို့လည်း မျှော်လင့်တယ်လေ။ သူတို့လည်း ဒီလိုအလားတူ အာဏာရှင်စနစ်အောက်ကနေ ဖြတ်သန်းမှု အတွေ့အကြုံရှိခဲ့တဲ့ နိုင်ငံတွေနဲ့ ကျနော်တို့အပေါ်မှာ နားလည်မှု စာနာမှုရှိလိမ့်မယ်လို့ ကျနော်တို့လည်း မျှော်လင့်တယ်။ တခုရှိတာကတော့ ကျနော်တို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ရှိရင်တော့ နိုင်ငံတိုင်းက ကိုယ့်အကျိုးစီးပွားကို ကိုယ်ယူပြီးတော့ ဆက်ဆံကြတာတွေ ရှိပေမဲ့လို့ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ဖော်ဆောင်မှုတွေကို အထောက်အကူဖြစ်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးဆက်ဆံမှုတွေ ဖြစ်ဖို့၊ ကျနော်တို့ကတော့ အဓိက ဒါကို တိုက်တွန်းချင်တာပေါ့။”

စစ်အာဏာရှင်စနစ်ကနေ အရပ်သားအုပ်ချုပ်ရေးစနစ်ကို အသွင်ကူးပြောင်းနေဆဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေ ရှိနေတုန်းပဲလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက တောင်ကိုရီးယားနိုင်ငံကို ဆိုက်ရောက်ရောက်ချင်းမှာပဲ လက်ရှိ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းနေဆဲ နိုင်ငံရေး အခြေအနေပေါ်မှာ သုံးသပ်ပြောဆိုလိုက်ပါတယ်။

“လက်ရှိ နိုင်ငံတော်အဆင့်မြင့် တာဝန်ယူနေတဲ့သူ တော်တော်များများ က မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်ဆိုတာကိုတော့ သူတို့လည်း ထပ်ခါတလဲလဲ ပြောတယ်။ သူတို့ဒါကိုလည်း အလေးအနက် ယုံကြည်တယ်လို့တော့ ကျနော်လည်း မြင်တယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုကို စနစ်တကျ ဘယ်လိုပြောင်းလဲမလဲ ဆိုတာနဲ့ပတ်သက်ရင်တော့ အခုချိန်ထိ ကျနော်တို့တွေ့ကြုံနေရတာက ဒီ ရှိနေတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး အဆောက်အအုံက အရင်ခေတ်က အဆောက်အအုံ လက်ကျန်။ ဆိုတော့ ပြောင်းလဲလာမယ့် အပြောင်းအလဲအသစ်နဲ့ ပတ်သက်ပြီးတော့ အဆင်သင့်မဖြစ်သေးတဲ့ အခြေအနေ။ နောက် အထူးသဖြင့်က အဆင့်ဆင့်တာဝန်ရှိတဲ့ သူတွေက ကိုယ်တိုင် လွတ်လွတ်လပ်လပ် မဆုံးဖြတ်ရဲတဲ့ပြဿနာ။ အဲဒီတော့ တခုခုဆိုရင် အမြဲတမ်း အရင်ခေတ်အတိုင်းပဲ အထက်အမိန့်ကိုစောင့်ပြီးမှ လုပ်တတ်တဲ့ဟာ။ အဲဒါက ပြုပြင်ပြောင်းလဲရေး အတွက် အဓိက အဟန့်အတားတွေ ဖြစ်နေတာပေါ့။”

တောင်ကိုရီးယားရောက် ၈၈ မျိုးဆက်ကျောင်းသားတွေ ဟာ တောင်ကိုရီးယားရောက် မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံပြီး လက်ရှိမြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး အခြေအနေတွေ နဲ့ ရှေ့ဆက်ရင်ဆိုင်ရမယ့် စိန်ခေါ်မှု အခက်အခဲတွေကို ဆွေးနွေး ဖလှယ်ကြမှာဖြစ်တယ်လို့ ကိုကိုကြီးကပြောပါတယ်။

“အဓိက ကတော့ မင်းကိုနိုင် ဂွမ်ဂျူး လူ့အခွင့်အရေးဆု ယူတဲ့ကိစ္စပေါ့နော်။ ဒီရောက်တဲ့အခိုက်မှာ မြန်မာမိသားစုတွေနဲ့ တွေ့မယ်။ ကျနော်တို့ နိုင်ငံရဲ့ အပြောင်းအလဲနဲ့ ပတ်သက်လို့ ကျနော်တို့အမြင်၊ နောက် တောင်ကိုရီးယား မှာရောက်နေတဲ့ မြန်မာမိသားစုတွေရဲ့ အမြင်ပေါ့နော်။ သူတို့ကလည်း ပြည်တွင်း အခြေအနေတွေကို သူတို့တတ်နိုင်သလောက် လေ့လာချင်တယ်။ အဲဒီတော့ ကျနော်တို့ကလည်း ကျနော်တို့ကိုယ်တိုင် ကြုံခဲ့ရတဲ့ အပြောင်းအလဲ အခြေအနေတွေ၊ စိန်ခေါ်မှုတွေ အဲဒါတွေကို ကျနော်တို့ဒီမှာ ပြန်ရှင်းပြမယ်။ သူတို့ကလည်း သူတို့အနေနဲ့ ကျနော်တို့နိုင်ငံ အပြောင်းအလဲမှာ ဘယ်လိုအခန်းကဏ္ဍကနေ ဝိုင်းဝန်းလုပ်ဆောင်နိုင် မလဲ ပေါ့နော်။ သူတို့ကလည်း အဲဒါတွေကိုပြောပါတယ်။”

ပြီးခဲ့တဲ့ မေလ၊ ၁၆ ရက် ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ The May 18 Memorial Foundation အဖွဲ့က ကိုမင်းကိုနိုင်ကို ၂၀၀၉ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ “ဂွမ်ဂျူးလူ့အခွင့်အရေး ဆု" ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ကိုယ်တိုင်တက်ရောက် လက်ခံရယူခဲ့ပါတယ်။
မေလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတော့ Gwangju Metropolitan City မှာကျင်းပတဲ့ အာရှ၊ ဥရောပဒေသ ညှင်းပမ်းနှိပ်စက်ခံရသူများအား ကုစားရေးဆိုင်ရာ ဆွေးနွေးပွဲကို ၈၈ မျိုးဆက်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ တွင်း ဖြစ်ပေါ်နေသော လက်ရှိအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဂွမ်ဂျူးလူ့အခွင့်အရေးဆုပေးတဲ့ အဖွဲ့ဖြစ်တဲ့ May 18 Memorial Foundation အဖွဲ့ရဲ့စီစဉ်မှုနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ဆုရှင် ကိုမင်းကိုနိုင်ကို အင်ဒိုနီးရှား၊ အိန္ဒိယ၊ အာဂျင်တီးနားနိုင်ငံတွေက ဂွမ်ဂျူးလူ့အခွင့်အရေး ဆုရှင်တွေက တွေ့ဆုံခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က ပြောပါတယ်။

တောင်ကိုရီးယားခရီးစဉ်ပြီးရင်တော့ မေလ ၁၉ ရက် တနင်္ဂနွေနေ့မှာ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးဟာ အမေရိကန်ပြည်ထောင်စုကို ခရီးဆက်ကြမှာဖြစ်ပြီး အမေရိကန်အစိုးရပိုင်း တာဝန်ရှိသူတွေအပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ ရင်ဆိုင်နေရဆဲ အခြေအနေတွေ၊ စိန်ခေါ်မှုတွေကို လည်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့ ဆွေးနွေးဖလှယ်ကြမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆိုပါတယ်။
XS
SM
MD
LG