သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသားတွေအတွက် မြောက်ကိုရီးယား သတိပေးချက် တောင်ပိုင်းဂရုမစိုက်


ဆိုးလ်မြို့တော်မှာ ကမ္ဘာ့လှည့်ခရီးသွားတွေကို အနီရောင်အင်္ကျီတွေနဲ့ မြင်တွေ့ရစဉ် (၉ ဧပြီလ ၂၀၁၃)
ဆိုးလ်မြို့တော်မှာ ကမ္ဘာ့လှည့်ခရီးသွားတွေကို အနီရောင်အင်္ကျီတွေနဲ့ မြင်တွေ့ရစဉ် (၉ ဧပြီလ ၂၀၁၃)
စစ်ရေးပဋိပက္ခ ဖြစ်နိုင်ချေကြောင့် တောင် ကိုရီးယား ကနေ နိုင်ငံခြားသားတွေ ထွက်ခွာသွားဖို့ မြောက်ကိုရီးယားက တိုက်တွန်းနေပါတယ်။ ဒါပေမဲ့လည်း အခုလို မြောက်ကိုရီးယား ခြိမ်းခြောက်မှုကြောင့် တောင်ကိုရီးယားဘက်မှာ ကြီးကြီးကျယ်ကျယ် လှုပ်လှုပ်ရှားရှားတော့ မရှိခဲ့ပါဘူး။

နျူကလီးယားစစ် ဖြစ်နိုင်ချေ အန္တရာယ်ကြောင့် လုံခြုံရေးအတွက် ခရီးသွား ဧည့်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆိုးလ်မြို့ ကနေ ရှောင်ခွာကြဖို့ မြောက်ကိုရီးယား ရုပ်မြင်သံကြား ကနေ အင်္ဂါနေ့တုန်းက ကြေညာသွားတာပါ။

ဒါပေမဲ့လည်း တောင်ကိုရီးယားဘက်က စီးပွားရေးလုပ်ငန်းတွေကတော့ ပုံမှန်အတိုင်း လည်ပတ်ခဲ့သလို၊ ဆိုးလ်မြို့တော်မှာလည်း ပုံမှန်အခြေအနေတွေပဲ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း မြောက်ကိုရီးယားမှာရှိတဲ့ နိုင်ငံခြားသံရုံးက သံတမန်တွေကို အခု ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး ထွက်ခွာကြဖို့ မြောက်ကိုရီးယားဘက်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက သတိပေးချက် ထုတ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဘယ်သံရုံးကမှ ပြုံယမ်းကနေ သူတို့ သံဝန်ထမ်းတွေကို အရေးပေါ် ထွက်ခွာစေတာမျိုး မကြားရသေးပါဘူး။ အခုလို မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေဟာ မြောက်ကိုရီးယားကို ပိုပြီး အထီးကျန်ဖြစ်စေလိမ့်မယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) က တုံ့ပြန်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ကိုရီးယားကျွန်းဆွယ် တင်းမာမှုဟာ အတော့်ကို အန္တရာယ် ကြီးမားလာတဲ့ အခြေအနေကို ရောက်နေပြီလို့ သူ့ရဲ့ စိုးရိမ်ချက်ကို ထုတ်ပြောပါတယ်။

ပစိဖိတ်ဒေသက အမေရိကန် တပ်ဖွဲ့တွေကို ကြီးကြပ်ရတဲ့ ရေတပ်ဗိုလ်ချုပ်ကြီး စမ်မျူရယ် လော့ခ်လား (Samuel Locklear) ကတော့ မြောက်ကိုရီးယားဘက်က စစ်ရေး ရန်စမှု လုပ်လာရင်တော့ ပြန်လည် တုံ့ပြန်ဖို့အတွက် အမေရိကန်တပ်တွေနဲ့ တောင်ကိုရီးယားတပ်တွေ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားဟာ မကြာခင်ရက်ပိုင်းအတွင်း ဒုံးကျည်စမ်းသပ်မှု လုပ်လာမယ့်ပုံ ရှိတယ်လို့ အစိုးရတာဝန်ရှိတွေ ပြောတာကို ကိုးကားပြီး တောင်ကိုရီးယား သတင်းတွေမှာတော့ ဖော်ပြနေပါတယ်။
XS
SM
MD
LG