သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသံချဲ့စက်နဲ့ ဝါဒဖြန့်မှု တောင်ကိုရီးယားရပ်ဆိုင်း


ကိုရီးယားကျွန်းဆွယ်မှာ အခုနောက်ဆုံး ကြုံတွေ့နေရတဲ့ တင်းမာမှုတွေကို လျှော့ချနိုင်ရေး သဘောတူညီချက် တစိတ်တပိုင်းအရ မြောက်ကိုရီးယားဘက်ကို တောင်ကိုရီးယားက ဝါဒဖြန့်အသံလွှင့်ချက်တွေ ဒီကနေ့ပဲ ရပ်ဆိုင်းလိုက်ပါတယ်။

အပြန်အလှန်အနေနဲ့ မြောက်ကိုရီးယားကလည်း မကြာသေးခင်တုန်းက တောင်ကိုရီးယား စစ်သား ၂ ယောက် ကိုယ်လက်အင်္ဂါချို့တဲ့ခဲ့ရတဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စိတ်မကောင်း ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

စစ်ပြေငြိမ်းရေးစာချုပ်နဲ့ ကိုရီးယားစစ်ပွဲ အဆုံးသတ်ခဲ့တာ ၆၂ နှစ် အကြာမှာ၊ ၂ ဘက်အကြား ဆက်ဆံရေးတွေ တိုးတက်အောင်လုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာဖြစ်ဖြစ် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမှာဖြစ်ဖြစ် မကြာခင် ဆွေးနွေးမှုတွေ စတင်ဖို့ သဘောတူညီမှု ရရှိထားတယ်လို့လည်း တောင်ကိုရီးယား သမ္မတရဲ့ လုံခြုံရေးအကြံပေးပုဂ္ဂိုလ် Kim Kwan-jin ကပြောပါတယ်။

စစ်အေးခေတ်ကာလမှာ ၂ ဘက်အကြား ကွဲကွာသွားကြတဲ့ မိသားစုတွေ ပြန်လည်တွေ့ဆုံမှုတွေကိုလည်း စက်တင်ဘာလမှာ စတင်မှာဖြစ်တဲ့အကြောင်း ၂ ဘက်တာဝန်ရှိသူတွေက ပြောဆိုထားကြတာပါ။ တောင်ကိုရီးယားရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုကတော့ သဘောတူညီချက်ကို ကြိုဆိုလိုက်သလို၊ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ လျော့ပါးဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

သဘောတူညီချက် မရခင်မှာပဲ တောင်ကိုရီးယားသမ္မတ Park Geun-hye ကတော့ နယ်စပ်ဒေသက ဝါဒဖြန့်အသံလွှင့်ချက်တွေကို မရပ်ဆိုင်းခင် စစ်သား ၂ ယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အတွက် မြောက်ကိုရီးယား အနေနဲ့ တောင်းပန်ဖို့နဲ့ တောင်းဆိုခဲ့တာပါ။ မြောက်ကိုရီးယားကတော့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုအတွက် တာဝန်မရှိဘူးဆိုပြီး အစောပိုင်းမှာ ငြင်းဆန်ထားပါတယ်။

XS
SM
MD
LG