သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးအလားအလာ


တောင်ကိုရီးယားသမ္မသစ်ဖြစ်လာမယ့် Park Geun-Hye
တောင်ကိုရီးယားသမ္မသစ်ဖြစ်လာမယ့် Park Geun-Hye
တောင်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ အထီးကျန်ဖြစ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံ နဲ့ ဆက်ဆံရေးအပေါ်မှာ မသေချာမရေရာမှုတွေနဲ့ အခွင့်အရေးရော နှစ်မျိုးလုံးရောထွေးနေပါတယ်။ တောင်ကိုရီးယားရဲ့ သမ္မတသစ်ဟာ မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ ရပ်တည်ချက်သဘောထားကို ရိုးတိုးရိပ်တိတ် ဖွင့်ပြောခဲ့ပြီးဖြစ်တဲ့အကြောင်းကိုတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကနေ ဗွီအိုအေသတင်းထောက် Steve Herman က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

သမ္မတအဖြစ်နဲ့ ရွေးချယ်ခံရပြီး ပထမဆုံးနေ့မှာပဲ၊ Saenuri ပါတီက Park Geun-hye ဟာ တောင်ကိုရီးယားအမျိုးသားဂူဗိဗ္မာန်ကို သွားရောက်ပြီးတော့၊ သူမရဲ့ ဖခင်အပါအဝင် ကွယ်လွန်သွားခဲ့တဲ့ သမ္မတ ၃ ဦးကို သွားရောက် ဂါရဝပြုခဲ့ပါတယ်။ အဲဒီ့နောက် သူမရဲ့ မိဘ ၂ ပါးရဲ့ အုတ်ဂူမှာ အမွှေးတိုင်ထွန်းညှိခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်က စစ်အာဏာသိမ်းမှုနဲ့ စတင်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတဟောင်း Park Chung-hee ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အာဏာကို နှစ်အတော်ကြာ ထိန်းချုပ်ခဲ့တာပါ။ အဲဒီနောက် ၁၉၇၉ ခုနှစ်မှာ သူရဲ့ ထောက်လှမ်းရေးအကြီးအကဲရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပြီး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

Park Geun-hye မိခင်ဟာလည်း ၁၉၇၄ ခုနှစ်မှာ မြောက်ကိုရီးယားဘက်က သူလျှိုသေနတ်သမားတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ဒါကြောင့် သမ္မတအဖြစ် ပထမဆုံးအရွေးခံရတဲ့နေ့မှာကိုပဲ မြောက်ကိုရီးယားနိုင်ငံဟာ မစ္စပါခ့်စိတ်ထဲမှာ အတော်လေးကို လွှမ်းမိုးနေခဲ့တာဖြစ်ပါတယ်။ သူမအစိုးရလက်ထက်မှာ နိုင်ငံတော်လုံခြုံရေးကိစ္စက ထိပ်ဆုံးက ဦးစားပေးကိစ္စရပ်ဖြစ်တယ်လို့ သူမကကြေငြာလိုက်ပါတယ်။

“မြောက်ကိုရီးယားဘက်က တာဝေးပစ်ဒုံးကျည်ပစ်လွှတ်တာက တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးအခြေအနေဟာ ဘယ်လောက်အထိ စိုးရိမ်စရာကောင်းတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို တွေ့နိုင်တယ်”လို့ သူမက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံဘက်က အဆင့်ဆင့်ပစ်လွှတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်ကို အာကာသထဲကို ပစ်လွှတ်ခဲ့ပါတယ်။ ကြာသာပတေးနေ့က ရုပ်မြင်သံကြားကနေ ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာတော့ ၊ မစ္စပါခ့်က လုံခြုံရေးအင်အားကောင်းတာ နဲ့ ယုံကြည်မှုကို အခြေခံတဲ့ သံတမန်ဆက်ဆံရေးတွေအပေါ်မှာ အခြေခံပြီး ၊ ကိုရီးယားကျွန်းဆွယ်မှာ ခေတ်သစ်တခုကို စတင်ဖွင့်လှစ်သွားမယ်လို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွေမှာတော့ ၊ သူမဟာ ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်တစ်ယူနိုက်တက်ပါတီက မွန်ဂျေအင်းနဲ့ သဘောထားတွေ မတူခဲ့ကြပါဘူး။ မွန်ဂျေအင်းက သူ့အနေနဲ့ တကယ်လို့သာ သမ္မတအဖြစ်နဲ့ အရွေးခံရမယ် ဆိုရင် မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကင်ဂျုံအမ်းနဲ့ ကြိုတင်သတ်မှတ်ချက်တွေ မထားပဲ ဆွေးနွေးမှုတွေလုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ မစ္စပါခ့်ကတော့ - မြောက်ကိုရီးယားဘက်က မကြာသေးခင်က စစ်ရေးအရ ရန်စတိုက်ခိုက်ခဲ့တာတွေအပေါ်မှာ အရင်ဆုံးတောင်းပန်မှ ၊ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုလုပ်မယ်လို့ ပြောပါတယ်။

၂၀၁၀ ခုနှစ်က လူ ၄၆ ယောက်သေဆုံးသွားတဲ့ တောင်ကိုရီးယားရေတပ်သင်္ဘောကို တော်ပီဒိုနဲ့ တိုက်ခိုက်ခံရမှုဟာ မြောက်ကိုရီးယားရဲ့ လက်ချက်ဖြစ်တယ် လို့ တောင်ကိုရီးယားက ပြစ်တင်လိုက်ပါတယ်။ အဲဒီနှစ်ကုန်ပိုင်း မှာလည်း တောင်ကိုရီးယား စစ်အခြေစိုက်စခန်းရှိတဲ့ ယောင်ဖြွန်းကျွန်းကို မြောက်ကိုရီးယားဘက်က ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက်အပါအဝင် ၄ ယောက်သေဆုံးခဲ့ပါတယ်။

ကိုရီးယား ၂ နိုင်ငံကြားမှာ ဆက်ဆံရေးပြန်ပြီးတော့ နွေးထွေးလာအောင် ရည်ရွယ်ပြီးဖော်ဆောင်ထားတဲ့ နေခြည်ဖြာဝါဒအရ၊ တောင်ကိုရီးယားရဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂ ခုမှာ တောင်ကိုရီးယားက မြောက်ကိုရီးယားကို အကူအညီတွေပေးခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်ရာထူးကနေ အနားယူတော့မယ့် လက်ရှိသမ္မတ အီမြောင်ဘက် လက်ထက်မှာတော့၊ အကူအညီတွေအရမ်းလိုအပ်ပြီး ဆင်းရဲတဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ်ပေးနေတဲ့ အကူအညီတွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။

“ဆိုးလ်တက္ကသိုလ်က မြောက်ကီုးရီးယားလေ့လာရေးဌာနက ပါမောက္ခ Yang Moo-jin ကတော့ - အခြေအနေတွေကို ပြောင်းပစ်ဖို့က လွယ်မှာမဟုတ်ဘူးလို့ ခန့်မှန်းလိုက်ပါတယ်။ တောင်ကိုရီးယား သမ္မတသစ်ဟာ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား လက်ရှိရှိနေတဲ့ စစ်ရေးမဟာမိတ်အခြေအနေကို အလေးပေးပြောကြားသွားဖို့ရှိပါတယ်။ ကင်ဂျုံအမ်းရဲ့ မြောက်ကိုရီးယားအစိုးရဟာ တာဝေးပစ်ဒုံးကျည်နဲ့ နျူးကလီးယားလက်နက်ကို တည်ဆောက်ပြီး၊ သူတို့ဆက်ပြီးတော့ ရပ်တည်နိုင်ဖို့အတွက် ဆက်ပြီးတော့လုပ်နေပါတယ်။ ဒါကြောင့်၊ ကိုရီးယား ၂ နိုင်ငံကြားမှာ ထိရောက်တဲ့ ဆွေးနွေးမှုတွေဖြစ်လာဖို့ ခက်ခဲလိမ့်မှာဖြစ်ပါတယ်။”

တောင် နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံတု့ိကြား ၃ နှစ်ကြားဖြစ်ခဲ့တဲ့ စစ်ပွဲကို ၁၉၅၃ ခုနှစ်က ငြိမ်းချမ်းရေးသဘောတူစာချုပ်နဲ့ အဆုံးသတ်ခဲ့တာမဟုတ်ဘဲ၊ တဘက်နဲ့တဘက် အပစ်အခတ်ရပ်စဲပြီး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တကယ်တမ်းပြောရမယ်ဆိုရင်တော့ ကိုရီးယား ၂ နိုင်ငံကြားက စစ်ပွဲဟာ အဆုံးသတ်ခြင်းမရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါ့အပြင် တောင်ကိုရီးုယားနိုင်ငံဟာ မြန်မာနိုင်ငံကနေသွားရောက်ပြီးတော့ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ အတော်များများလည်း ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အခုလို တောင်ကိုရီးယားမှာ သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်လိုက်တဲ့အပေါ်မှာ အဲဒီမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့ သဘောထားနဲ့ သူတို့အပေါ် ဘယ်လိုအကျိုးဆက်တွေရှိလာနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကိုဇော်မိုးအောင်က အခုလို ပြောပါတယ်။

“ကျနော်တို့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားအများစုကတော့ အခုလက်ရှိ မစ္စစ်ပက်ကွန်ဟဲကိုပေါ့နော်။ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့အပေါ်မှာ သိပ်ပြီးတော့ မနှစ်မြို့ဘူးခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုလက်ရှိ သမ္မတက နိုင်ငံခြားသား အခွင့်အရေးတွေအပေါ်မှာ သိပ်ပြီးတော့ အလေးထားဆောင်ရွက်ပေးတာမရှိတဲ့အတွက် အဓိက အကြောင်းအရင်းကတော့ သူတို့ပါတီကနေပြီးတော့ အမြဲတမ်း နိုင်ငံခြားသားနဲ့ပတ်သက်တဲ့ အခွင့်အရေးကိစ္စတွေမှာ အားလုံးတားမြစ်တာတွေရှိတယ်။ လှုံ့ဆော်ပေးတာတွေရှိတယ်။ အဲ့တာကြောင့်မို့လို့ ဒီပါတီက သမ္မတတက်ခဲ့မယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေအနေနဲ့ အခွင့်အရေး သိပ်ရမှာမဟုတ်ဘူး။ သူတို့တက်ရင် ငါတို့အခွင့်အရေးဆုံးရှုံးမှာဆိုတဲ့ အတွေးတွေပေါ့လေ။ အဲ့ဒီ့အတွေးတွေရှိကြတာမို့လို့ ဒီပါတီက တက်တဲ့သူတွေကို သိပ်ပြီးနှစ်သက်ခြင်းမရှိဘူးခင်ဗျ။”

ဒါပေမယ့်လည်း တောင်ကိုရီးယားနိုင်ငံသားတဦး နဲ့ အိမ်ထောင်ကျပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား မကျင်လတ်ကတော့ အခုလိုမျိုး တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီးသမ္မတသစ်ရွေးချယ်လိုက်တာကို သဘောကျပြီး ထောက်ခံတယ်လို့ ပြောလိုက်ပါတယ်။
XS
SM
MD
LG