သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား ပပျောက်ရေး လက်နက်ကိုင်အဖွဲ့ အားလုံး ပူးပေါင်းဖို့လို


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ် နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် မစ် လိုင်လာ ဇာရူဂူအီ မြန်မာနိုင်ငံခရီးစဉ် သတင်းစာရှင်းလင်းပွဲ။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ် နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် မစ် လိုင်လာ ဇာရူဂူအီ မြန်မာနိုင်ငံခရီးစဉ် သတင်းစာရှင်းလင်းပွဲ။

မြန်မာနိုင်ငံရဲ့ကလေးစစ်သားစုဆောင်းမှုတွေဟာ အစိုးရစစ်တပ်အပြင် လက်နက်ကိုင် တပ်ဖွဲ့တွေ လည်း ပါဝင်နေတာကြောင့် ကလေးစစ်သား စုဆောင်း အသုံးပြုနေမှု ရပ်တန့် စေရေး ဆောင်ရွက်ချက်တွေမှာ လက်နက်ကိုင်အဖွဲ့ အားလုံး ပူးပေါင်း ပါဝင်ကြဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် မစ် လိုင်လာ ဇာရူဂူအီ (Ms. Leila Zerrougui ) က မြန်မာနိုင်ငံခရီးစဉ် အတွင်းပြောဆို တိုက်တွန်းလိုက်ပါတယ်။ အထူးကိုယ်စားလှယ် မစ် လိုင်လာရဲ့မြန်မာနိုင်ငံခရီးစဉ် အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာပါ။ အပြည့်အစုံကို ကိုစည်သူကပြောပြမှာပါ။

ကုလသမဂ္ဂလုံခြံရေးကောင်စီရဲ့ စောင့်ကြည့်လေ့လာရေးအစီအစဉ်အရ မြန်မာနိုင်ငံ ရဲ့ကလေးစစ်သား စုဆောင်းခြင်းနဲ့ အသုံးပြုခြင်းလုပ်ငန်းတွေကို အစိုးရစစ်တပ်အပြင် လက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ ကလည်း ကျူးလွန်ထားတယ်လို့ ဖော်ပြထားတာပါ။ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အသက်(၁၈)နှစ်အောက် ကလေးသူငယ်များကို တပ်သားအဖြစ်ခေါ်ယူ စုဆောင်း အသုံးပြုနေမှုကိုရပ်တန့်ရေးစီမံချက် Action Plan မှာ ပူးပေါင်းပါဝင်ကြဖို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် မစ် လိုင်လာ ဇာရူဂူအီ (Ms. Leila Zerrougui ) ကပြောပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်

"ဒီလိုပဋိပက္ခတွေဟာ နှစ်ဦးနှစ်ဖက်လုံးကြောင့်ဖြစ်ရတာပါ။ အဲဒါကြောင့် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိုနှိူင်းမှုဟာလည်း အရေးကြီးပါတယ်။ အားလုံး သိထားတဲ့ အတိုင်းပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေထဲက (၇) ခုဟာ ကလေးသူငယ် အခွင့်အရေးတွေကို ချိုးဖောက်တဲ့အဖွဲ့စာရင်းထဲမှာ ပါနေပါတယ်။ ကျွန်မတို့ ဒီကိုရောက်တုန်း အဲဒီထဲကတချို့နဲ့လည်းတွေ့ပါတယ်။ အစိုးရဘက် ကလည်း ကျွန်မတို့ လုပ်ရပ်တွေကို မကန့်ကွက်တာက ကောင်းမွန်တဲ့ ရလဒ်ပါ။

ကလေးစစ်သားအဖြစ် စုဆောင်းမှုကျူးလွန်ထားတယ်လို့ ထုတ်ပြန်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ DKBA၊ KIA၊ ကချင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ကရင်နီတပ်ဖွဲ့ (KA) ၊ ရှမ်းပြည်နယ် တပ်ဖွဲက တောင်ပိုင်း (SSA-S) တို့အပြင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) တို့ ပါဝင်ပါတယ်။
မြန်မာအစိုးရ အနေနဲ့ ကလေးစစ်သားစုဆောင်းမှုတွေမှာ ပါဝင်ပတ်သတ်သူတွေကို ရာဇဝတ်မှု ကျူးလွန်သကဲ့သို့ အသိပညာပေး ၊ အရေးယူနိုင်ဖို့ လိုအပ်ကြောင်း အထူးကိုယ်စားလှယ်က တိုက်တွန်းပါတယ်။

"ကျမပြောချင်တာက ဘယ်သူမဆို တပ်မတော်ကဖြစ်စေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကဖြစ်စေ အသက်(၁၈)နှစ်အောက် ကလေးသူငယ်တွေကို တပ်သားအဖြစ်ခေါ်ယူစုဆောင်းခြင်းက ကြီးလေးတဲ့ ဥပဒေ ချိုးဖော်မှုလို့ သတ်မှတ်ဖို့ လိုအပ်နေပါတယ်။ တင်းကျပ်တဲ့ ဥပဒေတွေနဲ့ ထိရောက်စွာအရေးယူဖို့ လိုနေပါတယ်။ အသက်ပြည့်၊ အပြည့် စစ်ဆေးမှုတွေကိုလည်း တင်းတင်း ကျပ်ကျပ် ဆောင်ရွက်ရပါလိမ့်မယ်။ အဲဒါကိုချိုးဖောက်ရင် ကြီးလေးတဲ့ ပြစ်ဒဏ် ခံရမယ်လို့ လူတွေသိစေဖို့လိုပါတယ်။ အသက်မပြည့်တဲ့ ကလေးစစ်သား ကို စုဆောင်းတာဟာ ပါဝင်ပတ်သတ်သူတွေ ကိုယ်တိုင် ရာဇဝတ်မှု ကျူးလွန် လိုက်တယ် ဆိုတာ သိနေဖို့ လိုပါတယ်။"

မြန်မာအစိုးရနဲ့ ကမ္ဘာ့ကုလသမဂ္ဂအကြား ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့် လေ့လာရေးနဲ့ အစီရင်ခံ တင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ (CTFMR) တို့အကြား ၂၀၁၂ ခုနှစ်က သဘောတူလက်မှတ်ရေးထိုးထားတာပါ။

အဲဒီနောက်ပိုင်း အစိုးရစစ်တပ်အနေနဲ့ ကလေးသူငယ် (၆၄၆) ဦးကို မိဘရပ်ထံ အပ်နှံခဲ့တာကိုလည်း အသိအမှတ်ပြုကြောင်း အထူးကိုယ်စားလှယ် မစ် လိုင်လာ ကပြောပါတယ်။ အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကလေးစစ်သား စုဆောင်းမှုတွေ ကို သိရှိထားပေမယ့် အတိအကျ သိရဖို့တော့ တွေ့ဆုံဆွေးနွေး သွားမယ်လို့ အထူးကိုယ်စားလှယ်ကပြောပါတယ်။

"ကျမတို့က ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ကလေးသူငယ်တွေကို ခေါ်ယူ စုဆောင်းထားတဲ့အကြောင်းတော့ သိထားပါတယ်။ ဘယ်နှယောက်ရှိတယ်ဆိုတဲ့ စာရင်းကိုတော့ ကျွန်မတို့ မသိရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သူတို့ပြမှရမယ့် သူတို့ရဲ့စာရင်းပါ၊ သူတို့ကိုယ်တိုင်စာရင်းပြမှပဲ ဒါကတော့ ကလေးစစ်သား၊ ဒါကတော့ အသက်ပြည့်စစ်သားဆိုပြီး တိတိကျကျ ထောက်ပြနိုင်မှာပါ။ အခုကတော့ ပြည်သူလူထုရဲ့ တိကျတဲ့ သတင်းပေးချက်တွေကြောင့် ဒီတပ်တွေထဲမှာ ကလေး စစ်သားတွေ ရှိနေတာပါလို့ တထစ်ချ ပြောနိုင်တာပါ။"

မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူတွေရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိနေတဲ့ အထူးကိုယ်စားလှယ်ဟာ ၂၀၁၂ ခုနှစ်မှာ သဘောတူလတ်မှတ်ရေးထိုးခဲ့တဲ့ ကလေးစစ်သား စုဆောင်းခြင်းဆိုင်ရာ သဘောတူညီချက် အကောင်အထည်ဖော်မှု ကို လေ့လာဖို့ (၅) ရက်တာခရီး ရောက်ရှိနေတာဖြစ်ပါတယ်။ အထူးကိုယ်စားလှယ် ဟာ ရန်ကုန်နဲ့ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူ တချို့နဲ့ တွေ့ဆုံခဲ့ပြီး မန္တလေးမြို့ကို သွားရောက်ခဲ့တဲ့ အပြင် မြစ်ကြီးနားမြို့ကို သွားရောက်ပြီး ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ကရင်လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) အပါအဝင် တခြားအဖွဲ့အချို့နဲ့လည်း ခရီးစဉ် အဆုံးမသတ်ခင် တွေ့ဆုံသွားဖို့ရှိတယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

XS
SM
MD
LG