သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံးစိတ်ဓာတ် ထိန်းသိမ်းဖို့ ပြည်ပ ၈၈ ခေါင်းဆောင်တွေ ပန်ကြား


Buffalo မြို့မှာကျင်းပခဲ့တဲ့ ၈၈ ငွေရတုနှစ်ပတ်လည် အထိန်းအမှတ်နဲ့ အလံတင် အခမ်းအနား။ (သြဂုတ်လ ၁၀ ရက်၊ ၂၀၁၃) ဓာတ်ပုံ - လောအယ်စိုး
Buffalo မြို့မှာကျင်းပခဲ့တဲ့ ၈၈ ငွေရတုနှစ်ပတ်လည် အထိန်းအမှတ်နဲ့ အလံတင် အခမ်းအနား။ (သြဂုတ်လ ၁၀ ရက်၊ ၂၀၁၃) ဓာတ်ပုံ - လောအယ်စိုး
အာဏာရှင်စနစ်ကို တွန်းလှန်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ရဲရဲဝံ့ဝံ့ တောင်းဆိုခဲ့ကြတဲ့ ၈ လေးလုံး စိတ်ဓာတ် ပျောက်ပျက် မသွားအောင် ဆက်လက် ထိန်းသိမ်းဖို့ အရေးကြီးတဲ့အကြောင်း ပြည်ပရောက် ၈၈ မျိုးဆက်ခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။ မနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် Buffalo မြို့မှာ ၈ လေးလုံး ငွေရတုအထိမ်းအမှတ် အခမ်းအနားနဲ့အတူ ခွပ်ဒေါင်းအလံတင်ပွဲ အခမ်းအနား ကျင်းပခဲ့တာမှာ ခုလို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုသမိုင်းမှာ အရေးပါလှတဲ့ ၈ လေးလုံး လူထု လှုပ်ရှားမှုကြီးဖြစ်ပွားခဲ့တာ သြဂုတ်လ ၈ ရက်နေ့မှာ ၂၅ နှစ် ငွေရတု တိုင်ခဲ့ပြီဖြစ်သလို၊ ၈ လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတွေ ကိုလည်း ပြည်တွင်းပြည်ပက မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ဂုဏ်ပြု ဆင်နွှဲလာခဲ့ကြတာဖြစ်ပါတယ်။ မနေ့က သြဂုတ်လ ၁၀ ရက်နေ့မှာလည်း အမေရိကန်ပြည်ထောင်စု တဝှမ်း ပြည်နယ်တွေအပြင် ကနေဒါရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေပါ စုပေါင်းပြီး ၈ လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတခုကို နယူးယောက်ပြည်နယ် အထက်ပိုင်း Buffalo မြို့မှာ စုဝေးကျင်းပခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ ပြည်ပရောက် ၈၈ မျိုးဆက် ခေါင်းဆောင်တဦးလည်းဖြစ်၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ရဲ့ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်တဲ့ ဦးထွန်းအောင်ကျော်က မဆလ တပါတီ အာဏာရှင်စနစ်ကို တော်လှန်ဆန့်ကျင်ပြီး ဒီမိုကရေစီ အခွင့်အရေးနဲ့ လူ့အခွင့်အရေးအတွက် မကြောက်မရွံ့ တိုက်ပွဲ ဝင်ခဲ့ကြတဲ့ ၈ လေးလုံးစိတ်ဓာတ် ပျောက်ပျက်မသွားအောင် ဆက်လက် ထိန်းသိမ်းသွားဖို့ အရေးကြီးတယ်လို့ ပြောဆိုသွားပါတယ်။

“ကျနော် အဓိက ပြောတာတော့ ၈ လေးလုံး စိတ်ဓာတ်ဆိုတာ ကျနော်တို့ ကျောင်းသားစိတ်ဓာတ် တခုတည်း မဟုတ်ဘူး။ ကျောင်းသားပြည်သူတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ သူတို့ရဲ့ လိုလားချက်တွေကို သတ္တိရှိရှိတောင်းဆိုရဲတဲ့စိတ်ဓာတ်။ အဲဒီလို တောင်းဆိုခဲ့လို့လည်း ကျနော်တို့ မဆလ အာဏာရှင် စနစ် ပြုတ်ကျသွားခဲ့တာဖြစ်တယ်။ အဲဒါကြောင့် ၈ လေးလုံး စိတ်ဓာတ်ကို အမြဲတမ်း ကိုင်စွဲထားဖို့လိုတယ် ဆိုတဲ့သတင်းစကားပါ။ နောက်တခုက အခု မြန်မာပြည်ရဲ့ အပြောင်းအလဲနဲ့ ပတ်သက်လို့ ကျနော်တို့အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲပေးဖို့၊ ဒီမိုကရေစီနည်းကျ ပြင်ဆင်ရေးဆွဲပေးဖို့။ တကယ်လို့ ဒီမိုကရေစီနည်းကျ ပြင်ဆင်ရေးဆွဲလို့ကို မဖြစ်နိုင်ဘူးဆိုရင် အသစ်ဖျက်ပြီးတော့ အသစ်ပြန်လည် ပြင်ဆင်ရေးဆွဲဖို့ အဲဒီဥစ္စာကို လိုအပ်ချက် အနေနဲ့ တောင်းတယ်။ ဒီညီလာခံကနေ။ နောက်ပြီးတော့ ABSDF ရဲ့ အခန်းကဏ္ဍ နဲ့ပတ်သက်လို့လည်း ABSDF ရဲ့ လက်ရှိခေါင်းဆောင်တွေ စေ့ စပ်ရေး၊ အပစ်အခတ် ရပ်စဲရေး လုပ်သွားတာနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို လေးစားတယ်။ ရှေ့ဆက်ပြီးတော့ ABSDF ရဲ့ အခန်းကဏ္ဍ မှေးမိန်မသွားအောင် မြန်မာပြည်ဒီမိုကရေစီရရှိရေး ကြိုးပမ်းတဲ့ရည်မှန်းချက်ကြီး မပျောက်ပျက်အောင် ဘယ်လိုဆက်သွားကြမလဲ ဆိုတာကို ကျနော်တို့က စောင့်ကြည့်ပြီးတော့ အားပေးမယ်။ လိုအပ်တာရှိရင် ကျနော်တို့ ထောက်ပြဝေဖန်မယ်ဆိုတဲ့ သတင်းစကားကို ကျနော်ုတို့ပေးတာပါ။”

မနေ့ကကျင်းပတဲ့ ၈ လေးလုံး အထိမ်းအမှတ် အခမ်းအနားနဲ့အတူ ဘက်ဖလိုးမြို့မှာ ၂၀၁၀ ခုနှစ်ကစလို့ နှစ်စဉ်နှစ်တိုင်း လုပ်လာခဲ့တဲ့ ခွပ်ဒေါင်း အလံတင် အခမ်းအနားကိုလည်း တရက်တည်း ကျင်းပခဲ့ကြတာပါ။ မနေ့ကပြုလုပ်ခဲ့တဲ့ ဒီအခမ်းအနားတွေနဲ့ပတ်သက်လို့တော့ Buffalo မြို့က ကိုစိုးသန်းက ပြောပြပါတယ်။

“ကျနော်တို့ ၈ လေးလုံးအခမ်းအနားရော၊ အလံတင်အခမ်းအနားက လည်း နှစ်စဉ်ကျင်းပမြဲပေါ့နော်။ အဲဒီအလံတင် အခမ်းအနားနဲ့ အတူ ငွေရတုအခမ်းအနားကိုလည်း တနေ့တည်းမှာပဲ နေရာနှစ်ခုခွဲပြီးတော့၊ အလံတင်အခမ်းအနား ကတော့ City Hall ရဲ့ရှေ့မှာ အလံတင် အခမ်းအနား လွှင့်ထူတာပေါ့နော်။ ငွေရတုအခမ်းအနားက ကျနော်တို့ indoor အနေနဲ့ Buffalo မြို့ရဲ့ ပြည်နယ်ကောလိပ်မှာ ကျနော်တို့ ကျင်းပတာ။ နှစ်ခုစလုံးကို ကျနော်တို့ အထူးအစီအစဉ်အနေနဲ့ ကျင်းပတာပါ။ ဒီနေ့အခမ်းအနားမှာ ၈ လေးလုံးနဲ့အတူ ပေါက်ဖွားလာတဲ့ ABSDF အခမ်းအနားအစီအစဉ်က တခုသီးသန့်ပါတယ်။ နောက်ပြီးတော့ ကျန်တာ ကျနော်တို့ ပြည်နယ်အရပ်ရပ်က အမေရိကန်ပြည်နယ် အသီးသီးက ရောက်ရှိလာကြတဲ့၊ လာရောက် ပူးပေါင်းပြီးတော့ ကျင်းပကြတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ မြို့နယ် အင်အားစုတွေက ၈ လေးလုံး အထိမ်းအမှတ် စကားတွေ ပြောကြ တယ်ပေါ့။ နောက်ပြီးတော့ မချောအိသိန်းကနေပြီးတော့ အထူးအစီအစဉ် အနေနဲ့ performance တခု ပြသမှာဖြစ်ပါတယ်။ ၈ လေးလုံး အထိမ်းအမှတ် အခမ်းအနားအစီအစဉ်နဲ့ Buffalo လူငယ်တွေက ဖျော်ဖြေဖို့အစီအစဉ်လည်း ပါ ပါတယ်။”

ခွပ်ဒေါင်းအလံတင်အခမ်းအနားကို မနက် ၁၀ နာရီခွဲကနေ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့ကြပြီးတော့၊ နေ့လယ် ၁ နာရီကနေ ၄ နာရီခွဲအထိကိုတော့ ၈ လေးလုံး အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနဲ့ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး ကိစ္စတွေကို ဒီနေ့ အခမ်းအနားကနေတဆင့် တောင်းဆို ခဲ့ကြတာ ဖြစ်တယ်လို့လည်း ကိုစိုးသန်းက ပြောပြပါတယ်။

“ဒီလို အခမ်းအနားတွေကနေ ကျနော်တို့ အပြည်ပြည်ဆိုင်ရာမှာ ရောက်နေတဲ့ ဒီမိုကရေစီအင်အားစု၊ ဒါမှမဟုတ် မြန်မာနိုင်ငံသားတွေ ကနေပြီးတော့ တောင်းဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကျနော်တို့ ရောက်လေရာကနေ ဖော်ထုတ်နေတယ်။ ဖော်ထုတ်ဖို့ ကြိုးစားနေသလို၊ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးကို မှန်ကန် တယ် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင် ကျနော်တို့ အတတ်နိုင်ဆုံး တွန်းအားပေးတယ်။ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးတဲ့သဘောပါပဲ။”

မနေ့ကပြုလုပ်တဲ့ ၈ လေးလုံး ငွေရတု နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားနဲ့ ခွပ်ဒေါင်း အလံတင်အခမ်းအနားတွေကို အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ စုစုပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့လည်း အခမ်းအနားစီစဉ်သူတွေက ပြောပြကြပါတယ်။
XS
SM
MD
LG