သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ် ထွက်ပြေး


ရှမ်းပြည်တပ်မတော် SSA တပ်ဖွဲ့ ရှေ့တန်း တပ်စခန်းတခုတွင် တွေ့ရစဉ်။
ရှမ်းပြည်တပ်မတော် SSA တပ်ဖွဲ့ ရှေ့တန်း တပ်စခန်းတခုတွင် တွေ့ရစဉ်။
မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီတပ်ဖွဲ့ရဲ့ နမ့်ခမ်းမြို့နယ်ထဲက တပ်စခမ်းတခုကို မြန်မာ့တပ်မတော်ကနေ ဒီကနေ့နံက်မှာ ဝင်ရောက် တိုက်ခိုက်တာကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ရှမ်းပြည် တပ်မတော် အရာရှိတွေကပြောဆိုခဲ့ပါတယ်။ အခုဖြစ်တဲ့တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှု များပြားနေ ခဲ့သလို ရာနဲ့ချီတဲ့ ဒေသခံ ရွာသားအနေနဲ့ တရုတ်ပြည်ဖက် ကို စစ်ပြေးဒုက္ခသည်တွေ အဖြစ် တိမ်းရှောင်နေကြရတဲ့ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

တဖက်နဲ့တဖက် စစ်ရေး တင်းမာနေတဲ့ မြန်မာ အစိုးရတပ်နဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေးကောင်စီ တပ်ဖွဲ့တို့ဟာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ထဲက ဒီကနေ့နံက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့ပါတယ်။ တောင်ပိုင်းရှမ်းပြည်တပ်မတော်အခြေချတဲ့ နောင်းမတပ်စခမ်းကို မြန်မာစစ်တပ်ဘက်ကနေ စတင် တိုက်ခိုက်လာတယ် လို့လဲ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။

"တိုက်ပွဲကဒီမနက်(၄)နာရီခွဲမှာဆိုရင် မူဆယ်နမ့်ခမ်း အခြေစိုက်ခလရ တပ်ရင်း(၁၄၅) ကနေ အင်အား(၁၀၀)ကျော်နဲ့ လက်နက်ကြီးတွေနဲ့အတူ ကျွန်တော်တို့နမ့်ခမ်းမြို့နယ် နောင်းမကျေးရွာရွှေလီမြောက်ဖက်ပိုင်းမှာရှိတဲ့ဒေသတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အခုထက်ထိ ကျွန်တော် ဖုန်းပြောနေတဲ့အချိန်အတွင်းမှာ တဖက်နဲ့တဖက်အပြန်အလှန် ပစ်ခတ်နေတုန်းပါဘဲ။ သူတို့ကကျွန်တော်တိုကတပ်စခမ်းထဲဝင်လာတော့ ဝင်လာတဲ့ အချိန်မှာ တပ်ထဲမှာနေရာယူထားတဲ့ ကျွန်တော်တို့တပ်သားတွေက ပြန်လည်ပစ်ခတ်လိုက်ကြတော့ သူတို့မှာ ပြန်လည် အထိနာတဲ့ပုံစံမျိုးရှိပါတယ်။"

အခုဖြစ်ပွါးတဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများနေသလို ရှမ်းပြည်တပ်မတော်ဘက်က တဦး ကျဆုံးပြီး ထိခိုက်မှုအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့လဲ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။
အခုဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် မြန်မာစစ်တပ်ဘက်က ထိခိုက်မှုတွေကိုတော့ နမ့်ခမ်းမြို့ဒေသခံတဦးက အခုလိုပြောပါတယ်။

"အစိုးရဘက်က (၉)ယောက်သေသွားတယ်။ (၈)ယောက်က မြို့ပေါ် နမ့်ခမ်းဆေးရုံရောက်နေတာအရေးပေါ် သွေးလိုနေတုန်း။ လိုတဲ့သွေးကိုကျတော့ သူတို့ဆီမှာသွေးလှူရှင်ဖွဲ့ထားတာအသင်းရှိတယ်။ ပါရမီ ဆိုတဲ့အဖွဲ့ကို လာတောင်းတယ်သွေး။ "

ဒီလိုတိုက်ပွဲဖြစ်ပွားရတဲ့အခြေအနေနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီလိုဖြစ်ပွါးတဲ့ တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ တဘက်ကမ်းမှာ ရှိတဲ့ နောင်မကျေးရွာ အုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စတဲ့ကျေးရွာက ဒေသခံ ၅၀၀ ကျော်ဟာ တရုတ်ပြည် နောင်တောဝ်းဘက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အခုလိုစစ်ပြေးဒုက္ခသည်တွေ တရုတ်ပြည်ဘက်ကိုတိမ်းရှောင်လာမှုကြောင့် တရုတ်ဘက်ကနေလုံခြုံရေးတိုးမြင့် ချထားတယ်လို့လည်း အဆိုပါ နမ့်ခမ်းဒေသခံကဘဲ ဆက်ပြောပါတယ်။

"ထွက်ပြေးတဲ့ရွာတွေကတော့ ရွှေလီမြစ်တဖက်ကမ်းကျတော့ တရုတ်ပြည်ထဲ ဝင်သွားတယ်။ ဒီဖက်မြန်မာခြမ်း ကျတော့ ဇေယျသုခ ဘုန်းကြီးကျောင်းမှာ လာပြီးတော့ ခိုလှုံနေကြတာတွေ့ရတယ်။ ခုမနက်ဘဲ ထွက်ပြေးလာတော့ စားဝတ် နေရေးလဲ အမျိုးတွေရှိတဲ့အိမ်မှာလာနေကြတယ်။ ဘုန်းကြီးကျောင်းမှာ သွားတည်းနေကြတယ်ဗျ။ ဟိုဘက်တရုတ် ကမ်းကျတော့ လေး ငါးရာ(၄၀၀၊ ၅၀၀)လောက်ရှိတယ်။ ခုနကဗုံးတလုံး လဲ တရုတ်ဖက်ကျသွားတာသိရတယ်။ ရွာသားတယောက်ထိတယ်။ တယောက်သေတယ်ဗျ။ တရုတ်ပြည်ဘက်ကျတော့ထွက်ပြေးနေတယ်။ အခုလဲကူတို့ ဆိပ်တွေအားလုံးလဲပိတ်ထားတယ်။ သွားလာခွင့်မပေးဘူး။ အားလုံးပိတ်ထားတယ်။ တရုတ်ဖက်ခြမ်းလဲ လုံခြုံရေး ချထားတယ်။"

တကယ်တော့ အခုလိုစစ်ရေးတင်းမာလာရတာဟာ ဧပြီလကုန်ပိုင်းက အရပ်ဝတ် စစ်ထောက်လှမ်းရေး(၄)ဦး ပျောက် ဆုံးနေမှုနဲ့ပက်သက်ပြီး မြန်မာ စစ်တပ်ကနေ တောင်ပိုင်းရှမ်းပြည်တပ်မတော်လက်ချက်လို့စွပ်စွဲထားသလို မေလ (၅)ရက်နေ့က ရှမ်းပြည်တပ်မတော်ရဲ့ဒင်းခါး ဆိုတဲ့တပ်စခန်းကို ဝင်ရောက်ရှာဖွေပြီး စခမ်းကိုမီးရှို့ဖျက်စီးရာကနေ ကြီးထွားလာတာပါ။
အခုလို တိုက်ပွဲဖြစ်ပွါးနေတဲ့ အခြေအနေမှာဘဲ ဦးသ်န်းဇော်ခေါင်းဆောင် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီအဖွဲ့ဟာ ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့လဲ ရှမ်းပြည်နယ် ဝန်ကြီးစိုင်းအိုက်ပေါင်းကပြောဆိုခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် စစ်ပြေးဒုက္ခသည်အရေး ကိစ္စတွေကိုလဲ ဆွေးနွေးသွားမယ်လို့လဲ သတင်းတွေ ပေါ်ထွက်နေပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီတွေအနေနဲ့ ြငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာ ခက်ခဲတဲ့ အနေအထားတွေကြောင့် အချိန်ယူဆောင်ရွက် သွားရမယ်လို့လည်း ငြိမ်းချမ်းရေးအကျိုးဆောင်
ဦးလှမောင်ရွှေ ကပြောပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျွန်တော်တို့နိုင်ငံလို လက်နက်ကိုင် အင်အားတွေ အများကြီးနဲ့ တပြိုင်ထဲ လုပ်လုပ်ရတဲ့ နိုင်ငံမျိုးရှိ တယ်လို့ကျွန်တော် မကြားမိဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်တော့ ရှေ့တိုးနောက်ဆုတ်တော့ ရှိကောင်းလဲရှိမယ်။ ဒါပေမဲ့သေချာ တာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ဆက်သွားနေမယ်။ ဒီလိုဘဲ တိုးတက်မှုနဲ့ဆုတ်ယုတ်မှုကလဲရှိကောင်းရှိနိုင်မယ်။ ဒါပေမဲ့ခြုံလိုက်ရင် တိုးတက်မှုရှိရင် ဆက်သွားဖို့ပါဘဲ။ ဆွေးနွေးပွဲတွေ ဆက်လုပ်နေရမယ်။ အချိန်ယူအများကြီး ဆက်လုပ်နေရမယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေး ကောင်စီအဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော် မီတီတွေ နဲ့အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပေမဲ့လဲ ဒေသတွင်းမှာတော့ မြန်မာ တပ်မတော် အနေနဲ့ နယ်မြေစိုးမိုးရေးအတွက် ထိုးစစ်ဆင်မှုရှိနေသလို တိုက်ပွဲဖြစ်ပွါးနေဆဲ လို့လည်း တောင်ပိုင်းရှမ်းပြည် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။
XS
SM
MD
LG