သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းနောင်တိုက်ပွဲ မြန်မာစစ်တပ်နဲ့ SSA-N အပြန်အလှန်စွပ်စွဲ


တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ရှမ်းဒုက္ခသည်များ။
တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ရှမ်းဒုက္ခသည်များ။

ရွေးကောက်ပွဲလွန် ကြားကာလ တည်ငြိမ်အေးချမ်းမှု ရှိရေးအတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်နဲ့ NLD ပါတီ ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်နေချိန်မှာရှမ်းပြည်နယ် တောင်ပိုင်း မိုင်းနောင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရတပ်နဲ့ SSA ဝမ်ဟိုင်းအဖွဲ့က တဖက်နဲ့ တဖက် စွပ်စွဲပြောဆိုတာတွေ ရှိနေပါတယ်။ ဒေသခံတချို့ကတော့ ရှမ်းတပ်က လာရောက်တိုက်တာမတွေ့ကြောင်း ပြောဆိုတာတွေ ရှိနေပေမဲ့လက်ရှိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် တော့ မိုင်းနောင်မြို့ခံတွေ ရာနဲ့ချီ ထွက်ပြေးနေရပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရွေးကောက်ပွဲလွန် တရက်မှာရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး အစိုးရတပ်ဖက်က ရှမ်းတပ်ဖွဲ့က လာရောက် တိုက်ခိုက်တာလို့ သတင်းထုတ်ပြန်ခဲ့သလို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း ဖက်ကလည်း သူတို့ တိုက်ခိုက်တာ မဟုတ်ကြောင်း သတင်းထုတ်ပြန်တာတွေ ရှိနေပါတယ်။ ဒီနေ့ ထုတ်ပြန်တဲ့ အစိုးရသတင်းစာတွေမှာ မိုင်းနောင်တိုက်ပွဲဟာ SSA ဝမ်ဟိုင်းတပ်ဖွဲ့ အင်အား ၁၂၀ လောက်နဲ့ ညအချိန်မှာ မိုင်းနောင်နယ်မြေ ရဲစခန်းကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ၁၀ ရက်နေ့ မနက်မှာ မိုင်းနောင်အခြေစိုက် တပ်ဌာနချုပ်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ထပ်မံတိုက်ခိုက်လာတဲ့နောက် အစိုးရဖက်က ရဟတ်ယာဉ်တွေနဲ့ တန်ပြန်တိုက်ခိုက်ခဲ့လို့ ရှမ်းတပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း ဖော်ပြပါတယ်။

ဒီလို တိုက်ခိုက်ရာမှာ ရှမ်းတပ်ဖွဲ့က လူနေရပ်ကွက် အတွင်းကနေ လူထုကို အကာအကွယ်ယူပြီး တိုက်ခိုက်တာဖြစ်ကြောင်းနဲ့ ဒီဖြစ်စဉ်မှာ တပ်မတော်ဖက်က အရာရှိစစ်သည်တချို့နဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံး ဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းလက သူတို့ဖက်က တိုက်ခိုက်တာမရှိကြောင်း ပြောပါတယ်။

“ကျနော်တို့က တကြိမ်တခါမှ ကျနော်တို့က သွားပြီးတော့ တိုက်တာမရှိပါဘူး။အဖြစ်မှန်ကိုတော့ ကျနော်တို့ မိုင်းနောင်က ပြည်သူလူထုတွေ အသိဆုံးပါ။ သူတို့ကလည်း ကျနော်တို့ကို စွပ်စွဲတာ ခဏ ခဏပဲလေနော်။ အဲဒါကို အကြောင်းပြချက်လုပ်ပြီးတော့ ကျနော်တို့ ဝမ်ဟိုင်းဌာနချုပ်ကို သူတို့က တိုက်လာတယ်လေ။ ဗုံးကျဲတာ စစ်သေနတ်နဲ့ ပစ်တာ အဲဒီလိုမျိုး လုပ်ဆောင်လာတယ်လေ။ ကျနော်ထင်တာက အဲဒီ အကြောင်းပြချက်တခုခုကို ရှာပြီးတော့ ကျနော်တို့ကို ထိုးစစ်ဆင်တဲ့ အနေအထား လုပ်ဆောင်နေတဲ့ အနေအထားမျိုးပဲ ဖြစ်နေတယ်လေ။”

ရှမ်းတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၁၀ရက်နေ့ မနက်မှာ အစိုးရဖက်က တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် သူတို့ဌာနချုပ် ဝမ်ဟိုင်းရှိ ဘုန်းကြီးကျောင်း တကျောင်းကို ထိမှန်ခဲ့ကြောင်းနဲ့ ဝမ်ဆာ့ ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။အစိုးရ သတင်းစာတွေမှာတော့ SSA ဝမ်ဟိုင်းတပ်ဖွဲ့က ဒီလဆန်းမှာ မိုင်းနောင် တပ်ဌာနချုပ်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၇ ကြိမ် လာရောက် ပစ်ခတ်ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။SSA မြောက်ပိုင်းနဲ့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ လလယ်လောက် ကတည်းက ပြန်လည်ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေ စတငက်တည်းက နှစ်ဖက် ညှိနှိုင်းဖြေရှင်းဖို့ကို တောင်းဆိုခဲ့တယ်လို့လည်း ရှမ်းတပ်ဖွဲ့ဖက်က ပြောပါတယ်။

“အဲဒီ ဦးသိန်းဇော်တို့ကို ကျနော်တို့ ဆက်သွယ်ပြီးတော့ ဖြစ်စဉ်တွေကို တင်ပြတယ်လေ။ အဲဒီ ကျနော်တို့ မိုင်းနောင် တပ်စခန်းကို ပစ်နေတဲ့အကြောင်း၊ အဲဒါ စောစောစီးစီးကတည်းက ကျနော်တို့ ဦးသိန်းဇော်တို့ဆီ ကျနော်တို့ တင်ပြထားပါတယ်။ အဲဒီ လုပ်ဆောင်ချက်တွေ ကျနော်တို့ ဘာမှမပက်သက်ဘူးပေါ့နော်။ အစက အေးအေးချမ်းချမ်းနဲ့ ကျနော်တို့ အဲဒီ နိုင်ငံရေးဆွေးနွေးပွဲကိုပဲ ဆွေးနွေးဖို့ ကျနော်တို့ လိုလားတယ်လေ။”

ဒေသခံတွေကို မေးမြန်းကြည့်ရာမှာတော့ ရှမ်းတပ်ဖွဲ့က မိုင်းနောင်ကို လာရောက်တိုက်ခိုက်တာ မတွေ့ကြောင်း ပြောဆိုပေမဲ့ တိတိကျကျ အတည်ပြုဖို့တော့ အခက်အခဲ ရှိနေပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် မိုင်းနောင်မြို့ကို ရောက်ရှိနေသူ တဦးကတော့ အခုလို ပြောပါတယ်။

“ ကျနော်တို့ မြို့ထဲ အနေကျတော့ ဘယ်ရန်သူမှ လာတာတော့ မတွေ့ဘူးခင်ဗျ။ သူတို့ကလည်း အချင်းချင်းမှားပစ်တဲ့ ပုံစံလားတော့မသိဘူးခင်ဗျ။အရပ်သားတွေ မေးကြည့်တော့ သူတို့အချင်းချင်း တိုက်တဲ့ပုံစံမျိုးပဲလို့ အဲလိုပြောနေတာ။ ကျနော်လည်း အမှန်အနေအထားတော့မတွေ့ဘူးခင်ဗျ။ကျနော်လည်း ၁ ရက် ၊၂ ရက် နေတုန်းကလိုက်ကြည့်နေတာ မတွေ့မိဘူးခင်ဗျ။ ”

နှစ်ဖက်တပ်အကြားမှာ အငြင်းပွားတာတွေ အပြန်အလှန် စွပ်စွဲတာတွေ ရှိပေမဲ့ လတ်တလော ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် မိုင်းနောင်ဒေသခံ ရာနဲ့ချီပြီး တိမ်းရှောင်ထွက်ပြေးနေရတယ်လို့လည်း ပြောပါတယ်။

“လူတွေက အားလုံးကို မြို့ထဲကအိမ်စောင့် လောက်ပဲချန်ပြီးတော့ ရှောင်ကြကုန်တာ ခင်ဗျာ။ အခုတချို့က ဒီဖက်ကတော့ လဲချားဖက်နဲ့၊ ဝမ်စိမ်းဖက်ထွက်တယ်ခင်ဗျ။ထွက်လာတဲ့ လူကတော့ ကျနော်ထင်တာက ၆၀၀၊ ၇၀၀ လောက်တော့ရှိမယ်ထင်တယ်။”

လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က လဲချားကို လူ ၄၀၀လောက် ရောက်ရှိနေကြောင်း ပြောပါတယ်။

“လဲချားကို ပြေးလာတော့ ၄၀၀ ကျော်မယ်တဲ။ နောက်ပြီးတော့ ဝမ်စိမ်းကို ပြေးလာတာကတော့ ဘယ်လောက်ရယ်လို့တော့ မသိဘူး။ မိုင်းနောင်နဲ့ ဝမ်စိမ်းက မိုင်၂၀ ဝေးတယ်။ ဝမ်စိမ်းကနေပြီးတော့ လဲချားကို မိုင် ၄၀ လောက်တော့ရှိမယ်။ အဲဒီလမ်းကနေ မိုင် ၆၀ လောက်ရှိတဲ့ခရီးကို ထွက်ပြေးလာတာ အဲဒီမှာ ၄၀၀ ကျော်သွားပြီတဲ့။”

ဒီကနေ့မှာတော့ မိုင်းနောင်နဲ့ ဝမ်ဟိုင်းဖက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်အကြားမှာ အောက်တိုဘာ လလယ်လောက်က စတင်ပြီး ကြိုးကြား ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေရာမှာ ဒီတိုက်ပွဲတွေကြောင့် ဒုက္ခသည်၄၀၀၀ လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG