သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SSA နဲ့အစိုးရတပ် တိုက်ပွဲဆက်ဖြစ်


SSA (မြောက်ပိုင်း)
SSA (မြောက်ပိုင်း)
မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား ဒီရက်ထဲ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေတာဟာ ဒီကနေ့အထိ ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက တကျော့ပြန် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အစိုးရကတော့ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ စစ်ရိပ်စစ်ယောင်တွေသန်းနေတဲ့ ရှမ်းပြည်နယ်ထဲက နောက်ဆုံး အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော် SSA (မြောက်ပိုင်း) အဖြစ် လူသိများတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ မြန်မာစစ်တပ်ကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေရာမှာ ကြာသပတေးနေ့က ငြိမ်သက်သလို ရှိခဲ့ပေမဲ့ အခုထပ်ပြီး ဖြစ်ပွားခဲ့တာပါ။ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ကတော့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းဒေသက သူတို့အခြေစိုက်ရာ ဒေသထဲ မြန်မာစစ်တပ် ဝင်ရောက်လာရာက တိုက်ပွဲတွေ စဖြစ်ခဲ့ရတာလို့ SSPP/SSA အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလ ကပြောပါတယ်။

“ဒီနေ့ ၆ နာရီခွဲမှာ ကျနော်တို့ရှိတဲ့တောင်ကုန်းကို သူတို့ ပြန်တက်ပြီးတော့ တိုက်တယ်လေ။ တန့်ယန်းမြို့နဲ့ တိုက်ပွဲဖြစ်တဲ့ လွယ်လန်းတောင်မှာပဲ၊ အဲဒီနယ်မြေက ကျနော်တို့ နေရာချထားရေး အတွက် အစိုးရဆီမှာ၊ ဦးအောင်မင်းတို့ဆီမှာ တရားဝင်တင်ပြပြီး သဘောတူညီချက် ရထားတဲ့ ဒေသတွေ ဖြစ်တယ်လေ။ ပြီးတော့ အဲဒီဒေသမှာ ကျနော်တို့နေတာလည်း ကြာပါပြီ။ ကချင်နဲ့တိုက်တုန်းက သူတို့ အဲဒီလို စကားမျိုး မပြောဘူးလေ။ ကချင်နဲ့ လက်နက်ဆိုင်းထားပြီးတော့ ဒီဘက်လှည့်ပြီးတော့ တိုက်ကွက်ပေါ်လာတာ အဲဒါတော့- သူတို့လုပ်ရပ်က မမှန်ကန်ဘူးဆိုတာ သိသာနေတာပဲ။”

တကျော့ပြန် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သမ္မတရုံးအပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူတွေထံ အကြောင်းကြားရာမှာတော့ သက်ဆိုင်ရာတပ်တွေကို တိုက်ခိုက်တာတွေ မလုပ်ဖို့ ညွှန်ကြား ထားပြီး ဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေဘက်က တုံ့ပြန်ထားကြောင်းလည်း ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာ အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းပေမဲ့ မရခဲ့ပါဘူး။ မြန်မာအစိုးရရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကတော့ ပဋိပက္ခတွေ ပြန်ဖြစ်နေတဲ့ သတင်းတွေ ရရှိထားတဲ့အတွက် ဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

“ထိတွေ့မှုတချို့ရှိတယ်လို့ ကျနော်တို့လည်း သိရပါတယ်။ ကျနော်တို့သိရသလောက်တော့ အရင်တုန်းက တပ်မတော်က ထိန်းသိမ်းထားတဲ့နေရာထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ SSA (မြောက်ပိုင်း) က အဖွဲ့တဖွဲ့ ရောက်နေတော့ အဲဒီမှာ နားလည်မှု နည်းနည်းလေး လွဲမှားနေတာရှိတယ်လို့ သိရပါတယ်။ အဲဒီအထိပဲ ကျနော်တို့ သိရပါသေးတယ်ခင်ဗျ။ ကျနော်တို့ဘက်ကလည်း သူတို့ကို လိုင်းကို ကျူးကျော်နေတယ်လို့ ကန့်ကွက်ထားတာ ရှိပါတယ်။ သူတို့ကလည်း အဲဒီနေရာကို ကျူးကျော်လာတာ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီလိုတော့ နည်းနည်းလေး နားလည်မှု လွဲမှားနေတာလေးတွေ ရှိတယ်ဆိုတာတော့ သိရပါတယ်။ အဲဒါလေးကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတာပါ။”

ဆက်တိုက်ဆိုသလို ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေကြား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတိအကျကိုတော့ အတည်ပြုလို့မရပါဘူး။ တချိန်တည်းမှာပဲ မြန်မာစစ်တပ်က ပဋိပက္ခဖြစ်ရာ နယ်မြေထဲကို နောက်ထပ် စစ်အင်အားတွေ ဖြည့်တင်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် တိုက်ပွဲတွေ အရှိန်မြင့်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ မြန်မာအစိုးရ တိုင်းရင်းသားတွေနဲ့ ပြေလည်မှု ရအောင် ကြိုးပမ်းမယ်လို့ ကတိပြုထားတဲ့ ကြားကပဲ အပစ်အခတ် ရပ်စဲရေး ရယူထားတာ ၁ နှစ်ကျော်လာပြီဖြစ်တဲ့ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာပါ။ ဒါဟာလည်း အစိုးရက ငြိမ်းချမ်းရေး ရချင်တယ်ဆိုပေမဲ့ စစ်တပ်ကတော့ အင်အားသုံး သြဇာချဲ့ထွင်ဖို့ ကြိုးပမ်း လိုတဲ့ အတွက်ဖြစ်တယ်လို့ ဗွီအိုအေရဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ် ထုတ်လုပ်သူ တဦးလည်းဖြစ်တဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနက စိုင်းမိန်း က ပြောပါတယ်။

“ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ နယ်မြေကတော့ သံလွင်မြစ်ရဲ့အနောက်ဘက်ကမ်းမှာ ရှမ်းတပ်အချို့တွေ ရှိနေသေးတယ်။ SSPP/SSA ရဲ့တပ်စခန်းတချို့ ရှိုနေသေးတာပေါ့။ အဲဒါကို အစိုးရတပ်အနေနဲ့ သူတို့က အချော(အနု) နည်းနဲ့ပြောပြီးတော့မှ သိမ်းပိုက်ချင်သလိုလို၊ ပြောလို့ မရရင်လည်း အင်အားသုံး တိုက်ခိုက်တယ်။ ဆိုလိုတဲ့သဘောက ကျနော်တို့ လက်ရှိ လေ့လာ သိရှိချက်အရဆိုရင် လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ဦးအောင်မင်းရဲ့အဖွဲ့က သူတို့ လုပ်ချင်တာလုပ်၊ တဘက်ကကျတော့ စစ်ရေးပေါ်လစီအရနဲ့ နယ်မြေစိုးမိုးရေး၊ နယ်မြေ ရှင်းလင်းရေး ပေါ်လစီအရ အစိုးရရဲ့တပ်က အင်အားသုံးပြီးတော့မှ နယ်မြေကျူးကျော်မှုတွေကြောင့် တိုက်ပွဲဖြစ်ရတယ်လို့ပဲ ကျနော်တို့က သုံးသပ်လို့ရတယ်ခင်ဗျ။”

မြန်မာအစိုးရနဲ့ SSPP/SSA တို့ကြား ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲပေါင်းဟာ ၈၀ ထက်မနည်း ရှိခဲ့ပါတယ်။ မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ SSPP/SSA အပါအဝင် တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) တို့ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံချိန် မှာတော့ ငြိမ်းချမ်းရေးအတွက် ဦးတည်စေမယ့် နိုင်ငံရေး ဆွေးနွေးမှုတွေ ကို ရှေ့ဆက်ဆောင်ရွက် သွားဖို့ သဘောတူ ထားကြတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG