သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်သမားတွေ သတိထားရမယ့် Benzene


လူကို အန္တရာယ်ပေးတဲ့ မီးခိုးငွေ့
လူကို အန္တရာယ်ပေးတဲ့ မီးခိုးငွေ့

လူကို အန္တရာယ် ဖြစ်စေတဲ့ ဘန်ဇင်း Benzene လို့ခေါ်တဲ့ ဓါတုပစ္စည်းကို လူတွေနဲ့ အများဆုံး ထိတွေ့စေနိုင်တာဟာ ဆေးလိပ်မီးခိုး ဖြစ်ပါတယ်။ ရာနှုံးက ၅၀ လောက် ရှိတာပါ။ ဓါတ်ဆီသုံးတဲ့ ကားမီးခိုးတွေ၊ ဓါတ်ဆီတိုင်ကီက ထွက်တဲ့ အငွေ့တွေနဲ့ စက်မှု လုပ်ငန်းတွေက ရတဲ့ ဘန်ဇင်း Benzene ပမာဏ ကတော့ ရာနှုံး ၂၀ လောက် ရှိပါတယ်။

cpd လို့ခေါ်တဲ့ တနေ့ စီးကရက်သောက်နှုံး ၃၂ cpd ရှိသူဟာ တနေ့ကို ဘန်ဇင်း Benzene ၁.၈ မီလီဂရမ် လောက် ရနေတယ်လို့ ၂၀၀၇ ခုနှစ် ပြည်သူ့ ကျန်းမာရေး သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

လေထုညစ်ညမ်းမှု ထဲမှာ အဆိုးဝါးဆုံး ကို Hazardous Air Pollutant (HAP) လို့ ခေါ်ပါတယ်။ အမေရိကန်ပြည်ထောင်စု သဘာဝ ဝန်းကျင် ကာကွယ်ရေး အဖွဲ့ EPA ရဲ့ ထုတ်ပြန်ချက်ထဲမှာ HAP အဖြစ်သတ်မှတ်ထားတဲ့ ပစ္စည်း ၁၈၇ မျိုးရှိပြီး ဒီအထဲမှာ သဘာဝ တွင်းထွက်ဖြစ်တဲ့ ခဲ (Lead) တို့ မာကျူရီ (Mrecury) ပြဒါးတို့ အက်စဘက်စ် တို့စ် (Asbestos) တို့လိုပါဝင်သလို လူဖန်တီးတဲ့ ဓါတုပစ္စည်း တမျိုး ဖြစ်တဲ့ အလွန် အငွေ့ပျံတတ်တဲ့ VOC ကာဗွန် ဒြပ်ပေါင်းတမျိုးဖြစ်တဲ့ ဘန်ဇင်း Benzene လည်း ပါဝင်နေ ပါတယ်။

လေထုညစ်ညမ်းမှုမှာ အဆိုးဝါးဆုံးအဆင့် သတ်မှတ်ရတာဟာ လူသားတွေ အတွက် အလွန်အန္တရာယ်ကြီးတဲ့ ဓါတုပစ္စည်း ဖြစ်တာကြောင့်လို့ သဘာဝ ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။

Benzene ကို အချိန်အတော်ကြာ ရှုရှိုက် ထိတွေ့မိရင် သွေးနဲ့ ပါတ်သက်တဲ့ ရောဂါဖြစ်တဲ့ သွေးနီဥ သွေးဖြူဥ ပါဝင်မှုနဲသွားတဲ့ သွေးကင်ဆာ လို ကင်ဆာရောဂါအပြင် တခြား အသက်ရှုလမ်းကြောင်းဆိုင်ရာ နဲ့ အဆုတ်ကို အန္တရာယ်ပေးသလို အရေပြားဆိုင်ရာ ရောဂါတွေကိုပါ ဖြစ်ပွါးစေတာကြောင့် လူသားတွေ အတွက် အန္တရာယ်ကြီးတာပါ။

ကာဗွန် ၆ လုံးနဲ့ ဟိုက်ဒရိုဂျင် ၆ လုံးပါတဲ့ ဒီအန္တရာယ်ကြီးတဲ့ Benzene ဟာ အလွန်အသုံးဝင်တဲ့ ပစ္စည်းတမျိုး လည်း ဖြစ်ပါတယ်။ Benzene ကို ထိတွေ့ သုံးစွဲတဲ့ လုပ်ငန်းတွေထဲမှာ ရာဘာလုပ်ငန်း၊ ဖိနပ်စက်ရုံ၊ သံစက်ရုံ၊ ပုံနှိပ်လုပ်ငန်း၊ ဓါတ်ဆီဆိုင်၊ ရေနံချက်စက်ရုံနဲ့ ဓါတုပစ္စည်း စက်ရုံတွေ ပါဝင်ပါတယ်။ သူ့ကို ဆပ်ပြာထုတ်လုပ်ရာမှာ သုံးသလို ပေါက်ကွဲစေတတ်တဲ့ အရာများ ထုတ်လုပ်မှု၊ ဆေးဝါးထုတ်လုပ်မှု၊ ဖယောင်း၊ ဖျော်ရည်၊ သစ်စေး၊ ဆိုးဆေးနဲ့ သစ်စေ့ သစ်သီးတွေကနေ အဆီ ထုတ်လုပ်ရာတွေမှာလည်းသုံး တာမို့ သိပ်ကို အသုံးဝင်တာပါ။

ဒါပေမယ့် သူ့ရဲ့ အန္တရာယ်ကိုတော့ သတိထားဖို့ လိုအပ်တာမို့ Benzene အသုံးပြုတဲ့ စက်ရုံအလုပ်ရုံတွေမှာ Benzene အသုံးပြုတဲ့ ပမာဏကို အများ သိအောင် ပြသထားဖို့ လိုအပ်သလို ဝန်းကျင်တဝိုက် ပျံ့နှံ့နေနိုင်တဲ့ ပမာဏကိုလည်း ပုံမှန် စစ်ဆေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် Benzene နဲ့ ထိတွေ့ နေရတဲ့ အလုပ်သမားတွေအတွက် အလုပ်ခွင် အန္တရာယ်မရှိအောင် အာဏာပိုင်တွေဘက်က စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပေးဖို့ လည်း လိုအပ်တယ်လို့လည်း ဒေါ်အေးအေးကြည်က ပြောပါတယ်။

လူသားတွေ နေ့စဉ်ထိတွေ့ လှုပ်ရှားနေတဲ့ ဝန်းကျင်မှာ ရှိနေတဲ့ Benzene အန္တရာယ်ကို ရှောင်ရှား နိုင်အောင်တော့ ဆေးလိပ်ငွေ့ကို မရှုမိအောင်ကျိုးစားဖို့၊ ကားမီးခိုးတွေ မရှုမိဖို့၊ ဓါတ်ဆီငွေ့တွေ မရှုမိဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG