သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုက်ပျိုးရေးလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး


မြန်မာလယ်ယာလုပ်ငန်းခွင်မှ လယ်သူမကြီးများ
မြန်မာလယ်ယာလုပ်ငန်းခွင်မှ လယ်သူမကြီးများ
ဒီတပါတ်တော့ လယ်ယာကိုင်းကျွန်း စိုက်ပျိုးရေးလုပ်ငန်းလုပ်နေသူ ရာနှုံး ၈၀ လောက်ရှိတဲ့ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေးအတွက် ပေါ့ပေါ့ဆဆပဲ တွက်တတ်ကြတဲ့ အလေ့အထကို ပြုပြင်ဖို့သင့်နေပြီဆိုတာကို စင်္ကာပူနိုင်ငံက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အကြံပေး ဦးအေးငြိမ်းက ပြောပြပေးမှာပါ။

ကျွန်တော်တို့ နိုင်ငံမှာ အလုပ်ထဲမှာ မတော်တဆ ဖြစ်တာတို့ သေဆုံးတာတို့ တော်တော် များများ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီစိုက်ပျိုးရေးနဲ့ ပါတ်သက်လို့ ဘယ်သူမှ မလုပ်ကြပါဘူး။ ဒီလုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးပေါ့။ ဒီလယ်ယာလုပ်ငန်းခွင်မှာ ဝင်ပြီးလုပ်နေကြတဲ့ သူတွေက အိမ်ထောင်ဦးစီးတွေ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် သူတို့ရဲ့ သားကြီးသမီးကြီးတွေ ဖြစ်ချင်ဖြစ်မယ်။ အနဲဆုံးကတော့ မိမိ မိသားစုကို ရှာဖွေပြီးတော့ ကျွေးမွေးနေတဲ့ သူတွေ ဖြစ်ပါတယ်။ အကယ်၍ သူတို့သာ တစုံတရာ ဖြစ်သွားမယ်ဆိုလို့ ရှိရင် အဲဒီမိသားစု တစုလုံး နစ်နာပါတယ်။ ကျောင်းတက်နေတဲ့ သားတွေသမီးတွေ၊ ကျောင်းကို ဆက်ပြီးမတက်နိုင် တော့ဘူး။ တကယ်လို့ ဆေးကုသနေတဲ့ မိအိုဖအိုတွေ ရှိမယ်ဆိုရင် ဆက်ပြီးတော့ ဆေးကုသခံဖို့ မရှိနိုင်ဘူး။ နောက်အနဲဆုံးတော့ အိမ်ထောင်ရဲ့ စားဝတ်နေရေး တော်တော် ကျပ်တည်းသွားမယ် ပေါ့လေ။ အဲဒါကြောင့် အလုပ်လုပ်နေသူတွေရဲ့ အန္တရာယ်ကင်းဖို့က အင်မတန်မှ အရေးကြီးပါတယ်။ အသက်သေတာတင် မဟုတ်ပဲနဲ့ သူ့မှာ တကယ်လို့ ကိုယ်လက်အင်္ဂါ ထိခိုက်မယ်၊ တကယ်လို့သာ မသန်မစွမ်းဖြစ်သွားလို့ ရှိရင် ဒီမိသားစုကို ရှာဖွေ ကျွေးမွေးနိုင်မှာ မဟုတ်တော့ပါဘူး။
ဒီလောက်အရေးပါတဲ့ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးအတွက် - မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနဲ့ ပါတ်သက်ပြီးအန္တရာယ်ကင်းရေးကို ဘယ်လောက်အလေးထားတယ် ဆိုတာကြည့်ရအောင်ပါ
အခုလောလောဆယ်တော့ ဘယ်သူမှ အလေးမထားသေးပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ အခုမှ စပြီးတော့ ထူထောင်ခါစ ဆိုတော့ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကိုလည်း အခုမှ စပြီးတော့ လုပ်ကြတာပါ။ အရင်တုန်းက ဒီလောက်မလုပ်ကြပါဘူး။ အလုပ်ထဲမှာ မတော်တဆဖြစ်တာတို့ သေတာတို့ အတော်များများဖြစ်ပါတယ်။ နောက် မြန်မာနိုင်ငံက အလုပ်သမား ၇၀ ရာနှုံးကလည်း စိုက်ပျိုးရေး လုပ်သားတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီစိုက်ပျိုးရေးနဲ့ ပါတ်သက်လို့ ဘယ်သူမှ မလုပ်ကြပါဘူး။ ဒီလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ပေါ့လေ။ အထူးသဖြင့် လယ်သမားတွေရဲ့ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးပေါ့။
အရှေ့တောင်အာရှနိုင်ငံတွေမှာရော အထူးသဖြင့် ဦးအေးငြိမ်းအခု တာဝန်ထမ်းဆောင်နေတဲ့ စင်္ကာပူလို နိုင်ငံမျိုးမှာ ဘယ်အတိုင်းတာထိ စိတ်ဝင်စားကြပါလဲ။ ဘာတွေ လုပ်နေလဲ သိပါရစေ။
စင်္ကာပူကတော့ first world ဖြစ်တဲ့ အခါကျတော့ ဒီ safety နဲ့ ပါတ်သက်လို့ နိုင်ငံတကာ အဆင့်တန်းမှီ လုပ်နေကြတာပါ။ စိုက်ပျိုးရေးနဲ့ ပါတ်သက်လို့ကတော့ ဒီမှာ မြေအလှပြင်တာ။ horticulture ရှိတယ်။ Landscaping ရှိတယ်။ အဲဒီအောက်မှာ သူတို့ အတော်များများ လုပ်ကြပါတယ်။ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးကို သူက ဥပဒေတရပ်အနေနဲ့ မဖြစ်မနေ လုပ်ကြရတာဆိုတော့ သူက တကယ်ကို လက်တွေ့အကောင်အထည် ဖေါ်ရပါတယ်။ တကယ်လို့ သူတို့ ချမှတ်ထားတဲ့ ဥပဒေကို မလိုက်နာလို့ ရှိရင် ထိထိရောက်ရောက် အရေးယူတာတွေ ရှိပါတယ်။ ဒါပေမယ့် စင်္ကာပူနိုင်ငံကလွဲလို့ တခြားနိုင်ငံတွေ မှာတော့ သိပ်ဒါလောက်လုပ်တာ မတွေ့သေးပါဘူး။ ဒီအရှေ့တောင် အာရှ အနေနဲ့ ဆိုရင်ပေါ့နော်။ ဒီမလေးရှားတို့၊ အင်ဒိုနီးရှားတို့၊ ထိုင်းတို့မှာ ံH ဒါလောက်ထိတော့ မရှိသေးပါဘူး။ ပြီးတော့ စာအုပ်စာတမ်းတွေ အနေနဲ့ နဲနဲပါးပါးပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီနဲနဲပါးပါးကိုလည်းပဲ သိပ်ပြီးတော့ အကောင်အထည်ဖေါ်တာ မတွေ့ရသေးပါဘူး။ အဲဒါကြောင့် ကျွန်တော်က မြန်မာနိုင်ငံမှာ စပြီးတော့ အကောင်အထည်ဖေါ်သင့်တယ်လို့ မြင်ပါတယ်။
လယ်ယာကိုင်းကျွန်း လုပ်ငန်းတွေအတွက် ကြုံရနိုင်တဲ့ ယေဘူယျ အန္တရာယ်တွေကို နဲနဲ ရှင်းပြပေးပါ။ ဘယ်အန္တရာယ်တွေက တကယ်တမ်းစိုးရိမ်စရာ အနေထားမှာ ရှိနေတယ် ဆိုတာကို။
အဓိက ကတော့ စက်မှုအန္တရာယ် ရှိမယ်။ နောက်တခုက လယ်ထဲမှာ ဘယ်သူမဆို ပိုးသတ်ဆေးတို့ ပေါင်းသတ်ဆေးတို့ စသည်ဖြင့်ပေါ့ သုံးရတဲ့ အခါကျတော့ အဲဒီဓါတုဗေဒ ဆေးဝါးတွေရဲ့ အန္တရာယ်ကလည်း ကြီးပါတယ်။ နောက်အရေးအကြီးဆုံးတချက်က မြွေကိုက်တာပါ။ လယ်ထဲ တောထဲရောက်တဲ့အခါမှာ ခြုံပုပ်တို့၊ ကောက်လှိုင်းတို့ စတာတွေကနေပြီးတော့ မြွေတွေထွက်ပြီး ကိုက်တတ်ပါတယ်။ နောက် မြန်မာနိုင်ငံမှာလည်း မြွေကိုက်တာ တနှစ်ကို သောင်းဂဏန်းလောက် ရှိပါတယ်။ အဲတော့ အဲဒီဟာကအရေးကြီးပါတယ်။ နောက်တခုက ရာသီဥတုနဲ့ ပါတ်သက်လို့ပေါ့နော် အပူရှပ်တာတို့၊ အအေးမိတာတို့၊ အရေးအကြီးဆုံးကတော့ မိုးကြိုးပစ်တာပါ။ မြန်မာပြည်မှာ မိုးကြိုးပစ်တာ တော်တော်များပါတယ်။ ဒီတော့ မိုးကြိုးပစ်တဲ့ အန္တရာယ်လည်း သူတို့ ဘယ်လိုရှောင်ရမလဲ ဆိုတာကို သူတို့ ဘယ်လို ရှောင်ရမယ် ဆိုတာကို အခြေခံ ဗဟုသုတအနေနဲ့ သိထားလို့ ရှိရင် ပိုပြီးတော့ကောင်းပါတယ်။ ဒါက အဓိကလယ်ယာလုပ်ငန်းခွင်မှာ တွေ့ရတဲ့ အန္တရာယ်ပါ။
ဒီလို ကြီးမားတဲ့ အန္တရာယ်တွေ မကြုံတွေ့ဖို့ ရှောင်နိုင်ရေးမှာ အစိုးရဟာ အရေးကြီးတဲ့ ကဏ္ဍကနေပါဝင်ဖို့ လိုတယ်လို့ ဆိုပါတယ်
အကယ်၍ လယ်ယာလုပ်ငန်းမှာ စက်တွေ သုံးမယ်ဆိုရင် လယ်သုံးထွန်စက်ကို သုံးမယ်ဆိုလို့ရှိရင်ပေါ့နော်။ စံနစ်တကျ မသုံးတတ်ရင် လယ်သုံးထွန်စက်ကနေ ရတဲ့ အန္တရာယ်တွေ ရှိနိုင်တယ်။ အကယ်၍ မိုးကြိုးပစ်တဲ့ အန္တရာယ်ကို ဘယ်လိုရှောင်ရမလဲ ဆိုတာ မသိလို့ ရှိရင် မိုးကြိုးပစ်တာ ခံရမယ့် အန္တရာယ်ရှိတယ်။ နောက်ပြီးတော့ မီးအန္တရာယ်လည်း ရှိပါတယ်။ လယ်ယာလုပ်ငန်းခွင် ဆိုပေမယ့် မီးအန္တရာယ်လည်း ပါပါတယ်။ အဲဒီတော့ မီးမလောင်အောင် ဘယ်လိုတွေ တားဆီးရမယ်၊ ကာကွယ်ရမယ် စသဖြင့် ဗဟုသုတ ရှိထားလို့ ရှိရင် မီးအန္တရာယ်ကိုလည်း သူတို့ ကာကွယ်လို့ ရပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တဲ့ နေရာမှာ လယ်သမားတွေနဲ့တင် မဖြစ်ပါဘူး။ အဓိကက အစိုးရရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ အစိုးရအနေနဲ့ ဥပဒေတွေ ချမှတ်ပြီး လုပ်ပေးဖို့ ရှိပါတယ်။ နောက်ဘယ်ဟာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်း ဥပဒေတွေပါ ပြဌာန်းပေးဖို့ ရှိတယ်။ နောက်ပြီးတော့ code of practice ပေါ့နော် လုပ်ငန်းလမ်းညွှန်တွေ ထုတ်ပေးရမယ်။ နောက်ပြီးတော့ ပညာပေးရမယ်။ အဲဒါမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပေးဖို့ လိုပါတယ်။
အဓိကကတော့ ပထမ စပြီးလုပ်ပေးနိုင်တာကတော့ ပညာပေးတာကို လုပ်နိုင်တာပေါ့နော်။ နောက်ပြီး သင်တန်းတွေ ပေးလို့ ရတယ်။ စာအုပ်စာတမ်းတွေ၊ လက်ကမ်းစာစောင်တွေ၊ ပိုစတာတွေ ရိုက်ပြီးတော့ ဝေလို့ ရတယ်။ ဟောပြောပွဲတွေ လုပ်လို့ ရတယ်။ လောလောဆယ် အများကြီးလုပ်လို့ ရတာပေါ့နော်။ ဒါပေမယ့် ဥပဒေတို့၊ နည်းဥပဒေတို့၊ code of practice တို့ ဆိုတာကတော့ ချက်ချင်းဖြစ်ဖို့ မလွယ်ပါဘူး။ သူက ၂ နှစ် ၃ နှစ်တန်သည်၊ ၅ နှစ်တန်သည် စသဖြင့် ရေးဆွဲရမှာ ဖြစ်တဲ့အတွက် လောလောဆယ်တော့ အကောင်ထည်ဖေါ် လို့ မဖြစ်နိုင်သေးပါဘူး။ အကောင်ထည်ဖေါ်လို့ ရတာကတော့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတို့၊ ဟောပြောပွဲတွေလုပ်တာ၊ သရုပ်ပြပွဲတွေလုပ်တာတို့၊ သင်တန်းတွေ ပေးတာတို့ အဲဒါတွေ လုပ်လို့ ရပါတယ်။
စိုက်ပျိုးရေးမှာ လုပ်ငန်းခွင် အန္တရာယ်ကင်းစေဖို့ အကြမ်းဖျင်းအားဖြင့် သိထားသင့်တဲ့ အချက်တွေက ဘာတွေပါလဲ။
သူတို့အနေနဲ့ ယေဘူယျ အန္တရာယ်ကင်းခြင်း စည်းမျဉ်းတွေကို သိထားလို့ ရှိရင်တော့ ပိုပြီးတော့ အသုံးတဲ့ပါလိမ့်မယ်။ အဲဒီအထဲမှာ စက်တွေ မောင်းလို့ ရှိရင် အရက်မူးပြီးမောင်းလို့ ရှိရင် အန္တရာယ် ဖြစ်ဖို့ ပိုပြီးတော့ များပါတယ်။ အရက်မူးလို့ရှိရင် စက်ကိုမမောင်းရပါဘူး။ စက်ကိုမောင်းမယ် ဆိုလို့ရှိရင် အရက်မသောက်ရပါဘူး။ ဒါပထမဆုံး အရေးကြီးတဲ့ အချက်ပါ။ နောက်တခုက ပစ္စည်းမ-တာပါ။ ပစ္စည်းတွေ မ-တဲ့အခါ ဘယ်လိုမ-ရမယ် ဆိုတာကို မသိလို့ ရှိရင် ခါးနာတတ်ပါတယ်။ ခါးနာတာက တော်တော်နဲ့ မပျောက်တတ်ပါဘူး။ သူက တသက်လုံးဖြစ်တတ်တဲ့ ရောဂါပါ။ အဲဒီတော့ ပစ္စည်းတွေကို သေသေချာချာ ကျကျနန ဘယ်လိုမ-ရမယ် ဆိုတာကို သူတို့ အနေနဲ့ သိထားဖို့ လိုပါတယ်။ စံနစ်တကျ မ-တတ်လို့ ရှိရင် ခါးနာတာကို မဖြစ်အောင်လို့ ကာကွယ်လို့ ရပါတယ်။ ဒါပေမယ့် သေချာ မပြောပြပဲနဲ့တော့ သူတို့ သိမှာ မဟုတ်ပါဘူး။
နောက်တခုက ရာသီဥတု။ စိုက်ပျိုးရေးသမား တွေ ဆိုတာကတော့ အမြဲတမ်းကို သူက နေပူထဲမှာ မိုးရွာထဲမှာ လုပ်တဲ့အခါမှာ ရေများများ သောက်ဖို့ အရေးကြီးပါတယ်။ တနေ့စာသောက်ဖို့ လိုအပ်တဲ့ရေကို သောက်မိဖို့ အရေးကြီးပါတယ်။ တကယ်လို့ ခန္ဓာကိုယ်ထဲမှာ dehydration ပေါ့၊ ရေဓါတ်ချို့တဲ့မယ် ဆိုရင် လည်း အန္တရာယ်များပါတယ်။ မူးတာမေ့တာ စသဖြင့် ဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ ရာသီဥတုဒါဏ် ခံနိုင်ဖို့ လက်ရှည်အင်္ကျီ ဝတ်ဖို့ ခမောက်ဆောင်းဖို့ အရေးကြီးပါတယ်။ ဒါတွေက ကြည့်လိုက်လို့ ရှိရင်တော့ သိပ်အရေးမကြီးသလို ထင်ရပေမယ့် အလွန် အင်မတန် အရေးကြီးပါတယ်။
နောက်တခုက ကိုယ်သုံးမယ့် လက်သုံးကရိယာတွေကို ကျကျနန နေ့တိုင်းစစ်ဆေးဖို့ အရေးကြီးပါတယ်။ နောက်တခုက အဲဒီလက်သုံးကရိယာတွေကို အလွယ်တကူ၊ ကလေးတွေ မှီတဲ့နေရာမှာ မထားသင့်ပါဘူး။ ကလေးတွေက အဲဒီ လက်သုံးကရိယာတွေကို ဆော့မယ် ကစားမယ် ဆိုရင်လည်း ဒါဟာ သူတို့အတွက် အန္တရာယ် ရှိပါတယ်။ ဒါက လယ်ယာလုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးအတွက် မဖြစ်မနေ လိုအပ်တဲ့ အခြေခံ စည်းမျဉ်းတွေ ပေါ့နော်။
လုပ်ငန်းခွင် အန္တရာယ်ကင်းရေးဆိုင်ရာ အကြံပေး ဦးအေးငြိမ်းပါ။ ပိုးသတ်ဆေးသုံးနေတာကနေ ကြုံတွေ့ရတတ်တဲ့ အန္တရယ်တွေကိုတော့ နောက်တပါတ်မှာ ပြောပြပေးဖို့ ရှိပါတယ် ဆိုတာကိုတင်ပြရင်း ဒီသီတင်းပါတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲရပ်နားလိုက်ပါရစေ။
XS
SM
MD
LG