သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတ်ငွေ့ပိုက်လိုင်း အန္တရာယ် အပိုင်း (၂)


Environmental Effect (Shwe Gas)
Environmental Effect (Shwe Gas)

ပိုက်လိုင်း ယိုစိမ့်မှုတွေ ပေါက်ကွဲမှုတွေ လိုမျိုး ဓါတ်ငွေ့ ပိုက်လိုင်းတွေမှာ ဖြစ်ပွါးတတ်တဲ့ မတော်တဆ အန္တရာယ်တွေ နဲနိုင်သမျှ နဲအောင် လုပ်ဖို့အတွက် လိုအပ်တာတွေကို ဒီတပါတ်မှာ ပြောပြပါရစေ။

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းအထိ သွယ်တန်းတဲ့ ရွှေသဘာ၀ ဓါတ်ငွေ့ပိုက်လိုင်းအတွက် အပြီးသတ်ရမယ့် သတ်မှတ်ကာလကို ရောက်လာနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ မြို့ရွာ အတော်များများကို ဖြတ်သန်းပြီး လောင်စာ ဓါတ်ငွေ့ွ့တင်ပို့မယ့် ဒီပိုက်လိုင်း နဲ့ ပါတ်သက်ပြီး ဒေသခံတွေကတော့ ဂဃနဏ မသိကြသေးပါဘူး။

ဓါတ်ငွေ့ပိုက်လိုင်းတွေ ရှိတဲ့ ဒေသတွေမှာ အများဆုံး ကြုံရတတ်တာက ပိုက်လိုင်းပေါက်ကွဲမှှုတွေ၊ ပိုက်လိုင်းကနေ ဓါတ်ငွေ့ ယိုစိမ့်မှုတွေပါ။ ဒါ့ကြောင့် ပိုက်လိုင်းကို မသုံးခင်မှာ ပထမဦးဆုံး လုပ်သင့်တာက ဓါတ်ငွေ့ထုတ်လွှတ်မယ့် ပိုက်တွေရဲ့ အရည်အသွေးကို စံနစ်တကျ စစ်ဆေးဖို့ ဖြစ်တယ်လို့ ပိုက်လိုင်းအင်ဂျင်နီယာ ဦးအေးငြိမ်းက ပြောပါတယ်။

ပိုက်က စပြီးတော့ ထွင်တော့မယ် ဆိုတာနဲ့ ပိုက်ရဲ့ အရည်အသွေးကို စစ်ဖို့ လိုပါတယ်။ ပိုက်က အရှည်ကြီး ချပြီး ခင်းထားတဲ့ အခါ ပိုက်တလုံးနဲ့ တလုံး ဂဟေဆော်ပြီး ဆက်ရပါတယ်။ အဲဒီလို ဆက်တဲ့နေရာမှာ ဂဟေဆက်တွေ သေသေချာချာ ကောင်းဖို့ လိုပါတယ်။ အကယ်၍ ဂဟေဆက်တွေ မကောင်းဘူး ဆိုရင် ဒီဂဟေဆက်ကနေ ဓါတ်ငွေ့တွေ ယိုစိမ့်တာမျိုး ဖြစ်တတ်တယ်။ အဲဒီအခါမှာ နဲနဲ ဓါတ်ငွေ့ယိုစိမ့်တာ ကနေပြီးအဲဒီနေရာမှာ ဓါတ်ငွေ့တွေ စုလာမယ်။ စုလာတဲ့အခါ မတော်တဆ မီးပွါးတွေ ကျလို့ ရှိရင် ထပြီးတော့ ပေါက်ကွဲတာမျိုး ဖြစ်နိုင်ပါတယ်။

နောက်တခုက ပိုက်က မြေကြီးထဲမှာ မြှုပ်ထားတဲ့ အခါကျတော့ မြေကြီးကို သေသေချာချာ ကျကျ နန ပြန်ပြီးတော့ မဖုံးရင် အဲဒီမြေကြီး အပေါ်မှာ တစုံတခု ဥပမာ အဲဒီအပေါ်မှာ ကားတက်မောင်းသွားမယ်၊ လှည်းတက်မောင်းသွားမယ်ဆိုရင် ပိုက်ကို သွားပြီးတော့ထိနိုင်ပါတယ်။ အဲဒီအခါမှာ ပိုက်က ဒဏ်ရာရပြီးတော့ အက်နိုင်ပါတယ်။ အဲဒီအက်တဲ့နေရာကနေ ဓါတ်ငွေ့တွေ ထွက်လာပါမယ်။ ဓါတ်ငွေ့ထွက်ပြီးတော့ အဲဒီနေရာမှာ တကယ်လို့ မီးပွါးတွေနဲ့ တွေ့မယ် ဆိုရင် ထပြီးတော့ ပေါက်ကွဲတာမျိုး ဖြစ်နိုင်ပါတယ်။

ရွှေဂက်စ် ပိုက်လိုင်း လုပ်ပြီး သိပ်မကြာခင် အဲ ဒီနှစ်ထဲမှာပဲ မြေပြိုမှု တခါ ဖြစ်ခဲ့ပါသေးတယ်။ မြေပြိုတယ် ဆိုတာ ပိုက်လိုင်းကို ဖုံးထားတဲ့ မြေသား ပြိုကျတာပေါ့နော်။ အပေါ်ကနေပြီးတော့ ကားတွေဘာတွေ မောင်းလို့ ဖြစ်မှာပေ့ါ။ ဒါကိုကြည့်ခြင်းအားဖြင့် ပိုက်လိုင်းဟာ စတောင် မစရသေးဘူး။ ဒီလိုဟာမျိုးတွေ ဖြစ်တယ်ဆိုတော့ ကျွန်တော့် အနေနဲ့ မြင်သလောက်ကတော့ အန္တရာယ်များတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လို Standard စံနှုံးတွေနဲ့ လုပ်ထားသလဲဆိုတာ ကျွန်တော်တို့ သေချာမသိပါဘူး။

ပိုက်လိုင်းတွေ မြေအောက်က ဖြတ်ဖေါက်တာပဲဖြစ်ဖြစ် မြေပေါ်ကနေ ဖေါက်ထားတာဖါက်ထားတာပဲ ဖြစ်ဖြစ် ပဲဖြစ်ဖြစ် ပါတ်ဝန်းကျင် ဒေသခံတွေ အတွက် အဓိက သတိထားရမယ့် အချက်တွေက ဘာတွေပါလဲ။ နဲနဲ ရှင်းပြပေးပါ။

ပိုက်လိုင်းပြေးပြီးသွားပြီ ဆိုရင် အဲဒီပိုက်လိုင်း တလျှောက်မှာ အမှတ်အသားတွေ စိုက်ထူးထားဖို့ အရေးကြီးပါတယ်။ အဲဒါကို အဲဒီပိုက်လိုင်း လုပ်တဲ့ ကုမ္ပဏီက လုပ်ရမှာပါ။ ဒီမြေအောက်မှာ ပိုက်လိုင်း ရှိတယ်။ ဒီနားမှာ ကားဖြတ် မမောင်းရဘူး။ မီးမဖိုရဘူး၊ စသဖြင့် အဲဒီအမှတ်အသားတွေ စိုက်ထားဖို့ လိုပါတယ်။ နောက်ပြီးတော့ ပိုက်လိုင်းတလျှောက်မှာ ပိုက်လိုင်းကို အဆက်ဖြတ်ပေးမယ့် Valve ဘားတွေ တပ်ထားလေ့ ရှိပါတယ်။ အဲဒီ ဘားတွေကိုလည်းပဲ တစုံတယောက်က ဝင်ပြီးတော့ အကြောင်းတစုံတခုကြောင့် ဖွင့်တာတို့ ပိတ်တာတို့၊ မလုပ်နိုင်အောင်လို့ ခြံခတ်ပြီးတော့ ခြံကိုလည်း သေချာ သော့ခတ်ထားရမယ်။ အဲဒီအပေါ်မှာလည်း စာတမ်းတွေနဲ့ သေချာ မြင်သာ ထင်သာဖြစ်အောင် ရေးထားရမယ်ပေါ့။

တောင်သူ လယ်သမားတွေ အနေနဲ့ကတော့ မြေအောက်မှာ ဒီပိုက်ရှိမှန်း သိချင်မှ သိမယ်။ တကယ်လို့ သိရင်တောင်မှ ပိုက်တွေ ဘာပိုက်မှန်းသူတို့ သိချင်မှ သိမယ်ပေါ့။ အဲဒီအခါကျတော့ အဲဒီအနီးအနားမှာ မီးဖိုတာတို့၊ မီးရှို့တာတို့၊ စသဖြင့်လုပ်မှာကတော့ သေချာပါတယ်။ နောက် အဲဒါက လယ်ကွက်တွေထဲမှာ ဖြတ်ပြီးတော့ သွားမယ် ဆိုလို့ ရှိရင် ဒီအပေါ်မှာ ထယ်ထိုးမယ် လယ်ထွန်မယ်၊ နောက် လှည်းတွေ မောင်းမယ်၊ ထော်လာကျည် စသဖြင့် အဲဒါတွေ မောင်းမယ်ပေါ့နော်။ လယ်သမားတွေကတော့ သူတို့ မသိလို့ ရှိရင် အဲဒီမှာ လုပ်ကြမှာပါပဲ။ အဲဒီတော့ အရေးကြီးတာက အဲဒီ ပိုက်လိုင်းဖြတ်သွားမယ့် နေရာမှာ ရှိတဲ့ ရွာတွေ အဲဒီမြို့ခံတွေကို ခေါ်ပြီးတော့၊ ဒီပိုက်လိုင်းနဲ့ ပါတ်သက်ပြီး ဘယ်လိုသတိထား ရမယ် ဆိုတာကို ကုမ္ပဏီ တွေကနေ လိုက်ပြီး ပညာပေး လှုံ့ဆော်တာမျိုးတွေ အရေးကြီးပါတယ်။ ဒါက ပိုက်လိုင်းပိုင်တဲ့ တရုတ် ကုမ္ပဏီ ကနေပြီးတော့ လုပ်ရမှာပါ။

ရတနာတို့ ရဲတံခွန်တို့ ဘက်မှာ အနောက်တိုင်း
ကုမ္ပဏီတွ ဦးဆောင်ပြီးလုပ်တဲ့အခါမှာ တချို့ ဥယာဉ်လေးတွေ ပြန်ပြီးလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလိုလုပ်ပေးဖို့ကိစ္စဟာ ဘယ်လောက်အတိုင်းအတာအထိ အရေးကြီးပါသလဲ

ဓါတ်ငွေ့ပိုက်လိုင်းဖေါက်တော့မယ့်၊ ပိုက်လိုင်းပြေးတော့မယ် ဆိုရင် အဲဒီတလျှောက်မှာရှိတဲ့ မြေကို အနဲဆုံး ပေ၅၀ လောက်အတွင်း သူတို့ ရှင်းပစ်ရပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းကို အောက်မှာ ချဖို့ အတွက် နောက် အဲဒီဘေးမှာ ဓါတ်ငွေ့ပိုက်လိုင်းတင်ဖို့တို့၊ နောက် ပိုက်တွေသယ်တဲ့ကားတွေ သွားဖို့တို့၊ အဲဒီလို လမ်းတွေ ဖေါက်လိုက်တဲ့ အခါကျတော့ အဲဒီပါတ်ဝန်းကျင်မှာ ရှိတဲ့၊ သဘာဝတောတောင် ရေမြေတွေ အကုန်လုံး ပျက်စီးသွားပါတယ်။ အပေါ်ယံမြေလွှာနဲ့ အောက်ခံမြေလွှာ မတူပါဘူး။ မတူတဲ့ အခါကျတော့ အပေါ်ယံမြေလွှာတွေကို အောက်ကိုချ၊ အောက်ကမြေလွှာတွေကို အပေါ်ကိုတင်ဆိုရင် အဲဒါသဘာဝပျက်သွားပါတယ်။ အဲဒီအခါကျတော့ နဂိုရှိတဲ့ အပင်မျိုး ထပ်ပြီးပေါက်ဖို့ မလွယ်ဖြစ်သွားပါတယ်။ အဲဒီတော့ သူတို့ အနေနဲ့ မြေကြီးစပြီး တူးကတည်းက top soil နဲ့ sub soil ကို အပေါ်ယံမြေလွှာကို သပ်သပ်ခွဲထား၊ နောက်ပြန်ပြီးမြေဖို့တဲ့အခါ အောက်ကမြေကြီးကို အရင်ဖို့ ပြီးမှ အပေါ်ဆုံးမှာ အပေါ်ယံမြေလွှာကို ပြန်ပြီးတော့တင်။ သတ်မှတ်ထားတဲ့ မြေရဲ့ သိပ်သည်းဆ ရအောင်လို့ ဖို့ပေးရပါတယ်။ အဲဒီလို့ ဖို့ပြီးမှ အပေါ်မှာ အပင်တွေ ပြန်ပြီးတော့ စိုက်ပေးရပါတယ်။

အဲဒီ ရတနာနဲ့ ရဲတံခွန် ဓါတ်ငွေ့ ပိုက်လိုင်းကကျတော့ အနောက်နိုင်ငံတွေကလုပ်တဲ့ ဓါတ်ငွေ့ ပိုက်လိုင်းတွေဖြစ်တော့၊ နောက်ပြီး လောလောဆယ် operation ကသူတို့ပဲ ိကိုင်တယ် ဆိုတဲ့ အခါကျတော့ သူတို့အဲဒီမှာ ကျတော့ သိပ်ပြီး အန္တရာယ် မကြီးဘူးလို့ ယူဆရပါတယ်။ သူတို့ စံနစ်နဲ့ သူတို့ လုပ်တဲ့အခါကျတော့။ ဒါပေမယ့် ရွှေဓါတ်ငွေ့ ပိုက်လိုင်းကတော့ သူတို့ ဘယ်လိုစံနစ်တွေနဲ့ လုပ်သလဲတော့ ကျွန်တော်တို့ မသိပါဘူး။ အမှန်ကတော့ အဲဒီ ပိုက်လိုင်း ပြီးသွားပြီ ဆိုလို့ ရှိရင် အပေါ်မှာ အပင်တွေ ပြန်ပြီး စိုက်ပေးဖို့ လိုပါတယ်။ အနဲဆုံးတော့ မြက်ပေါ့နော်။ မြက်တွေ သေချာ ပြန်ပြီး စိုက်ပေးဖို့က အရေးကြီးပါတယ်။


သဘာ၀ ဓါတ်ငွေ့ ပို့မယ်ဆိုရင် ပိုက်လိုင်းတခုမှာ ရှိသင့်တဲ့ အရည်အသွေး၊ ဒါနဲ့ ပါတ်သက်ပြီး သတ်မှတ်ချက် အဓိက ဘာတွေ ရှိပါသလဲ
ဓါတ်ငွေ့ ပိုက်လိုင်းဆိုတာက ဆင်ပြီးသွားပြီဆိုတာနဲ့ တခါထည်း ပစ်ထားလိုက်လို့ မရပါဘူး။ maintenance လို့ ခေါ်တဲ့ အမြဲထိမ်းသိမ်း ရမယ့် အစီအစဉ် program တွေရေးဆွဲထားရပါတယ်။ ဆိုလိုတာက ဒီ ဓါတ်ငွေ့ ပိုက်လိုင်းရဲ့ အထဲမှာ သူ့ အတွင်းသားကို စစ်တဲ့ စံနစ်တွေ ရှိပါတယ်။ အဲဒါနဲ့ လွှတ်ပြီး စမ်းကြည့်တယ်။ ကြားထဲမှာ station လေးတွေ ထားပါတယ်။ ဥပမာအားဖြင့် ဆယ်မိုင်ကို
station တခု အစရှိသဖြင့်ပေါ့ အဲဒီ ဓါတ်ငွေ့ပိုက်လိုင်း စခန်းလေးတွေ ထားပြီးတော့၊ စခန်းကနေ အဲဒီပါတ်ဝန်းကျင် သူ့သတ်မှတ်ထားတဲ့ အကွာအဝေးအထိကို သူတို့က အမြဲတမ်းစောင့်ကြည့် နေရပါတယ်။ အဲဒီ ဓါတ်ငွေ့ ပိုက်လိုင်းဟာ အခြေနေကောင်းရဲ့လား။ ယိုစိမ့်သလား။ ယိုစိမ့်မယ့် လက္ခဏာ ရှိသလား အစရှိသဖြင့်ပေါ့။ နောက် အထဲမှာ ဓါတ်ငွေ့ဖြတ်သွားတာ ဘယ်လောက်ရှိသလဲ၊ အဲဒီ ဓါတ်ငွေ့ဖြတ်သွားနေတာဟာ ပုံမှန် ဟုတ်ရဲ့လား။ ဒါမှမဟုတ် ပိုပြီးတော့ နဲသွားသလား၊ များလာသလား စသဖြင့်ပေါ့။ အမြဲတမ်းအဲဒီဟာကို သူတို့စောင့်ကြည့်ဖို့ တော့ လိုမှာဖြစ်ပါတယ်။ အကယ်ရ တစုံတခုဖြစ်လာပြီဆိုရင် ဓါတ်ငွေ့ပိုက်လိုင်းကို ပြန်ပြီးတော့ ပြုပြင်ထိမ်းသိမ်းတာလုပ်ဖို့ သိပ်ကိုအရေးကြီးပါတယ်။
ဓါတ်ငွေ့ပိုက်လိုင်းကို မြေထဲမှာ မြှုပ်ထားတဲ့ အခါကျတော့ အဲဒီပိုက်လိုင်းကို သံချေးမတက်အောင်လို့ ဆေးသုတ်တဲ့ အရည်အသွေးတွေ အဲဒီလိုမျိုးအများကြီး ရှိပါတယ်။ တကယ်လို့ တစုံတခုကြောင့် ဓါတ်ငွေ့ပိုက်လိုင်းက ဖုံးထားတဲ့ မြေကြီး ပေါ်သွားပြီး တော့ ဓါတ်ငွေ့ပိုက်လိုင်း သံချေးတက်မယ် ဆိုရင် ဓါတ်ငွေ့ ပိုက်လိုင်းအတွက် အန္တရာယ် ရှိပါတယ်။ အဲဒီတော့ သူတို့ အဲဒါကိုလည်း သိထားဖို့ လိုပါတယ်။ အဲဒီလို ပေါ်သွားပြီ ဆိုလို့ ရှိရင် သံချေးတက်တဲ့ နေရာကို သူတို့ ချက်ချင်းပြန်ပြီးတော့ ဆေးတွေ ဘာတွေသုတ်၊ သေသေချာချာ အကျအန မြေပြန်ဖို့၊ အဲဒီဟာတွေ လုပ်ဖို့ အရေးကြီးပါတယ်။ အဲဒါက သူတို့ ခဏလေးနဲ့ မဟုတ်ပဲနဲ့ အမြဲတမ်း၊ ဓါတ်ငွေ့ပိုက်လိုင်း ရှိနေသမျှ ကာလပတ်လုံး ပြုပြင် ထိမ်းသိမ်းနေရမယ့် အရာတွေပါ။
လုပ်ငန်းခွင် အန္တရာယ်ကင်းရေးဆိုင်ရာ အကြံပေးဖြစ်တဲ့ ပိုက်လိုင်း အင်ဂျင်နီယာ ဦးအေးငြိမ်းပါ။
XS
SM
MD
LG