သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

iPhone နဲ့ မိုက်ခရိုစကုပ်


iPhone နဲ့ မိုက်ခရိုစကုပ်
iPhone နဲ့ မိုက်ခရိုစကုပ်
Apple ကုမ္ပဏီထုတ် iPhone တွေကို ဖုံးဆက်တဲ့နေရာမှာတင်မကပဲ ဓါတ်ပုံရိုက်တာနဲ့ video ရိုက်တာဖို့ပါ သုံးနိုင်တဲ့အပြင် ကစားနည်း မျိုးစုံလည်း သူ့ကိုသုံးပြီး ကစားနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ သူ့ကိုဆိုပါတယ်။ ဘာ့ကြောင့် ဒီလိုပြောနိုင်တယ်ဆိုတာ ကြည့်ရအောင်ပါ။



မိုက်ခရိုစကုပ်လို့ခေါ်တဲ့ အနုကြည့်မှန်ပြောင်းတွေဟာ ရောဂါရှာဖွေရေးမှာ သိပ်ကို အရေးပါတဲ့ ပစ္စည်းတမျိုးပါ။ ဒါပေမယ့် သူ့ကို အာဖရိကတိုက်က Tanzania လို နိုင်ငံမျိုးမှာရှိတဲ့ ကျေးလက်ဒေသ တွေမှာဆိုရင်တော့ လွယ်လွယ်ကူကူရဖို့ မမျှော်လင့်နိုင်ပါဘူး။ ဒါပေမယ့် အခုအခါမှာ ပိုက်ဆံနဲနဲသုံးပြီး တီထွင်ပြုပြင်လိုက်ရင် iPhone ကနေ ရောဂါရှာဖွေရေး ကရိယာတခု အဖြစ်ကို ပြောင်းလာနိုင်ပြီ ဖြစ်ပါတယ်။ တခြား smart phone တွေကိုလည်း ဒီလိုပဲ သုံးနိုင်တာပါ။

iPhone ကနေ မိုက်ခရိုစကုပ်ကို ပြောင်းနိုင်ရေးအတွက် လေ့လာတွေ့ရှိချက်တွေကို အမေရိကန် ဆေးပညာ ဂျာနယ်တစောင်ဖြစ်တဲ့ အပူပိုင်းဆေးပညာနဲ့ တကိုယ်ရေကျန်းမာရေး စာစောင်မှာ ကနေဒါနိုင်ငံ Toronto အထွေထွေ ရောဂါကုဆေးရုံကြီးက ကူးစက်ရောဂါ ဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာ Issac Bogoch ဦးဆောင်တဲ့ သုတေသန ပညာရှင်တွေက ရေးသားခဲ့ပါတယ်။

ဒီလိုသုံးဖို့ အတွေးအခေါ် ဘယ်ကစ ရလာတယ် ဆိုတာကစပြီး ဘယ်လို သုံးဖို့ လုပ်တယ်ဆိုတာတွေကို VOA သတင်းထောက် Joe De Capua က ဒေါက်တာ အိုင်ဇက်ကို ဆက်သွယ်မေးမြန်းထားတာတွေကို ပြန်ပြီး ပြောပြပေးမှာပါ။



“ဒီလိုလုပ်ဖို့ ဆေးပညာဆိုင်ရာ စာတွေ ဖတ်ရင်း စိတ်ကူးရလာတာပါ။ တချို့စာစောင်တွေမှာ ဆိုရင် ဓါတ်ခွဲခန်းထဲမှာ smart ဖုံးကိုသုံးပြီး မိုက်ခရိုစကုပ်အောက် တွေရတဲ့ပုံအဖြစ် ပြောင်းရိုက်ထားတဲ့ ပုံတွေကို ဖေါ်ပြထားတာ တွေ့ရပြီး အဲဒီပုံတွေဟာ သိပ်ကို ကေင်းနေတာတွေ့ရ ပါတယ်။ ဒါဟာ တကယ်ကောင်းတဲ့ အတွေးအခေါ်လို့ ကျွန်တော်တို့ တွေးမိတယ်လေ။ ဒါ့ကြောင့် ဒါကို လက်တွေ့ကမ္ဘာမှာ သုံးဖို့အတွက် လက်တွေ့သုံးနိုင်တဲ့ ပုံစံ ဖြစ်လာအောင် ဘယ်လိုလုပ်မယ်ဆိုတာ စဉ်းစားတာပါ”

ရလာတဲ့ စိတ်ကူးကို လက်တွေ့ အကောင်ထည်ဖေါ်ဖို့ ဒေါက်တာ အိုင်ဇက် ဘယ်လို စလုပ်တာပါလဲ

“ကျွန်တော်က iPhone 4 S ကို သုံးပါတယ်။ ဒါကလည်း ကျွန်တော့်ဆီမှာ အဲဒီဖုံးရှိနေလို့ပါ။ ဒါပေမယ့် smart phone ရှိရင်လည်း ကင်မရာကောင်းပြီး ချဲ့နိုင်တဲ့ ခလုပ်သာ ပါပါစေ။ ဘယ်အမျိုးအစားနဲ့ မဆို ဒီလိုပဲ သုံးနိုင်ပါတယ်။ ကျွန်တော်တို့ ဝယ်ဖို့ လိုတာက ဘောလုံးလို မှန်ဘီလူး အလုံးလေးတွေပါ။ တခုမှ ၈ ဒေါ်လာလောက်ပဲ ပေးရပါတယ်။ အွန်လိုင်းကတဆင့်လည်း မှာလို့ ရပါတယ်။ နောက် နှစ်ဘက်ကပ်တဲ့ တိတ်လည်း လိုပါတယ်။ ဒါက မှန်ဘီလူး အလုံးလေးနဲ့ iPhone ပေါ်က ကင်မရာမှန်ဘီလူး ၂ ခုတွဲကပ်ဖို့ပါ”


တိုရန်တိုဆေးရုံက ဒေါက်တာ အိုင်ဇက်ဟာ မက်ဆာချုးဆက် အထွေထွေဆေးရုံကြီးက ဆရာဝန်တွေ၊ ဆွစ်ဇလန်နိုင်ငံ အပူပိုင်းနဲ့ လူထုကျန်းမာရေး သိပ္ပံက သိပ္ပံပညာရှင်တွေနဲ့ အတူတွဲပြီး အာဖရိကတိုက် တန်ဇာနီးယားနိုင်ငံမှာရှိတဲ့ Pemba ကျွန်းမှာ သူတို့ရဲ့ စိတ်ကူးကို လက်တွေ့စမ်းသပ်ခဲ့ကြပါတယ်။ သူတို့ အဖွဲ့ စမ်းသပ်တာက အဲဒီကျွန်းက ကလေးငယ်တွေကိုပါ။ ကလေးငယ်တွေရဲ့ အစာအိမ်လမ်းကြောင်းမှာ ဖြစ်ပွါးတဲ့ ရောဂါဆိုင်ရာတွေကို လေ့လာခဲ့ပါတယ်။

“အဲဒီမှာ ကျောင်းသားအရွယ်ကလေးငယ်တွေအတွက် အူလမ်းကြောင်းကပ်ပါးကောင်တွေ ကူးစက်တာအတော်များတာမို့ ဒါကို ကျွန်တော်တို့ လေ့လာကြပါတယ်။ ဒါမျိုးက ကမ္ဘာပေါ်မှာ လူသန်းပေါင်း တထောင်ကျော်ကျော် အကူးစက်ခံနေရတာပါ။”

သူတို့အဖွဲ့ကနေ ကပ်ပါးကောင် ကူးစက်မှုဖြစ်ပွါးနေတဲ့ ကလေးငယ် တွေကို သူတို့ရဲ့ လက်လုပ် မိုက်ခရိုစကုပ်တွေနဲ့ စစ်ဆေးခဲ့ပါတယ်။ ရောဂါဖြစ်ပွါးတာ ဆိုးဝါးတဲ့ အဆင့်ရောက်နေသူတွေကိုရော အခြေနေ သိပ်မဆိုးသေးတဲ့ အလယ်အလတ်အဆင့် ရောက်နေသူတွေကိုပါ အောင်အောင်မြင်မြင် စစ်ဆေးဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုမှကူးစက်ခါစ နုသေးတဲ့ အဆင့်အတွက်တော့ သူတို့ကောင်းကောင်း အဖြေထုတ်မပေး နိုင်သေးဘူးဆိုတာ တွေ့ရပါတယ်။ ဘာပဲပြောပြော နည်းပညာသာ ခုထက် တိုးတက်လာခဲ့ရင် ဒါကိုလည်း စမ်းသပ်နိုင်တဲ့ အခြေနေမျိုါ်ရောက်လာနိုင်တယ်လို့ ဒေါက်တာ အိုင်ဇက်က တွက်ပါတယ်။

“အူထဲမှာပေါက်ပွါးတဲ့ ကပ်ပါးကောင်တွေကို စစ်ဆေးနိုင်ဖို့ အတွက် ကျွန်တော်တို့ ဓါတ်ခွဲခန်းသုံး မှန်ပြားလေးတွေ ကို သုံးပါတယ်။ အဲဒီမှန်ပြားပေါ်မှာ မစင် နမူနာလေးတွေကို တင်ပါတယ်။ အဲဒီအပေါ်မှာ စယ်လိုဖိန်းလို့ခေါ်တဲ့ ပလပ်စတစ်အကြည်လွှာကို အုပ်ထားလိုက်ပြီး အိုင်ဖုံးသုံးပြီးကြည့်တာပါ။ စစ်ဆေးမယ့် မစင် နမူနာတင်ထားတဲ့ မှန်ပြားကို အိုင်ဖုံးနဲ့ တွဲထားတဲ့ ဘောလုံးလို လုံးနေတဲ့ မှန်ဘီလူး နဲ့ ကပ်နေအောင်ထားပါတယ်။ အဲဒီနောက်မှ အနီးအဝေး လိုသလို ချိန်ပြီး ကပ်ပါးကောင် ပါမပါ ကြည့်ရင် လွယ်လွယ်ကူကူ ပဲ မြင်ရပါတယ်”

အူလမ်းကြောင်းမှာ နေလေ့ရှိတဲ့ သံကောင်တွေထဲမှာ Round Worm လို့ခေါ်တဲ့ သံကောင်လုံးတွေကိုရော Hook worm လို့ခေါ်တဲ့ ချိတ်သံကောင်မျိုးတွေကို တွေ့နိုင်ပါတယ်။ ခြေထောက် အရေပြားကို ထိုးဖေါက်ပြီး သွေးလှည့်လမ်းကြောင်းကနေ တဆင့် နောက်ဆုံး အူအမြှေးပါးမှာ ကပ်တွယ်တတ်တဲ့ hookworm လို့ခေါ်တဲ့ ချိတ် သံကောင်မျိုးတွေဟာ အူလမ်းကြောင်းမှာ နေပြီး သွေးကို စုပ်ယူတဲ့အတွက် နောက်ဆုံးမှာ ဆိုးဝါးတဲ့ သွေးအားနည်းရောဂါ ဖြစ်လေ့ရှိသလို အဟာရ ချို့တဲ့မှုတွေပါ ဖြစ်လာစေတာပါ။

ဒီသံကောင်တွေကို ဖိနပ်မစီးပဲ ဆော့လေ့ရှိတဲ့ ကလေးငယ်တွေမှာရော လူကြီးတွေမှာပါ တွေ့ရတတ်တာပါ။ ဒီသံကောင်တွေကြောင့် ဖြစ်လေ့ရှိတဲ့ ကပ်ပါးရောဂါကို လူနာရဲ့ မစင်နမူနာကို ယူပြီး မိုက်ခရိုစကုပ်နဲ့ သာမန်အလင်းရောင် အောက်မှာပဲ စစ်ဆေးနိုင်ပါတယ်။
မိုက်ခရိုစကုပ် အလွယ်တကူရဖို့ ခက်ခဲတဲ့ ဒေသတွေမှာ အခုလို smartphone ကို မိုက်ခရိုစကုပ်လို သုံး နိုင်တာ တွေ့လာရတာမို့ ရိုက်ကူးလိုက်တဲ့ ပုံရဲ့ အရည်အသွေး ကောင်းဖို့ကို နောက်တဆင့် အဖြစ် ကျိုးစားဖို့ လိုမယ်လို့ ဒေါက်တာ အိုင်ဇက်က ပြောပါတယ်။

Smartphone တွေကို အခုလို မိုက်ခရိုစကုပ်အဖြစ် သုံးပြီး ဆင်းရဲတဲ့ ကျေးလက် ဒေသတွေမှာ ရောဂါထိမ်းချုပ်ရေး ပိုပြီး လုပ်လာ နိုင်တော့မယ် လို့လည်း ဆိုပါတယ်။

"အူလမ်းကြောင်းတွေမှာ နေလေ့ရှိတဲ့ ကပ်ပါးကောင်တွေဟာ အမျိုးအစား အများအပြား ရှိပြီး တော်တော် ဒဏ်ခံနိုင်ကြပါတယ်။ သူတို့ကြောင့် ဖြစ်ပွါးတဲ့ ရောဂါတွေကို ကုသဖို့ ဒီကပ်ပါးကောင်တွေရဲ့ အမျိုးအစားနဲ့ သဘာဝကို သိဖို့ လိုပါတယ်။ အခု ဆေးကုသသူတွေ အဖို့ ဝေးလံခေါင်ဖျား ဒေသရောက်နေပေမယ့် အမျိုးအစား၊ အနေအထားနဲ့ ရောဂါအကြောင်း ကွဲကွဲပြားပြား အသိကြရင် ကျွမ်းကျင်သူတွေကို email ပို့ပြီး ပုံနမူနာတွေ ပြနိုင်တော့မှာမို့ အချိန် တိုတို အတွင်းမှာပဲ ရောဂါ ရှာဖွေရေးတွေ လုပ်နိုင်ကြတော့မှာ ဖြစ်ပါတယ်"

မတ်လ ၁၈ ရက်နေ့မှာပဲ ဂျပန်နိုင်ငံ Fujitsu ဓါတ်ခွဲခန်း လီမီတက် ကလည်း smartphone တွေ၊ ဒါမှမဟုတ် ကွန်ပြူတာတွေမှာ တပ်ထားတဲ့ ကင်မရာတွေကို သုံးပြီး နှလုံးသွေးခုန်နှုံးကို ၅ စက္ကန့် အတွင်းမှာပဲ တိုင်းတာပြီး ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နိုင်ပြီလို့ ကြေငြာခဲ့တယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပါတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
XS
SM
MD
LG