သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေရှာသူတွေ ကြုံရနိုင်တဲ့ ပြဒါးဆိပ်သင့်မှု


ပြဒါးသုံးရွှေသန့်စင်မှုက အန္တရာယ်ပေးနိုင်။
ပြဒါးသုံးရွှေသန့်စင်မှုက အန္တရာယ်ပေးနိုင်။

မြန်မာနိုင်ငံမှာ ရွှေကို နေရာအတော်များများမှာ တွေ့ရသလို ပြဒါးကို သုံးပြီး ရွှေဖမ်းတတ်ကြပါတယ်။ ဒီမာကျုရီလို့ခေါ်တဲ့ ပြဒါးသုံးစွဲမှုဟာ အန္တရာယ် အတိုင်းအတာ ဘယ်လောက်ရှိတယ်၊ ဘယ်လို အဆိပ်သင့် နိုင်တယ် ဆိုတာတွေကို ကြည့်ကြရအောင်ပါ။

ကုလသမဂ္ဂမှာ ၄နှစ်ကြာ အပြင်းအထန် ဆွေးနွေးမှုတွေ လုပ်ပြီးမှ ၂၀၁၃ ခုနှစ်ဆန်းမှာတော့ မာကျူရီ အဆိပ်သင့်မှုကာကွယ်ရေး ဆိုင်ရာ သဘောတူ စာချုပ်တရပ်ကို ချုပ်ဆိုဖို့ နိုင်ငံပေါင်း ၁၄၀ ကျော် အကြား ညှိနှိုင်းမှုတွေလုပ် နိုင်ခဲ့ပါတယ်။ ချုပ်ဆိုမယ့် စာချုပ်ကို မိနာ့မာတ (Minamata Convention) လို့ ခေါ်ပါတယ်။ ဂျပန်နိုင်ငံမှာ ၂၀ ရာစု အလယ်ပိုင်းအတွင်း ကြုံခဲ့ရတဲ့ ဆိုးဝါးတဲ့ ပြဒါးဆိပ်သင့်ခဲ့တဲ့ အဖြစ်အပျက်ကို သတိရစေဖို့ ရည်ရွယ်ပြီး ဒီနံမယ်ကို ပေးထားတာပါ။

မာကျူရီကို သဘာဝအလျှောက်တွေ့နိုင်ပါတယ်။ သူဟာအဆိပ်အတောက် ဖြစ်စေတဲ့ ဓါတုပစ္စည်း တမျိုးပါ။ လူတွေကြောင့်ပဲ တနှစ်တနှစ်ကို မာကျူရီ တန်ချိန်ပေါင်း ၂ထောင်လောက် လေထဲပျံ့နှံ့ လေ့ရှိတာမို့ လူတွေရဲ့ ကျန်းမာရေးကိုရော၊ သဘာ၀ ပတ်ဝန်းကျင်ကိုပါ ခြိမ်းခြောက်မှုရှိနေတဲ့ ဒြပ်ပစ္စည်းဖြစ်ပါတယ်။

မာကျူရီကို ဆေးလောကမှာ သုံးသလို၊ ဘက်ထရီနဲ့ လျှပ်စစ်ပစ္စည်းတွေလို စက်မှုလုပ်ငန်းမှာရော၊ လူတွေ နေ့စဉ်သုံးလေ့ရှိတဲ့ အရေပြားပေါ်မှာလိမ်းတဲ့ cream တို့ ဆပ်ပြာတို့မှာပါ ထည့်သွင်းသုံးစွဲလေ့ရှိပါတယ်။

UNEP ကုလသမဂ္ဂ သဘာ၀ ပါတ်ဝန်းကျင်ဆိုင်ရာ အကြီးအကဲ Achim Steiner ကတော့ မာကျူရီရဲ့ အန္တရာယ်ကို သိရဖို့ အချိန်အကြာကြီး ပေးဆပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

"မာကျူရီဟာ တဖြေးဖြေး စုလာပြီးမှ အတော့်ကို ဆိုးဆိုးဝါးဝါး အန္တရာယ်ပေးနိုင်တယ် ဆိုတာကို လူသားတွေ အတော်ကြာကြာ သုံးကြည့်ပြီးမှ နားလည် သဘောပေါက်လာတာပါ။ ဥပမာ အစားအသောက်မှာဆိုရင် ငါးတွေကနေ တဆင့် လူတွေထဲရောက်ပြီး အတော်ကြာကြာ စားမိရင် လူ့ကိုယ်ထဲမှာ သွားစုပြီး အဆိပ်သင့်တတ်ပါတယ်။ ကျောက်မီးသွေးတွေ လောင်ကျွမ်းရင်လည်း လေထဲထွက်လာနိုင်ပြီး အတော်ဝေးဝေး ထိ လွင့်ပါ သွား နိုင်ပါတယ်။ ကနေ ဒါနိုင်ငံက Inuit တိုင်းရင်းသားတွေ နေထိုင်တဲ့ အရပ်မှာတော့ စက်မှုလုပ်ငန်းကြောင့်ထွက်လာတဲ့ မာကျူရီကနေ (Inuit Mad Hatter Syndrome - mercury poisoning) အဆိပ်သင့် ကြရသလို တောင်အာဖရိက တချို့နေရာတွေမှာဆိုရင် အသေးစား ရွှေကျင်တဲ့သူတွေ၊ ပန်းတိမ်လုပ်တဲ့သူတွေမှာ အဆိပ်သင့်တာတွေ့ရပါတယ်။"

ပြဒါးဆိပ်သင့်တာကို ကုလသမဂ္ဂက မိနာ့မာတာ စာချုပ်နဲ့ ကာကွယ်နိုင်ဖို့ ကျိုးစားနေတယ်လို့ ဓါတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။


"မိနာ့မာတာ ဆိုတာက ဂျပန်မှာ ဖြစ်တာ။ ဂျပန်မှာ မာကျူရီတွေ မြစ်ထဲ၊ ပင်လယ်ထဲ ရောက်သွားပြီးတော့ ငါးတွေဆီ ရောက်သွားတယ်။ အဲဒီ ငါးတွေကတဆင့် လူတွေဆီ ရောက်တယ်။ လူတွေ ဆီမရောက်ခင်မှာ ကြောင်တွေမှာ စဖြစ်တာပေါ့။ ကြောင်တွေက ဦးနှောက်က သေးတာကိုး။ ကြောင်တွေမှာ ကြောင်ရူးရောဂါ၊ ကြောင်ကတဲ့ ရောဂါ ဆိုပြီးတော့၊ ကြောင်တွေမှာ စဖြစ်တယ်။ နောက်လူတွေ ဖြစ်တာပေါ့။ ဂျပန်မှာ လူတွေ ဖြစ်တော့၊ ဒီကိစ္စကို အစိုးရက ဖြေရှင်းပေးတာ။ ၁၉၉၇ ကနေ ဖြေရှင်း လိုက်တာ အခု ၂၀၀၅ လောက်မှာမှ အကုန်ပြီးသွားတယ်။ ဒါပေမယ့် အဲဒီက ဒုက္ခသည်တွေပေါ့။ အဲဒီမှာ အမျိုး သမီးတွေ ဘာတွေက တချို့က လက်ကောက်၊ ခြေကောက်ဖြစ်တော့ လူတွေက ထင်တာက ဒါ ဝဋ်နာ ကံနာပဲ ဆိုပြီးတော့ အဲဒီ လူတွေကို တသီးတသန့်ပေါ့။ လူမှုရေး နယ်ပယ်ကနေ ပြီးတော့ ဖယ်ထားတယ်။"


ပြဒါးဆိပ်သင့်တာကို မိနာ့မာတာ ရောဂါ (Minamata disease)လို့လည်း ခေါ်ပါတယ်။ မျက်စိကွယ်တာ၊ ဦးနှောက်မှာ သွားထိခိုက်တဲ့အတွက် အာရုံကြော ကောင်းကောင်း အလုပ်မလုပ်တာ၊ ခြေလက်ထုံကျဉ်တတ်သလို၊ မှတ်ဉာဏ်နဲပါးမှု၊ အားအင်လျော့ပါးမှုနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သူတို့ရဲ့ သနေသားကိုထိခိုက်စေတာတွေ အပြင် ရူးသွပ်တာနဲ့ သေဆုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။

ရွှေကျင်တဲ့ နေရာမှာ ရွှေမှုန်သေးသေးလေး တွေကို အမာဂမ် (Amalgam) လိုခေါ်တဲ့ ပြဒါးနဲ့ ရွှေအရော ဖြစ်အောင် စုပြီးမှ အပူပေးပြီး ရွှေပြန်ထုတ်တတ်ပါတယ်။ အဲဒီအခါမှာ ထွက်လာတဲ့ ပြဒါးငွေ့တွေကို ရှုရှိုက်မိနိုင်သလို နောက်ဆက်တွဲ ကြုံတွေ့ နိုင်တဲ့ အန္တရာယ်ကို ကြည့်ရအောင်ပါ။


"မာကျူရီကတော့ တိုက်ရိုက်ကြီး ရှုလိုက်တယ်၊ ကိုယ်အထဲဝင် သွားတယ်ဆို ပြန်ပြီးတော့ မထွက်ဖူး။ ဒါပေမယ့်လို့ ချက်ချင်း တော့ ဘာမှ မဖြစ်ဖူး။ ပိုဆိုးတာက ဥပမာအားဖြင့် မြစ်ချောင်းမှာ ဖြစ်တဲ့ကိစ္စပါ။ မြစ်ချောင်းမှာ ဆိုရင်.. မာကျူရီက ပိုလေးတယ်။ ကျွန်တော်တို့ ဒီ Amalgam လုပ်လိုက်ပြီ၊ ဒီလေးတဲ့ မာကျူရီက အမာလ်ဂမ်ဖြစ်သွား ပြီးမှ ရွှေကို ပြန်ထုတ်လိုက်တဲ့ အချိန်မှာ မာကျူရီက အငွေ့ပျံသွားပြီးတော့ ဒီအတိုင်းမနေဘူး။ အောက်ပြန်ဆင်း တယ်။ ဆင်းတော့ ရေထဲ ရောက်တယ်။ အဲဒါ မြစ်ထဲရောက်တယ်။ ရောက်ပြီးမှ သဲတွေ ဖုံးမယ်။ သဲတွေ ဖုံးရင် သူက အနရိုးဘစ် ဘက်တီးရီးယား တွေ စားပြီးတော့ မီသိုင်း မာကျူရီ ဖြစ်လာတယ်။

မီသိုင်းမာကျူရီက အပင်တွေ စုပ်လို့ ရတယ်။ သူက အော်ဂဲနစ် မာကျူရီ ဖြစ်သွားတယ်။ ငါးတွေဆီ ရောက်မယ်။ အဲဒီငါးတွေဆီ ရောက်ရင် အင်မတန် အန္တရာယ် ကြီး ပါတယ်။ ခုနပြောသလို မိနာ့မာတာ ပင်လယ်အော်မှာ ဖြစ်တဲ့ဟာကလည်း ဒီအတိုင်းပဲ ဖြစ်တယ်။ အမဇုံ Amazon မှာလည်း ဒီအတိုင်းပဲ ဖြစ်နေတယ်။ အခုမြန်မာပြည်မှာ နဲနဲလေး စောတာပေါ့။ သူက အချိန် နဲနဲလေး ယူရတာကို။ လေးငါး ဆယ်နှစ် လေးငါးဆယ်နှစ်။ ဒါကြောင့် မြန်မာပြည်မှာ အများ ကြီး ဖြစ်လာနိုင်တာပေါ့။


မြန်မာနိုင်ငံမှာ ရွှေကျင်နေကြတာ နှစ်နဲ့ချီနေပါပြီ။ ပြဒါးကိုလည်း တွင်တွင်ကြီး သုံးတတ်ကြပါတယ်။ တနိုင်တပိုင် တူးကြတုန်းက အန္တရာယ် အတိုင်းအတာ နဲပေမယ့် အုံနဲ့ ကျင်းနဲ့ တူးဖေါ်လာကြတာနဲ့ အန္တရာယ်ကို မသိပဲ ကိုင်တွယ်တာတွေကြောင့် လူကိုရော ဝန်းကျင်ကိုပါ ဒုက္ခရောက်စေတာပါ။


"မာကျူရီကတော့ ဒီအတိုင်းထားရင် အငွေ့ပျံသွားတယ်။ အငွေ့ပျံသွားတော့ အခန်းထဲမှာ ဆို အသက်ရှုလမ်းကြောင်းထဲ မှာ ရောက် သွားပြီးတော့ အများကြီး ပါသွားနိုင်တယ်။ ရွှေချွတ်တဲ့နေရာတွေ ဘာတွေမှာလည်း မာကျူရီက လူကိုယ် ခန္ဒာမှာ ပါပြီးတော့ ဒီ ခရုသင်း စွဲသလိုမျိုး တွေ ရောဂါတွေ ဖြစ်လာကြတယ်။ နောက်ပိုင်းကျတော့ ဦးနှောက်မှာလည်း ဖြေးဖြေး ဖြေးဖြေးနဲ့ ထိခိုက်လာ ပြီးတော့ ဒီလူတွေ မှာ ကင်ဆာလိုပေါ့။ ရောဂါတွေ ဖြစ်တယ်။

အခုလောလောဆယ် ရွှေကျင်ဘက်မှာ လူတွေက ရွှေကျင်နေကြတယ်။ အဲဒီ ရွှေကျင်အရပ်မှာ ဆိုရင် မနေ့ တနေ့က ကျွန်တော်တို့တွေ သွားကြည့်တော့၊ အဲဒီ ရွှေကျင်တဲ့ လူတွေလည်း ကင်ဆာရောဂါနဲ့ သေတဲ့လူတွေ အများကြီးရှိတယ်။ သူတို့ အသားတွေ ဖြူဖျော့ပြီးတော့ ဘာခေါ်မလဲ အနီးမီးယား လိုမျိုး ရောဂါတွေ ရတယ်။ နောက် လက်တွေ ခြေတွေကပ်လာပြီးတော့ ကြွက်တက်တဲ့ ရောဂါတွေ ဖြစ်လာတယ်။ ဒီတော့ အန္တရာယ် အများကြီး ကြီးပါတယ်"


နိုင်ငံတကာ တားမြစ်မှုတွေကြောင့် မာကျူရီပါဝင်တဲ့ ပစ္စည်းတွေ လျော့ပါး သွားပေမယ့် မြန်မာနိုင်ငံမှာ ဘယဆေးတွေမှာ တွင် တွင်သုံးနေကြဆဲပဲ လို့ ဆိုပါတယ်။

"အပြင်မှာတော့ သိပ်အများကြီးတော့ မရှိပါဘူး။ မာကျူရီက အပြင်မှာ အများကြီး သုံးတယ် ဆိုတာက ဟို. . ဖိုထိုးတာ ဘာညာ လောက်ပဲ၊ ဒီ မာကျူရီကို အရေပြားရောဂါတွေ ပျောက်အောင် ကုတဲ့ ဟင်္သာ ပြဒါး အနေနဲ့လည်း သုံးပါတယ်။ နောက် ဆေးသုတ်တဲ့ နေရာတို့ ဘာတို့ သုံးတယ်။ ဒါပေမယ့် အခု နိုင်ငံ ခြားက ဝင်လာတဲ့ ပစ္စည်းတွေပဲ သုံးကြတော့၊ လောလော ဆယ်ကတော့ အကုန်လုံးက သိပ်မသုံးတော့ ဘူး လို့ပဲ ယူဆ နိုင်တယ်ပါ့။ ဆေးတွေလည်း ဒီလိုပဲ နိုင်ငံခြား ပစ္စည်း တွေပဲ သုံးကြတယ်။ cream တွေလည်း ဒီအတိုင်းပဲ။ ဒါပေမယ့် တရုတ်က ဝင်တာတော့ ဘယ်လောက် ပါမယ် မသိဘူး။ တရုတ်ကတော့ အနီရောင်ဆို red lead ပဲ သုံးတယ်လေ။ အန္တရာယ်က သူကလည်း ရှိပါတယ်။ ဒါပေမယ့် မာကျူရီ ဟင်္သာပြဒါးကတော့ ဈေးနဲနဲ ကြီးတော့ အသုံးက တဖြေးဖြေး နဲသွားတယ်။ ဒီမှာ လူတွေက မသိပဲနဲ့ အဲဒီဟာပေါ့ သူတို့ ရောဂါအတွက် ဆေးစားရင် အခုထက်ထိကတော့ သူတို့ ဘယဆေးမှာ သုံးစွဲနေကြတုန်းပါပဲ"

ဓါတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညိုရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပါတ်အတွက် သိပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

("When mercury or lead levels of 5 ppb to 6 ppb are found in the brain, 25 per cent of the glial progenitor stem cells simply 'shut down'! These particular brain cells are absolutely crucial for building the brain during infancy and beyond. This type of brain cell is also found in adults."- John H.W. Hummel, a pollution researcher based in British Colombia)
XS
SM
MD
LG