သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ သဘာဝဓါတ်ငွေ့ အလားအလာ (အပိုင်း ၂)


02-20-13 gas pipeline
02-20-13 gas pipeline
သဘာဝဓါတ်ငွေ့ကို ပြည်တွင်းသုံး ဖြန့်ဖြူးဖို့ စွမ်းအင် ဝန်ကြီးဌာနက သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေ အဆင်သင့်ရှိနေပေမယ့် ပြည်တွင်းဖြန့်ဝေဖို့ ဘာအခက်အခဲတွေ ရှိနေတယ်ဆိုတာနဲ့ သဘာဝဓါတ်ငွေ့ဖြန့်ဖြူးရာမှာ တွေ့ရနိုင်တဲ့ အန္တရာယ်တွေအကြောင်းကို ရေနံနဲ့ သဘာဝဓါတ်ငွေ့ဆိုင်ရာ ဘူမိရူပဗေဒပညာရှင် ဦးကျော်ကျော်လှိုင်က ဒီတပါတ်မှာ ပြောပြပေးမှာပါ။

အဓိက ပြည်တွင်းသုံးဖို့ အခက်အခဲက ၂ ပိုင်းရှိပါတယ်။ အဲဒီအခက်အခဲတွေ ကို ဖြေရှင်းဖို့ လိုပါတယ်။
ကျွန်တော်တို့က ဓါတ်ငွေ့တွေကို ရောင်းတဲ့အခါမှာ ကုဗပေနဲ့ မရောင်းပဲနဲ့ အပူပမာဏနဲ့ ကျွန်တော်တို့က ရောင်းပါတယ်။ ဓါတ်ငွေ့ တခုဟာ ကုဗပေချင်းတူ ပေမယ့်လို့ သူတို့ ထွက်တဲ့ အပူပမာဏချင်း မတူနိုင်ပါဘူး။ ဓါတ်ငွေ့ အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ ဓါတ်ငွေ့ အမျိုးအစား မကောင်းတာက ကျတော့ ထွက်တဲ့ အပူပမာဏက နဲသွားပါတယ်။ ရောင်းလို့ ဝယ်တဲ့ သူတွေကလည်း ဓါတ်ငွေ့ရဲ့ အပူပမာဏနဲ့ပဲ ဝယ်လေ့ရှိပါတယ်။

BTU British Thermal Unit နဲ့ ကျွန်တော်တို့က ရောင်းပါတယ်။ အဲဒီတော့ နယ်စပ်မှာ one billion BTU ကို ၁၂ ဒေါ်လာနဲ့ ကျွန်တော်တို့ ရောင်းပါတယ်။ ဒါပေမယ့် အစိုးရကနေ အခုအချိန်မှာ စက်မှု လက်မှု လုပ်ငန်းတွေ၊ နောက်တခါ နိုင်ငံတော် ပိုင်ဖြစ်တဲ့ လျှပ်စစ်လုပ်ငန်းတွေကို ကျွန်တော်တို့က အခု ၅ ဒေါ်လာနဲ့ ဖြန့်နေပါတယ်။ ၅ ဒေါ်လာနဲ့ ဖြန့်နေတယ် ဆိုတာ ၇ ဒေါ်လာ အရှုံးခံပြီး ဖြန့်နေတာပါ။
အဲဒီတော့ ကျွန်တော်တို့ စဉ်းစားရမယ့် အပိုင်းက အဲဒီ ၅ ဒေါ်လာနဲ့ ဖြန့်နေတာကို အကယ်၍ အစိုးရက အရှုံးမခံတော့ဘူး ဆိုရင် ၁၂ ဒေါ်လာကို ကျွန်တော်တို့ စီးပွါးရေး လုပ်ငန်းရှင်တွေက ပေးနိုင်မလား မပေးနိုင်ဘူးလား အဲဒီမေးခွန်းက နံပါတ် ၁ မေးခွန်းဖြစ်ပါတယ်။


နောက်အခက်အခဲတခုက လျှပ်စစ်ခ ဈေးတက်လာမယ့် ပြဿနာလို့ ဆိုပါတယ်။

လျှပ်စစ်တွေကို အခုပြည်သူလူထုကို ကျွန်တော်တို့က တယူနစ်ကို ၃၅ ကျပ်နဲ့ ရောင်းနေပါတယ်။ စီးပွါးရေး လုပ်ငန်းရှင်တွေကျတော့ ၇၀ နဲ့ ရောင်းပါတယ်။ ၃၀ နဲ့ ရောင်းတာရော ၇၀ နဲ့ ရောင်းတာမှာပါ နိုင်ငံတော် အစိုးရက စိုက်ပြီးတော့ ဒီလျှပ်စစ်ကို ရောင်းနေရပါတယ်။ ၅ ဒေါ်လာနဲ့ ချုပ်ပြီးတော့ ရောင်းတာတောင်မှ အစိုးရက စိုက်ပြီးတော့ ရောင်းနေရပါသေးတယ်။ အကယ်၍များ ၁၂ ဒေါ်လာနဲ့ ထုတ်ခဲ့မယ်လို့ ဆိုရင် ကျွန်တော်တို့ လျှပ်စစ်ခတွေက ကြီးလာပါလိမ့်မယ်။ အဲဒီလို လျှပ်စစ်ခတွေ ကြီးလာတာကို စီးပွါးရေး လုပ်တဲ့လူတွေ ကုန်ထုတ်တဲ့လူတွေ ပေးနိုင်မလား ဆိုတာတဲ့ မေးခွန်းက ဒုတိယ မေးခွန်းပဲဖြစ်ပါတယ်။

၁၂ ဒေါ်လာရနေတဲ့ ဓါတ်ငွေ့ကို ၅ ဒေါ်လာနဲ့ ဒီစီးပွါးရေးလုပ်ငန်းရှင်တွေကို အစိုးရက အရှုံးခံပြီး ဖြန့်ရမှာလား။ ဒါမေးခွန်းမေးစရာ ရှိပါတယ်။ ကျွန်တော့ကို မေးခွန်းလာမေးရင်တော့ ဆင်းရဲတဲ့ လူတွေအတွက် အစိုးရက အရှုံးခံဖြန့်တာ ကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် စီးပွါးရေး လုပ်ငန်းတွေ ကော်မာရှယ်လုပ်မယ့် ထုတ်လုပ်ရေး လုပ်ငန်းတွေ ဒီလိုလုပ်ငန်းတွေကိုတော့ အစိုးရအနေနဲ့ အရှုံးခံပြီးတော့ မဖြန့်နိုင်ပါဘူး။

ဘာလို့လဲဆိုတော့ အရှုံးခံဖြန့်တယ်ဆိုတာ ရေရှည်မှာ ဘယ်လိုနည်းနဲ့မှ တိုင်းပြည်ကို အကျိုး မပြုနိုင်ပါဘူး။
အဲတော့ ဓါတ်ငွေ့တွေကို ဖြန့်လို့ ရမလား။ ဖြန့်ဖို့ အဆင်သင့်ပါပဲ။ ဖြန့်ဖို့ ပိုက်လိုင်းတွေ အဆင်သင့် ရှိပါတယ်။ ဒါပေမယ့်လို့ ကျွန်တော်တို့ တွေကရော ဒီဓါတ်ငွေ့ကို ထိုင်းနိုင်ငံကပေးတဲ့ တန်ရာတန်ကြေးဈေးပေါ့လေ။ ကျွန်တော်တို့ ဘက်က ပြင်ဆင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်လုပ်တဲ့ ပုံစံတွေ ပြောင်း ရပါလိမ့်မယ်။ နိုင်ငံတကာနဲ့ ယှဉ်နိုင်တဲ့ အရည်အချင်းတွေ ရှိမှ သာလျှင် ဒီဓါတ်ငွေ့ကို ၁၂ ဒေါ်လာပေးပြီး ကျွန်တော်တို့ သုံးနိုင်မှာ ဖြစ်ပါတယ်။


ဟုတ်ကဲ့ပါဆရာ။ ဒီဓါတ်ငွေ့တွေကို ဖြန့်ဖြူးဖို့ အတွက်က အဆင်သင့် ရှိပြီဆိုတော့ ဓါတ်ငွေ့ကို ဖြန့်ဖြူးတဲ့အခါမှာ အခု မြန်မာနိုင်ငံမှာ ဆို ဓါတ်ငွေ့ကို သိပ်ပြီး မသုံးကြသေးဘူး။ တကယ်လို့ ဓါတ်ငွေ့နဲ့ သုံးမယ် ဆိုရင် အန္တရာယ်က အများကြီး ရှိမယ်ဆိုတော့ အဲဒီ အန္တရာယ် အတိုင်းအတာနဲ့ ပါတ်သက်ပြီးတော့ safety factor တွေ ဘယ်လောက်ယူထားတယ်။ အန္တရာယ် အတိုင်းအတာကို ဘယ်လောက်ကာကွယ်ဖို့ တွေ လုပ်ထားတယ်ဆိုတာလည်း သိပါရစေ။ တကယ်လို့ ဖြန့်နိုင်လာပြီ ဆိုရင်ပေါ့လေ။

ဓါတ်ငွေ့က ၃ မျိုး ရှိပါတယ်ခင်ဗျ။ အခု ထိုင်းနိုင်ငံကို ရောင်းနေတဲ့ သဘာဝ ဓါတ်ငွေ့ ဆိုတာ ဓါတ်အားပေး စက်ရုံတွေမှာ ကျွန်တော်တို့က အများဆုံး သုံးတဲ့ ဓါတ်ငွေ့ ဖြစ်ပါတယ်။ လူတွေ အိမ်မှာ ထမင်းဟင်း ချက်တာကျတော့ ဒီဓါတ်ငွေ့ ကို မသုံးပါဘူး။ LPG လို့ ခေါ်တဲ့ ရေနံ ဓါတ်ငွေ့တွေ Liquified Petroleum Gas ကိုသုံးပါတယ်။ အဲဒီ LPG ကလည်းပဲ ကျွန်တော်တို့ နိုင်ငံမှာ ထွက်သင့်သလောက်တော့ ထွက်ပါတယ်။

ဒါပေမယ့် အဲဒီ LPG ဟာ ကျွန်တော်တို့ နိုင်ငံမှာ လူတွေ သုံးတာ နဲနေပါသေးတယ်။ အဲဒီ LPG နဲ့ ထမင်း ချက်တာနဲ့ စာရင် လျှပ်စစ် ဓါတ်အားက ဈေးသက်သာ နေတဲ့ အတွက်ကြောင့် လူတွေက လျှပ်စစ်နဲ့ပဲ ထမင်းချက်ကြပါတယ်။ ဒါကြောင့်မို့ LPG ကို လူတွေ မသုံးသေးပါဘူး။ အဲဒီ ရေနံဓါတ်ငွေ့ ဖြစ်တဲ့ LPG ရဲ့ ဖိအားဟာ ၃၀ PSI လောက်ပဲ ရှိပါတယ်။ လူကို ဒုက္ခ မပေးနိုင်ပါဘူး။ LPG မီးဖိုကို ကိုင်တွယ်တဲ့ နေရာမှာ training သင်တန်းကို ၁၅ မိနစ်လောက် ပေးလိုက်ရင်ကို စိတ်ချလက်ချ LPG ကို ကိုင်တွယ်လို့ ရပါတယ်။

နောက်တခုကတော့ CNG ဖြစ်ပါတယ်။ CNG ဆိုတာကတော့ Compressed Natural Gas ဖြစ်ပါတယ်။ ဓါတ်ငွေ့ကို ကျွန်တော်တို့က pressure နဲ့ ဖိလိုက်တာပါ။ ဖိလိုက်တဲ့အခါမှာ pressure က ၃၀၀၀ လောက်ဖြစ်သွားပါတယ်။ အဲဒီ CNG ဖိအားတွေကတော့ ကျွန်တော်တို့ နိုင်ငံမှာ လူနေအိမ်တွေမှာ ထမင်းချက်လို့ မရပါဘူး။ ဘာ လို့လဲ ဆိုတော့ ပရက်ရှာ များလွန်းတဲ့ အတွက်ကြောင့်ပါ။ မော်တော်ကားတွေမှာပဲ သုံးလေ့ရှိပါတယ်။ အဲဒီတော့ ယဉ်တွေကို သုံးတဲ့ အခါမှာလည်း သုံးတဲ့ CNG ထည့်တဲ့ ဆလင်ဒါတွေ ပေါ့လေ။ ဒီဆလင်ဒါတွေကတော့ ပုံမှန် စစ်ဆေးဖို့ လိုပါတယ်။ certified တွေ လုပ်ဖို့ လိုပါတယ်။ ဒါတွေ ကျွန်တော်တို့ ပုံမှန် လုပ်သွားမယ် ဆိုရင် ဒါက အန္တရာယ် ကတော့ ကင်းပါတယ်။

ခုန ထိုင်းနိုင်ငံကို ပို့နေတဲ့ ဓါတ်ငွေ့တွေ ဆိုတာကတော့ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီဓါတ်ငွေ့က အများဆုံး သုံးမှာကတော့ ဓါတ်အားပေး စက်ရုံတွေ၊ နောက် ဘိလပ်မြေ စက်ရုံတွေမှာ သုံးပါတယ်။ ဓါတ်မြေသြဇာ စက်ရုံတွေ သုံးပါမယ်။ အုတ်ဖုတ်တဲ့ လူတွေ သုံးချင်ရင် သုံးပါမယ်။ အဲဒီလူတွေ အတွက်ကတော့ ဒီဓါတ်ငွေ့ဟာ Industrial standard နဲ့ လုပ်တဲ့အတွက်ကြောင့် စိတ်ချရပါတယ်။ အများပြည်သူနဲ့ ကတော့ ဝေးတယ်လို့ ပြောရပါမယ်။


အခုဆိုရင် အဓိကကတော့ ရွှေ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းပေါ့လေ။ ဒီပိုက်လိုင်းဟာ ဓါတ်ငွေ့တွေ သယ်ဖို့ အတွက်ကို မိုင် ၅၀၀ လောက် အရှည် မြန်မာ နိုင်ငံထဲမှာ ဖြတ်သွားမှာပါ။ ဆိုတော့ ဒီပိုက်လိုင်းတွေမှာရော စိတ်ချရတယ်လို့ ဆရာတို့ ယုံကြည်ပါလား။

ပိုက်လိုင်းအနေနဲ့ ကတော့ ဒီပိုက်လိုင်းကို သူတို့ ဆက်ပြီးတဲ့ အခါမှာ ဒီပိုက်လိုင်းကို X- ray တွေနဲ့ joint အဆက်တွေကို ကျွန်တော်တို့ စစ်ပါတယ်။ စစ်ရုံတင် မကပဲနဲ့ ဒီပိုက်လိုင်းတွေ ကိုလည်း မြေကြီးထဲမှာ အနက် တခုအထိ မြှုပ်ထားမှာ ဖြစ်ပါတယ်။ ဒီ ဓါတ်ငွေ့တွေကို ရောင်းတဲ့ အခါမှာလည်း ကျွန်တော်တို့ဟာ အင်္ဂလိပ်လို take or pay ပေါ့။ အဓိပ္ပါယ်ကတော့ မယူမနေရ ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဥပမာ ဓါတ်ငွေ့ဝယ်တဲ့ တရုတ်ပြည်က ကျွန်တော်တို့ က ဓါတ်ငွေ့တွေကို ပို့နိုင်သော်လည်းပဲ သူတို့က ဓါတ်ငွေ့ကို မဝယ်လည်းပဲ သူတို့နဲ့ ဓါတ်ငွေ့ကို စာချုပ် ချုပ်ဆိုထားတဲ့ ပမာဏ အတိုင်း ငွေကို ကျွန်တော်တို့ ကို ပေးချေရမှာ ဖြစ်ပါတယ်။

ဒီလိုပါပဲ ကျွန်တော် တို့ကလည်း ဓါတ်ငွေ့ကို သူတို့ကို မပို့ နိုင်ခဲ့ဘူး လို့ ဆိုရင်။ ဆိုလိုတာက ကျွန်တော်တို့ နိုင်ငံထဲမှာ ပိုက်လိုင်းက တခုခု ကျိုးမယ် ပေါက်မယ်
ပျက်စီးမယ်။ ဆိုရင် မပို့နိုင်တဲ့ ဓါတ်ငွေ့ရဲ့ ပမာဏကို ကျွန်တော်တို့က လျော်ရမှာ ဖြစ်ပါတယ်။ ဒီဓါတ်ငွေ့ ပိုက်လိုင်းကို ပိုင်ဆိုင်တာ ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံက တဝက်ပိုင်ပြီး တဝက်က တရုတ်ကုမ္ပဏီက ပိုင်ပါတယ်။ ဒါကြောင့်မို့ တရုတ်ကုမ္ပဏီတွေ အနေနဲ့ ကလည်း ဒီဓါတ်ငွေ့ ပိုက်လိုင်းကြီး ပျက်စီးမှာကို အင်မတန် စိုးရိမ်ပါတယ်။ ဘာ်လို့လည်း ဆိုရင် ဒီဓါတ်ငွေ့ ပိုက်လိုင်းကြီး ပျက်စီးခဲ့ရင် ကျွန်တော်တို့ တနေ့တနေ့ လျော်ရမယ့် ပြဿနာက အများကြီးပါ။ ဒါကြောင့် မို့လို့ လူတယောက်ကနေ ဗုံးနဲ့ ခွဲတာက လွဲလို့ ကတော့ ဒီဓါတ်ငွေ့ ပိုက်လိုင်း အလွယ်တကူ ပျက်စီးဖို့ ဆိုတာက အင်မတန်မှ ခဲယဉ်းပါတယ်။

အစိုးရတာဝန်ရှိသူတွေ အနေနဲ့ ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သွားတဲ့ ဒေသမှာ အန္တရာယ် မဖြစ်အောင် ဘာတွေ လုပ်ပေးသင့်တယ်လို့ မြင်ပါသလဲ ဆရာ

ဒီဓါတ်ငွေ့ ပိုက်လိုင်း ချသွားတဲ့နေရာမှာ လူတွေက ဓါတ်ငွေ့ပိုက်လိုင်းနေရာကို တူးမိမယ် ဆွမိမယ် ဆိုရင်တော့ အန္တရာယ် ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်မို့ ဒီနေရာမှာ ပိုက်လိုင်း ရှိတယ်။ ဆိုတဲ့ဟာကို သတိပေးထားမယ် ဆိုရင်ကိုပဲ တော်တော်ကြီးကို အန္တရာယ်က ကင်းရှင်းပါတယ်။ အဲဒီတော့ ဓါတ်ငွေ့ ပိုက်လိုင်း ကျိုးဖို့ ပေါက်ဖို့ ဆိုတာကတော့ လူတယောက်က ဗုံးနဲ့ ခွဲမှပဲ ဖြစ်နိုင်ပါတယ်။ သူဟာသူ ပေါက်တဲ့အခါ ဆိုတာလည်း ရှိတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီမှာ control valve တွေ safety valve တွေ တပ်ထားပါတယ်။ တနေရာရာမှာ ဒီပိုက်လိုင်းက ကျိုးပေါက်လိုက်ပြီ ဆိုလို့ ရှိရင် ဓါတ်ငွေ့တွေက တောက်လျှောက်တော့ ထွက်မနေပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒီ safety valve တွေက အလိုအလျောက် ပိတ်သွားမှာပါ။

ဦးကျော်ကျော်လှိုင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပါတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ ကိုရပ်နားလိုက်ပါရစေ။
XS
SM
MD
LG