မြေဆီ သြဇာတွေဖြစ်တဲ့ နိုက်ထရိုဂျင်နဲ့ ဖေါ့စဖရပ် ဓါတ်တွေ လေထုထဲမှာ ဖြစ်စေ၊ ရေထုထဲမှာ ဖြစ်စေ ရှိသင့်တာထက် သိပ်ပြီးများနေတာကို သြဇာဓါတ် ညစ်ညမ်းမှုလို့ ခေါ်ပါတယ်။ ဒီညစ်ညမ်းမှုဟာ သဘာဝန်းကျင် ပြဿ နာတွေထဲမှာ စိန်ခေါ်မှု အများဆုံး ပြဿ နာ တခုလို့ သဘာဝ ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။
ဒီလို သြဇာဓါတ်ညစ်ညမ်းမှု ဖြစ်နေပြီ ဆိုတာကို သိနိုင်တဲ့ အချက်တခုက ရေပြင်မှာ ရေညှိရေမှော်တွေ သိပ်များပြီး စိမ်းနေတာမျိုးပါ။ အင်းလေးဒေသမှာ ရေညှိရေမှော်တွေ သိပ်များလာ သလို ရေရဲ့ အရည်အသွေးကျဆင်းနေတာတွေ့ရပါတယ်။ ဒါဟာ နိုက်ထရိုဂျင်နဲ့ ဖေါ့စဖရပ် ဓါတ်တွေ ဂေဟစံနစ်တခုအတွက် ရှိသင့်တာထက် များနေတာကြောင့်ပါ။
ဒီရေညှိရေမှော်တွေ ကနေ အဆိပ်အတောက်တွေ ထွက်သလို ဘက်တီးရီးယားတွေ ပါ တိုးပွါးလာတတ်ပါတယ်။ ရေချိုရေငံနဲ့ ဆက်နွယ်နေတဲ့ ဂေဟစံနစ်မှာ ပေါက်ရောက်တဲ့ အပင်တွေ၊ ရေညှိရေမှော်တွေကို ငါး၊ ခရုအပါအဝင် ရေသတ္တဝါတွေက စားသုံး တာပါ။ သြဇာဓါတ်ညစ်ညမ်းမှု ရှိတဲ့ ဝန်းကျင်က ဒီသတ္တဝါတွေကို လူတွေက စားသုံးမိရင် လူသားတွေအတွက်လည်း အန္တရာယ်ရှိပါတယ်။ဒီညစ်ညမ်းနေတဲ့ ရေဟာ မြေအောက်ရေထဲကိုလည်း ရောက်သွားနိုင်တာမို့ သတိထားဖို့ လိုပါတယ်။
သြဇာဓါတ်ညစ်ညမ်းမှု ဖြစ်နေတဲ့ ရေကို သောက်သုံးမိရင် ပမာဏ နဲပေမယ့် အန္တရာယ် ကြီးပါတယ်။ ခလေးငယ်တွေမှာ သက်ရောက်မှုက သိသာလှပါတယ်။ blue baby လို့ခေါ်တဲ့ နိုက်ထရိုဂျင်ကြောင့်ဖြစ်တဲ့ အဆိပ်သင့်ကလေးငယ်ဟာ အသားတွေ ပြာနှမ်းပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေက အောက်ဆီဂျင်မရပဲ အသက်ပါ အန္တရာယ်ရှိနိုင် တာပါ။
အင်းလေးဒေသမှာ နိုက်ထရိုဂျင်နဲ့ ဖေါ့စဖရပ်ဓါတ်တွေကို စိုက်ပျိုးရေးကနေ အဓိက ရပါတယ်။ မြေသြဇာအဖြစ်သုံးတဲ့ ဒီဓါတ်တွေကို ကျွန်းမျောတွေမှာ အလျှံပယ် သုံးပြီး စိုက်ပျိုးကြတာမို့ သတိထားသင့်ပါတယ်။ နောက်ရင်းမြစ်တခုက လူနဲ့ တိရိစ္ဆာန်တွေရဲ့ မစင် အညစ်အကြေးတွေက ရတာမို့ မိလ္လာ စံနစ်ကို သေသေချာချာ ချထားဖို့ လိုပါတယ်။ သန့်ရှင်းရေးအတွက် သုံးတဲ့ တချို့ဆပ်ပြာတွေမှာ ဖေါ့စဖိတ် ပါဝင်တတ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည် အလာများတဲ့ အင်းလေးမှာ အင်းသားတွေသာမက ဧည့်သည်တွေ သုံးတဲ့ ဆပ်ပြာအပါအဝင် ဓါတုပစ္စည်းတွေကလည်း သြဇာဓါတ် ညစ်ညမ်းမှု ဖြစ်စေတဲ့ ရင်းမြစ်တွေပါ။ ဒီလို ညစ်ညမ်းမှုဖြစ်အောင် လုပ်ဆောင်သူတွေကလည်း လူသားတွေပဲ ဖြစ်ပါတယ်။
သြဇာဓါတ်ညစ်ညမ်းမှု ဒဏ်ကို နှစ်ရှည်လများ ခံစားရမယ် ဆိုရင် သဘာဝ ပါတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးအတွက် တင်သာမကပဲ စီးပွါးရေးအရပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။