သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှု ခေတ်သစ်ရဲ့ ကျွန်စနစ်


ကမ္ဘာတဝှမ်း လူကုန်ကူးဟာ ခေတ်သစ်ကျေးကျွန်ပြုမှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ မြနမ်ာနိုင်ငံကို Tier-2 WL စောင့်ကြည့်အဆင့်မှာပဲ ဆက်ပြီး သတ်မှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတွေ နဲ့ ပတ်သက်ပြီး ကြိုးပမ်းမှုတွေရှိခဲ့ပေမယ့်လည်း အနိမ့်ဆုံးစံသတ်မှတ်ချက်တွေကို အပြည့်အဝလိုက်နာဆောင်ရွက်ခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက နှစ်စဉ်ထုတ်ပြန်တဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီရင်ခံစာမှာတော့ လူကုန်ကူးမှုဟာ ခေတ်သစ်ကျေးကျွန်ပြုမှု ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

“ဒါဟာ ငွေကြေးနဲ့ ပတ်သက်ပြီး တိုက်ပွဲဝင်နေရတာ၊ မကောင်းဆိုးဝါးတွေ နဲ့ တိုက်ပွဲဝင်နေရတာပါ။ အခုလို ၂ဝ၁၅ ခုနှစ်မှာ ခေတ်သစ်ကျေးကျွန်ပြုမှုကို ရင်ဆိုင်နေရတာဟာ အတော်လေးကို အံ့အားသင့်စရာကောင်းပါတယ်။”

လူကုန်ကူးမှုနဲ့ ခေတ်သစ်ကျေးကျွန်ပြုမှုဟာ လုပ်ငန်းကြီးတခုသဖွယ်ဖြစ်နေပြီး ဒီလုပ်ငန်းရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၅ဝ ဘီလီယံလောက်ရှိတယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။ လူကုန်ကူးသူတွေဟာ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေသူတွေကို အသုံးချပြီး လူလူချင်း ရက်ရက်စက်စက် ခိုင်းစေနေတာဖြစ်တယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

“လူကုန်ကူးတဲ့သူတွေဟာ ဘယ်လောက်ရက်စက်ပြီး၊ အကြင်နာတရားကင်းမဲတယ်ဆိုတာ ကျနော်အနေနဲ့ ကြွရောက်လာကြတဲ့ ပရိဿတ်ကို ပြောပြစရာလိုမယ်မထင်ပါဘူး။ သူတို့ဟာ ဆင်းရဲတွင်းကနေ အသဲအသန်ရုန်းထွက်ချင်နေတဲ့သူတွေရဲ့ မျှော်လင့်ချက်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာ သိပါတယ်။ ဒါ့အပြင် အင်အားနည်းပြီး ဆင်းရဲတဲ့သူတွေကို ပစ်မှတ်ထားပြီး အသုံးချကြပါတယ်။ ပြီးတော့ သူတို့တွေဟာ မဟုတ်တဲ့ကတိတွေပေးပြီး လူကုန်ကူးခဲ့ရတဲ့သူတွေကို နိုင်ငံကူးလက်မှတ်တွေ မပါဘဲ တဘက်နိုင်ငံကို ပို့ဆောင်ကြပါတယ်။ တကယ်လို့ လူကုန်ကူးခံရတဲ့သူတွေက ပြန်ပြီးတော့ ခုခံတာဖြစ်ဖြစ် ထွက်ပြေးတာဖြစ်ဖြစ်၊ ဒါမှမဟုတ် နေမကောင်းဖြစ်တယ်ဆိုရင် လူကုန်ကူးတဲ့သူတွေက သူတို့အမြတ်အစွန်းရဖို့အတွက် အကြမ်းဖက်တဲ့နည်းလမ်းတွေကိုပါ အသုံးပြုကြပါတယ်။”

နှစ်စဉ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာဟာ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၈၈ နိုင်ငံက ကြိုးပမ်ချက်တွေ နဲ့ ပတ်သက်ပြီး သုံးသပ်ထားတာဖြစ်ပါတယ်။ အဲဒီမှာ Tier အဆင့် ၃ ဆင့်ခွဲပြီးအဆင့်သတ်မှတ်တာဖြစ်ပြီး၊ အလိုက်နာဆုံးနိုင်ငံကို Tier 1 အဖြစ် သတ်မှတ်ပြီး လိုက်နာမှုမရှိဆုံးနိုင်ငံကိုတော့ Tier 3 အဖြစ် သတ်မှတ်တာဖြစ်ပါတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ အလေးထားတဲ့ကိစ္စရပ်ဖြစ်ပြီး မကြာသေးမီက ထိုင်းနဲ့မလေးရှားနယ်စပ်မှာ မြန်မာအပါအဝင် လူအတော်များများ လူကုန်ကူးခံရပြီး နှိပ်စက်ညှင်းပမ်းအသတ်ခံရတဲ့ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စုက ဒေသတွင်းမှာရှိတဲ့ အာဏာပိုင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရပ်ဖက်လုံခြုံရေး၊ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Seawall က အခုလို ပြောပါတယ်။

“မလေးရှားနဲ့ထိုင်းနိုင်ငံနယ်စပ်တလျှောက်ရှိ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ စခန်းတွေမှာ အမျိုးမျိုး နှိပ်စက်ညှင်းပမ်းခံခဲ့ကြရပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ သက်ဆိုင်ရာအစိုးရတွေအပြင် ဒေသတွင်းရှိ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လက်တွဲပြီး လူကုန်ကူးမှုတွေကြောင့် သေဆုံးမှုတွေ ဖြစ်ခဲ့ရတဲ့ ရာဇဝတ်မှုတွေကို မလေးရှားအစိုးရအပြင် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး၊ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါတယ်။ ဒီတွေ့ရှိချက်တွေကို ထိုင်းနဲ့ မလေးရှား အာဏာပိုင်တွေက ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးနေတယ်လို့လည်း ကျမတို့နားလည်ထားပါတယ်။ အခုလို လုပ်ဆောင်ရာမှာ ထင်သာမြင်သာ ရှိဖို့၊ ခိုင်လုံစွာနဲ့ မြန်မြန်ထက်ထက် ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းတဲ့အပြင် လူကုန်ကူးခံရသူတွေရဲ့ ပြဿနာကိုလည်း လူသားချင်းစာနာမှုအရ ကူညီဖြေရှင်းပေးဖို့လည်း တိုက်တွန်းပါတယ်။”

နိုင်ငံတခုချင်းစီရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး နှစ်စဉ်အစီရင်ခံစာထုတ်ပြန်လိုက်ချိန်ကစပြီး မြန်မာနိုင်ငံဟာ Tier 3 အဆိုးဆုံးအဆင့်မှာသတ်မှတ်ခံလာခဲ့ရတာဖြစ်ပြီး အစိုးရသစ်တက်လာပြီး ၂ဝ၁၂ ခုနှစ်ကျမှ Tier-2 WL စောင့်ကြည့်အဆင့်ကို တိုးမြှင့် သတ်မှတ်တာခံရတာကြောင့် ဒါဟာ ၄ နှစ် ဆက်တိုက် ဒီအဆင့်မှာ ရှိနေတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို လူကုန်ကူးမှုတွေ မြစ်ဖျားခံရာ နိုင်ငံအဖြစ် ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကကလေးငယ်တွေနဲ့ အမျိုးသား အမျိုးသမီးတွေဟာ အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နိုင်ငံတွေ အပါအဝင် ဒေသတွင်းနိုင်ငံတွေကို လူမှောင်ခိုကူးခံရာကနေရပြီး အဲဒီနိုင်ငံတွေမှာ အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ရောင်းစားတာတွေခံနေရတယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကစစ်ဘေးဒုက္ခသည်တွေနဲ့ ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးနေသူတွေလည်း လူကုန်ကူးမှုအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီး လူကုန်ကူးမှုတွေမှာ အစိုးရတာဝန်ရှိသူတွေလည်း မကြာခဏဆိုသလို ပါဝင်ပတ်သက်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ မကြာသေးခင်ကပဲ အိမ်နီးချင်း၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ မြန်မာနိုင်ငံကနေ လူမှောင်ခိုကူးခံရသူတွေ အတော်များများကို ငါးဖမ်းလုပ်ငန်းတွေမှာ ကျေးကျွန်သဖွယ် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖော်ထုတ်နိုင်ခဲ့ ပါတယ်။ ဒါ့အပြင် ကလေးစစ်သားအဖြစ် စုဆောင်းတာတွေ လျော့ကျသွားပေမယ့်လည်း ဆက်လက်လည်းရှိနေတုန်းပဲလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာအစိုးရတာဝန်ရှိသူတွေဘက်က ကလေးစစ်သား ၃၇၆ ယောက်ကို ပြန်လွှတ်ပေးတာအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ - စတဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ကြိုးပမ်းလုပ်ဆောင်မှုတွေ ရှိခဲတယ်ဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာအစိုးရဟာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့နှစ်ကထက် ပိုပြီးတော့ လုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ ထောက်ပြထားပါတယ်ခင်ဗျာ။

XS
SM
MD
LG