သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ချက်ချင်း ရပ်ဖို့ အမေရိကန် တောင်းဆို


ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုမီးရှို့မူများဖြစ်ပွားစဉ်
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုမီးရှို့မူများဖြစ်ပွားစဉ်
ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ဆူပူမှုတွေအပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ အထူး စိုးရိမ် ပူပန်မိကြောင်းနဲ့ လက်ရှိ အခြေအနေတွေဟာ ခက်ခဲ ရှုပ်ထွေးနေပေမယ့်လည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နည်းလမ်းပေါင်းစုံက ပြေလည်အောင် စီစဉ် ဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

“ သူပြောသွားတာကတော့ - မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက် ဆူပူမှုတွေနဲ့ ပတ်သက်လို့ ဒီဒေသမှာ အခုသီတင်းပတ်အတွင်း လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားတယ်လို့ သတင်းတွေ ထွက်လာတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးပဲ စိုးရိမ် ပူပန်မိကြောင်း၊ ဒီအကြမ်းဖက် ဆူပူမှုတွေကို ၂ ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ် ဖြေရှင်းကြဖို့နဲ့ တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ကြဖို့ တောင်းဆိုကြောင်း၊ နောက် အစိုးရအပါအဝင် လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့တွေအနေနဲ့လည်း ဒီ ဆူပူ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ နိုင်ငံတကာ အသိုင်းဝိုင်းနဲ့အတူ တောင်းဆိုကြောင်း၊ ဘေးဒုက္ခသင့်သူတွေကို အကူအညီပေးရေးအတွက်လည်း လူသားချင်း စာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေ ချက်ချင်း ဝင်ရောက်ခွင့်ပြုဖို့ တောင်းဆိုကြောင်း Victoria Nuland က သတင်းထောက်တွေရဲ့ အမေးကို ပြန်လည် ဖြေကြားသွားခဲ့တာပါ။”

အောက်တိုဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲ အပါအဝင် မြန်မာအာဏာပိုင်တွေနဲ့ ပြုလုပ်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတိုင်းမှာလည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ အကြမ်းဖက် ဆူပူမှုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို သူတို့အနေနဲ့ အမြဲတမ်း ထည့်သွင်း ဆွေးနွေးတယ်လို့ Victoria Nuland က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကနေ့အချိန်ထိ ထိထိ ရောက်ရောက် ပြောဆိုမှုရှိတယ်လို့ ထင်ပါသလားလို့ မေးတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ - Victoria Nuland က - ဒေါ်အောင်ဆန်းစုကြည်စကားပြောခဲ့တဲ့ အချိန်တွေအတွင်း သိရသလောက်ကတော့ ဒီကိစ္စဟာ သူမရဲ့ စိတ်ထဲမှာ ထိပ်တန်းအဆင့်ကနေ ရှိနေတယ်ဆိုတာ တွေ့ရတယ်လို့ Victoria Nuland က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အိုးအိမ် ပျက်ဆီး ဆုံးရှုံးပြီး ဘေးဒုက္ခရောက်နေသူတွေအတွက် လူသားချင်း စာနာတဲ့ အကူအညီတွေ အမေရိကန် ပြည်ထောင်စုက ပေးနေတာမှာ အရင်က ပေးထားတဲ့ အကူအညီတွေအပြင် နောက်ထပ် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇၃ သန်း ပေးဖို့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက်ပြီး အဲဒီအထဲက ၂ သန်း ကတော့ UNHCR က တဆင့် ပေးမှာဖြစ်သလို ကျန် ၇ သိန်း ၃ သောင်းကိုတော့ UNICEF အဖွဲ့က တဆင့် ပေးအပ်သွားမှာ ဖြစ်တဲ့အကြောင်း Victoria Nuland က ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG