သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်မှု ကန် ကြိုဆို


မြန်မာနိုင်ငံ မှာ သောကြာနေ့က နိုင်ငံရေး အကျဉ်းသားတွေ ကို ပြန်လွှတ်ပေး လိုက်တာ နဲ့ ပါတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ က နိုင်ငံခြားရေး ဌာန မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ နိုင်ငံခြားရေး ဌာနပြောခွင့်ရ Mark Toner က ထိပ်တန်း သတင်းတခု အဖြစ် ပထမဆုံး ပြောကြားခဲ့ပါတယ်။

“ ထိပ်တန်း သတင်းတခု အနေနဲ့ ပြောစရာရှိတာက မြန်မာနိုင်ငံနဲ့ ပါတ်သက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိုက်ပါပြီ။ ဒီသတင်းအတွက် အမေရိကန်နိုင်ငံက ကြိုဆိုပါတယ်။ အသစ် ရွေးကောက် တင်မြှောက်ခံရတဲ့ အရပ်သား အစိုးရက နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးခဲ့တာပါ။ ဒီအထဲမှာ ပြီးခဲ့တဲ့နှစ် တုန်းက ပညာရေးပြုပြင်ပြောင်းလဲဖို့ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေအတွင်း အဖမ်းခံခဲ့ရသူတွေနဲ့ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေရသူတွေ ဒါဇင်ချီပြီး ပါဝင်နေပါတယ်။

လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုတာနဲ့ ငြိမ်းချမ်းစွာ စုဝေးမှုတွေအပါအဝင် လူ့အခွင့်ရေးမြှင့်တင်မှုနဲ့ အခြေခံ ရပိုင်ခွင့်တွေကိုလေးစားဖို့ ဟာ ဒီမိုကရေစီ ရှင်သန်ရေးအတွက် သိပ်အရေးပါတဲ့ အချက်တွေ ဖြစ်ပါတယ်။ဒါ့ကြောင့် အစိုးရသစ်ရဲ့ လူ့အခွင့် အရေးအတွက် လုပ်ဆောင်မယ့် သန္နိဋ္ဌာန် ကို စောစောစီးစီး ပြသခဲ့တာအတွက် ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် အမေရိကန်ပြည်ထောင်စု က ပံ့ပိုးကူညီဖို့ အသင့်ရှိနေပါတယ်။ ”

နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား ကျောင်းသူတွေကို အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း သွားမှာ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရာထူးကို စတင်ယူလိုက်ချိန် ပထမဆုံး ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတိုင်း ချက်ချင်း အရေးယူဆောင်ရွက် ခဲ့ကြောင်း ဧပြီလ ၈ ရက်နေ့ မှာ ဒုတိယကြေညာချက် ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် ကျန် နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အမြန်ဆုံး ပြန်လည် လွတ်မြောက်ဖို့လည်း လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆက်လက်ဆောင်ရွက်နေတယ် လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPPB ရဲ့ ဧပြီလ ၇ ရက်နေ့ အထိ စာရင်းအရ ပြစ်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၁၂၁ ဦး၊ အမှု ရင်ဆိုင်နေရသူ ၁၁၆ ဦးနဲ့ အာမခံနဲ့ အမှုရင်ဆိုင်နေရသူက ၂၉၈ ဦး ရှိနေတာ ဖြစ်ပါတယ်။ သောကြာနေ့မှာတော့ အမျိုးသားပညာရေး ပြုပြင်ဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူပေါင်း ၉၀ ကျော် ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG