သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အပေါ် ဒဏ်ခတ်မှု ကန် ရုပ်သိမ်းဦးမည် မဟုတ်


NLD ထောက်ခံသူများ။
NLD ထောက်ခံသူများ။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင် ကျင်းပတာလို တိုးတက်ဖြစ်ထွန်းမှုတွေ တွေ့ရပေမဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေကြောင့် အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်မှုတွေ ချမှတ် ထားတာကိုတော့ ချက်ခြင်းရုပ်သိမ်းဖို့ မရှိသေးဘူးလို့ အမေရိကန် က ပြောဆို လိုက်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေ ကို စောင့်ကြည့်ရဦးမှာ ဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Mark Toners က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့ တာဟာ ကောင်းမွန်တိုးတက်တဲ့ ခြေလှမ်းဖြစ်ပေမဲ့ - ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုတွေကို ဆက်လုပ် - မလုပ် ဆိုတာကို ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ် မှာ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ရုပ်သိမ်းဖို့ရာ မရှိသေးဘူးတဲ့အကြောင်း - ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုသွားခဲ့တာပါ။

ဒါ့အပြင် ရွေးကောက်ပွဲတွေမှာ အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပေမဲ့ သမ္မတဖြစ်ခွင့်မရှိတဲ့ ကြိုတင် ကန့်သတ်ချက်တွေ ရှိနေတာ၊ ပြီးတော့ လွှတ်တော်ထဲမှာ ရွေးကောက်တင်မြှောက်မထားတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေ ပါရှိနေတာဟာ ဒီမိုကရေစီနည်းလမ်းနဲ့ ဆန့်ကျင်နေတယ်ဆိုပေမဲ့ - မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ၊ ဆက်လက်လုပ်ဆောင်ဖို့၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ ရခိုင်ပြည်နယ်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ - မြန်မာအစိုးရကို အမေရိကန်က တိုက်တွန်းသွားမှာပါလို့လည်း မစ္စတာ Toners က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

သောကြာနေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင်မဲရလဒ် ထုတ်ပြန်ချက်အရ မဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန် မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲအများစုနဲ့ အနိုင်ရရှိထားတာပါ။

အစိုးရဖွဲ့နိုင်မယ့် အရေအတွက်အထိ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ရရှိထားတဲ့ NLD ပါတီ အနေနဲ့ ဒုတိယသမ္မတလောင်း ၂ ဦးအတွက် အမည်စာရင်း တင်သွင်းခွင့်လည်း ရရှိတော့မှာပါ။

လွှတ်တော်တွင်းက တပ်မတော်သား ကိုယ်စားလှယ်တွေက တင်သွင်းမယ့်သူတဦး အပါအဝင် ဒုတိယသမ္မတလောင်း ၃ ဦးထဲက သမ္မတတဦး ရွေးချယ်ရမှာ ဖြစ်တဲ့ အတွက်လည်း NLD က သမ္မတဦး တင်မြှောက်ခွင့် ရနိုင်မယ့် အလားအလာတွေ ရရှိထားတာပါ။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ သမ္မတအဖြစ် တာဝန်ယူခွင့် မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ရွေးကောက်ပွဲမှာ သူ့ပါတီနိုင်ရင် သမ္မတအထက်မှာ တာဝန်ယူမယ်လို့ မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်

XS
SM
MD
LG