သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းစွာပြီးဆုံးတဲ့ မြန်မာ့ ရွေးကောက်ပွဲ အမေရိကန် ကြိုဆို


နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ
နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ သမိုင်းဝင်ရွေးကောက်ပွဲကို အတူတကွ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အတွက် မြန်မာပြည်သူ လူထုနဲ့ နိုင်ငံအတွင်းက အဖွဲ့အစည်းတွေအားလုံးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သတင်း ကြေညာချက်တရပ်ကို တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံအတွင်းက သန်းနဲ့ချီတဲ့ ပြည်သူလူထုဟာ ဒီမိုကရေစီစနစ်ဆီကို ပိုမိုနီးစပ်စေဖို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီရွေးကောက်ပွဲတွေဟာ ပြီးပြည့်စုံတဲ့အနေအထားဖြစ်ဖို့ အဝေးကြီးလိုသေးတယ်ဆိုတာကို သိထားပေမယ့် ဒါဟာ ရှေ့ကိုတိုးတဲ့အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်ဆိုပြီးတော့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

ပြည့်ဝတဲ့ဒီမိုကရေစီနဲ့ အရပ်သားအစိုးရစစ်စစ်ဖြစ်ဖို့အတွက် အရေးပါတဲ့တည်ဆောက်ပုံနဲ့ ခလုတ်ကသင်းတွေ ရှိနေပါသေးတာတွေ့ရပြီး အဲဒီအထဲမှာ လွှတ်တော်ထဲမှာ ရွေးချယ်တင်မြှောက်မခံရဘဲ စစ်တပ်ကနေရာ ယူထားတာ၊ ရိုဟင်ဂျာတွေအပါအဝင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတုန်းက မဲပေးခဲ့ပြီး အခုတကြိမ်မှာမဲပေးခွင့်မရကြတဲ့ အုပ်စုတွေ၊ နိုင်ငံသားဖြစ်ခွင့်နဲ့ နေထိုင်ခွင့်စတာတွေအပေါ် မူတည်ပြီး ကိုယ်စားလှယ် ဖြစ်ခွင့်မရှိဘူးဆိုပြီး ထင်သလို ဆုံးဖြတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တခြားနိုင်ငံတကာနဲ့ ပြည်တွင်းက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့အတူ ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို စောင့်ကြည့်နေပါတယ်။ မဲရေတွက်မှုတွေကိုလည်း စောင့်ကြည့်နေမယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

အခုရွေးကောက်ပွဲဟာ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းဖို့အတွက် အရေးပါတဲ့ခြေလှမ်းမို့ နိုင်ငံအတွက် အကောင်းဆုံး ဖြစ်အောင်၊ စည်းလုံးညီညွတ်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်ုပ်တို့က အားပေးပါတယ်လို့ ဖေါ်ပြထားပါတယ်။

နိုင်ငံတည်ငြိမ်ရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်လေးစားမှုကို ထိန်းသိမ်းထားရေးနဲ့ အလုံးစုံနိုင်ငံရေး အကူးအပြောင်း အတွက် ရွေးကောက်ပွဲအလွန်ကာလဟာ အရေးကြီးပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆက်လက် လုပ်ဆောင်သွားဖို့အတွက် ကူညီထောက်ပံ့မှုတွေ ဆက်လက်ပေးသွားဖို့ သံန္နိဌာန် ချထားကြောင်းလည်း ကြေညာချက်မှာ ရေးသားထားပါတယ်ခင်ဗျား။

XS
SM
MD
LG