သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းနဲ့ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌတွေ ခန့်အပ်


ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စတင်ခဲ့ပါတယ်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၄ ခု မှာရှိတဲ့ ဒုတိယအကြိမ် တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်အစည်းအဝေးတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ရှမ်းနဲ့ ရခိုင် ပြည်နယ် ကလွဲလို့ ကျန် တိုင်းနဲ့ ပြည်နယ်အသီးသီးက လွှတ်တော်ဥက္ကဋ္ဌတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၁၅ ရွေး ကောက်ပွဲ တခဲနက် အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေထဲက ရွေးချယ်ခဲ့ကြပါတယ်။ သတင်း အပြည့်အစုံကိုတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ကိုယ်တိုင် သတင်း သွားရောက်ရယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒဂုံမြို့နယ် မဲဆန္ဒနယ်က ဦးတင်မောင်ထွန်းကို လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်ပြီး ကမာရွတ် မဲဆန္ဒနယ် ၂ က ဦးလင်းနိုင်မြင့်ကိုတော့ ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေပြုရာမှာ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ လူမျိုး၊ ဘာသာစတဲ့ အစွဲတွေမထားဘဲ အဂတိတရား ကင်းကင်းနဲ့ ပြည်သူနဲ့ နိုင်ငံအကျိုးကိုသာ အလေးထား ဆောင် ရွက်ဖို့လိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သစ် ဦးတင်မောင်ထွန်းက သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့် သွင်း ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ အဓိက တာဝန်ဟာ ဥပဒေပြုရေး တာဝန်ဖြစ်တာနှင့်အညီ ဥပဒေကြမ်းများရေးဆွဲခြင်း၊ ဥပဒေများ ပြင်ဆင်ရေးဆွဲခြင်း၊ ဥပဒေသစ်များ ပြဌာန်းခြင်းတို့ကို ပြုလုပ်တဲ့နေရာမှာ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ စတဲ့ အဂတိတရားများကို ကင်းရှင်းစွာနှင့် ပြည်သူလူထုအကျိုး ၊ နိုင်ငံအကျိုးကိုရှေ့ရှု့ပြီး ကြိုးပမ်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။”

လက်ရှိ လွှတ်တော်သက်တမ်းမှာ ဖြေရှင်းရမယ့် ပြဿနာတွေ အင်မတန်များသလိုလာမယ့် အစိုးရသစ်အပေါ် ပြည်သူလူထုရဲ့ မျှော်လင့်ချက် ကြီးမားမှုက လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အဓိက စိန်ခေါ်မှုဖြစ် လာမယ်လို့ သင်္ဃန်းကျွန်း မဲဆန္ဒ နယ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က ပြောပါတယ်။

“ပြဿနာတွေက ကြည့်မယ်ဆိုရင် ကျနော်တို့က တနိုင်ငံလုံး အတိုင်းအတာနဲ့ကော၊ တိုင်းတွေပြည်နယ်တွေမှာကော သူဟာသူ သီးခြားသီးခြား ပြဿနာလေးတွေက အများကြီးပဲ ။ အဲဒီပြဿနာတွေ ထဲမှာလည်း တချို့ဟာတွေက ပြဿနာ အတိမ်၊အနက်က အရမ်းနက်နဲတဲ့အခါမှာ ဖြေရှင်းဖို့ခက်ခဲတာတွေလည်း ရှိကောင်းရှိနိုင်တယ်။ အဲဒီဟာတွေက ပြဿနာပေါ့နော်။ နောက်တခုက အဓိက စိန်ခေါ်မှုကတော့ လူထုရဲ့ expectation ပေါ့နော် ။ လူထုရဲ့မျှော်လင့်ချက် အရမ်းမြင့်မားတယ်။ အဲဒီလို မြင့်မားတဲ့အတွက်ကြောင့်မို့လို့ လူထုရဲ့မျှော်လင့်ချက်တွေကို ၁၀၀ ရာခိုင်နှုန်း ဖြည့်ဆည်းဖို့ ကြိုးစားတဲ့နေရာမှာလည်း ဒါလွှတ်တော် ကိုယ်စားလှယ်တွေအတွက် က ကြီးမားတဲ့ စိတ်ခေါ်မှုပဲ။ ကျနော်ကတော့ အဲဒီလိုမြင်ပါတယ်”

တပ်မတော်သား ကိုယ်စားလှယ်တဦးအနေနဲ့တော့ ဒို့တာဝန်အရေးသုံးပါးနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကိုသာ ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ် ဗိုလ်မှူး ကျော်ဇင်ဦးက ပြောပါတယ်။

“ကျနော့်အနေနဲ့ကတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ကျနော်တို့က ဒီ တို့တာဝန် အရေး ၃ ပါးနဲ့ ဒီလွှတ်တော် ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒါကို ကာကွယ်စောင့်ရှောက်ရမယ့် ဒါကိုပဲ အဓိက ကျနော်တို့ ပါဝင်ဆောင်ရွက်တာပါ။ လွှတ်တော်မှာဆိုရင်လည်း ဒါ အကုန်လုံးပေါ့ သစ္စာပြု ထားတဲ့အတိုင်းပဲ ဆောင်ရွက်ကြရမှာပါ။”

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရန်ကုန်တိုင်းအတွင်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နေရာ အနည်းငယ်ပဲ အနိုင်ရရှိတာမို့ ကိုယ့်မြို့နယ်အတွက်သာမကပဲ အခြားမြို့နယ်တွေ အတွက်ပါ အခုလွှတ်တော်မှာ တင်ပြ ဆောင်ရွက်သွားမှာ ဖြစ်ပြီး အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အရင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဖြစ်ခဲ့တဲ့ ကိုးကိုးကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြော ပါတယ်။

“အဓိကတော့ ကျနော်တို့ positive အမြင်ပဲ ။ positive view နဲ့ပဲ ကြည့်သွားမယ် ။ အားလုံးက ဒီတိုင်းဒေသကြီးကောင်းဖို့ဆိုရင် ကျနော်တို့ အားလုံး ပူးပေါင်းဆောင်ရွက်မယ်။ ကျနော်တို့က ဆန့်ကျင်ပြီးတော့မှ အလုပ်မဖြစ်တဲ့ ကိစ္စတွေကို ကျနော်တို့ မလုပ်ချင်ဘူး။ ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ကောင်းမွန်အောင်လုပ်သွားမှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းနဲ့ နှိုင်းယှဉ်ရင် လက်ရှိ လွှတ်တော်ဟာ ဒီမိုကရက်တစ် အင်အားစုတွေ အများစု ပါဝင်လာမို့ ဒီမိုကရေစီနည်းကျတဲ့ အပြောင်းအလဲမျိုးဖြစ်လာလိမ့်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်း သားရေးရာ ကိုယ်စားလှယ် ဦးဇော်အေးမောင်ကပြောပါတယ်။

“ပထမအကြိမ် လွှတ်တော်သက်တမ်းကတော့ USDP အမတ် များတာပေါ့နော်။ အခုကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်တွေများတယ်။ အဲဒီတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ များသောအားဖြင့် ဒီမိုကရက်တစ်တွေများတယ်လေ။ ဒီမိုကရက်တစ်အင်အားစုပေါ့။ ဒီမိုကရက်တစ် အင်အားစု များတဲ့ အခင်အကျင်းဖြစ်တဲ့အတွက် မြန်မာနိုင်ငံ ပြည်သူလူထု အားလုံးက လိုလားနေတဲ့ ဒီမိုကရေစီထွန်းကားရေးကတော့ အရင်ထက် ပိုကောင်းလာမယ်လို့တော့မြင်တယ်။ဗဟိုချုပ်ကိုင်မှုတွေ လျော့လာလိမ့်မယ်လို့တော့ မြင်တယ်။”

ဒီကနေ့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ကျင်းပတဲ့ ဒုတိယအကြိမ်လွှတ်တော်တွေမှာ လွှတ်တော်ဥက္ကဋ္ဌ နေရာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အများစု ရွေးချယ်ခံ ခဲ့ရပေ မယ့်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အများဆုံးအနိုင်ရတဲ့ ရှမ်းပြည်နယ်မှာတော့ ပြည်ခိုင် ဖြိုးပါတီကိုယ်စားပြု ဦးစိုင်းလုံးဆိုင်က ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရပြီး ရခိုင် အမျိုးသား ပါတီက အများဆုံးအနိုင်ရခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း ရခိုင်အမျိုးသားပါတီက ဦးစံကျော်လှကို ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခဲ့ပါတယ်။

XS
SM
MD
LG