သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားတွေ ကြိုးစားပြီး တာဝန်သိဖို့ အိုဘားမား တိုက်တွန်းမည်


သမ္မတ အိုဘားမား
သမ္မတ အိုဘားမား
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ဝါရှင်တန်စံချိန် အင်္ဂါနေ့ညပိုင်း ဗွီအိုအေ အသံလွှင့်ချိန်အပြီး မကြာခင်မှာ နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောဖို့ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူလတ်တန်းစား လူတန်းစားတွေ အားကောင်း ခိုင်မာလာဖို့ စီးပွားရေး ဖွံ့ဖြိုးလာရေးအတွက် အခုအချိန်က စပြီး ဆောင်ရွက်ရမယ့် အချိန်အခါ ဖြစ်တယ်ဆိုတာကို သမ္မတ အိုဘားမား ပြောဆိုမယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန် ပြည်သူတွေဟာ ဘယ်နေရာကလာလာ၊ ဘယ်လိုပုံစံပဲဖြစ်ဖြစ် အလုပ်ကြိုးစားပြီး သူတို့ တာဝန်တွေ လုပ်နိုင်ဖို့ဆိုတဲ့ စဉ်းစားချက်တွေ ပြန်ဖြစ်လာကြဖို့ဟာ သူ့ရဲ့ မပြီးပြတ်သေးတဲ့ ကိစ္စဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောဆိုဖို့ရှိပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ကြီးကြီးမားမားမဟုတ်ဘဲ၊ ပိုပြီး ပါးနပ်လိမ္မာတဲ့ အစိုးရ ဖြစ်ဖို့ လိုမယ်လို့လည်း သမ္မတ အိုဘားမား က ပြောဆိုမှာ ဖြစ်ပါတယ်။

အမေရိကန် ဖွဲ့စည်းပုံအရ သမ္မတအနေနဲ့ လွှတ်တော် နှစ်ရပ်ရှေ့ကနေ တိုင်းပြည်အဝှမ်းကို ပြောမယ့် အခုနှစ် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာတော့ စီးပွားရေးကိစ္စ၊ အလုပ်အကိုင်သစ် ဖန်တီးရေးကိစ္စ
တွေကို အဓိက အာရုံစိုက်မှာ ဖြစ်ပါတယ်။

အစိုးရအသုံးစရိတ် ဖြတ်တောက်ဖို့ အစီအစဉ်တွေမှာလည်း နိုင်ငံတော် အမျိုးသား လုံခြုံရေးအတွက် အရေးကြီးတဲ့ကိစ္စ၊ လူလတ်တန်းစားတွေကို ထိခိုက်နိုင်မယ့် ကိစ္စမျိုးတွေကို ရှောင်ဖို့ကိုလည်း လွှတ်တော်အမတ်တွေကို တိုက်တွန်းဖွယ်ရှိပါတယ်။

စီးပွားရေးမှာ အထူးသဖြင့်တော့ အမေရိကန်မှာ လူလတ်တန်းစား လူတန်းစားတွေ ခိုင်မာ အားကောင်းလာဖို့ သူ့ရဲ့ အမြင် သူ့ရဲ့ အစီအစဉ်တွေကို တင်ပြမယ်လို့ ယူဆရပါတယ်။

သုတေသနလုပ်ငန်းတွေ၊ ပညာရေးလုပ်ငန်းအတွက် အပါအဝင် စီးပွားရေး အားကောင်းလာဖို့ အစီအစဉ်တွေမှာ ငွေကြေး စိုက်ထုတ်ရင်းနှီးရေး ဥပဒေကြမ်းကို အတည်ပြုဖို့ လွှတ်တော်အမတ်တွေကို သမ္မတ အိုဘားမား က တိုက်တွန်းဖို့ ရှိတယ်လို့ အစိုးရ အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

စီးပွားရေးကိစ္စအပြင် အမေရိကန် နိုင်ငံရေးမှာ အချေအတင်ဖြစ်နေတဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပြင်ဆင်မှု၊ သေနတ်လက်နက်ထိန်းချုပ်ရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်တွေကိုလည်း ထည့်သွင်းပြောဆိုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စတွေမှာတော့ အာဖဂန်နစ္စတန် လုံခြုံရေး၊ တပ်တွေ ရုပ်သိမ်းရေး ကိစ္စကိုလည်း ထည့်သွင်းပြောဆိုမယ်လို့ ခန့်မှန်းရပါတယ်။
XS
SM
MD
LG