သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသွင်သစ် နဲ့ အစိုးရသတင်းစာ


၂၀၁၆ခုနှစ် မတ်လ ၃၁ရက်နေ့ ကြေးမုံသတင်းစာ။
၂၀၁၆ခုနှစ် မတ်လ ၃၁ရက်နေ့ ကြေးမုံသတင်းစာ။

NLD ပါတီဦးဆောင်တဲ့ အစိုးရသစ်တက်လာပြီးနောက် ပထမဆုံးထွက်ပေါ်လာတဲ့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေဟာ အပြင်အဆင်ရော၊ သတင်းဖော်ပြချက်တွေပါ ပြောင်းလဲသွားပါတယ်။ စာနယ်ဇင်းအသိုင်းအဝိုင်းကတော့ ဒီအပြောင်းအလဲကို ကြိုဆိုလိုက်ပြီး နိုင်ငံပိုင် သတင်းစာတွေ အနေနဲ့ ပြည်သူ့ဝန်ဆောင်မှု သတင်းစာစစ်စစ်ဖြစ်ဖို့နဲ့ ပုဂ္ဂလိက သတင်းစာတွေ ဆက်လက်တည်မြဲရေးကိုလည်း တဖက်တလမ်းက အားပေးသင့်တယ်လို့ ရှုမြင်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့မနက်မိုးလင်းလိုက်တာနဲ့ ပြည်သူတွေအချင်းချင်းကြားမှာရော၊ Facebook အင်တာနက် စာမျက်နှာတွေပေါ်မှာပါ လူအများဆွေးနွေးတဲ့ အကြောင်းအရာ ကတော့အစိုးရပိုင် ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာတွေရဲ့ အပြောင်းအလဲ ကိစ္စပဲဖြစ်ပါတယ်။

၂၀၁၆ခုနှစ် မတ်လ ၃၁ရက်နေ့ မြန်မာ့အလင်းသတင်းစာ။
၂၀၁၆ခုနှစ် မတ်လ ၃၁ရက်နေ့ မြန်မာ့အလင်းသတင်းစာ။

ဒါကတော့ အစိုးရပိုင်သတင်းစာတွေမှာ တချိန်က အတိုက်အခံအင်အားစုလို့ ဆိုရမယ့် သူတွေရဲ့ အတွေးအမြင်တွေကို မထင်မှတ်ဘဲ မြန်မြန်ဆန်ဆန် တွေ့မြင် လိုက်ကြရတာပဲဖြစ်ပါတယ်။

ဒီကနေ့ သတင်းစာတွေရဲ့ အပြောင်းအလဲနဲ့ပတ်သက်ပြီး 7day နေ့စဉ်သတင်းစာက ပင်တိုင်ဆောင်းပါးရှင် ကိုဝင်းဇော်လတ်က အခုလို ပြောဆိုပါတယ်။

" ထင်သာမြင်သာရှိတာကတော့ သတင်းစာရဲ့ အပြင်အဆင်ပေါ့။ နောက်တခု ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အောင်ပွဲပေါ့လေ။ လူထုအောင်ပွဲဆိုတာ သတင်းစာမျက်နှာဖုံးမှာ ဖော်ပြထားတာပေါ့။ နောက်တခုကတော့ ကိုမင်းကိုနိုင် ကဗျာတို့ ဆရာကြည်အောင်တို့ ကဗျာတွေ ဆောင်းပါးတွေ အဲ့တာမျိုးတွေ ပါလာတာပေါ့။ ပြောင်းလဲတဲ့ပြရုပ်ပဲလေ။ သင်္ကေတပဲ။"

သတင်းစာဆရာ ဆရာကျော်ရင်မြင့်ကလည်း သတင်းစာတွေရဲ့ အပြောင်းအလဲ ပတ်သက်ပြီး သူ့ရဲ့မျှော်လင့်ချက်ကိုလည်း အခုလို ဆက်ပြောပါတယ်။

" ပြည်သူလူထုကို ပိုပြီး အကျိုးပြုတဲ့ လမ်းကြောင်းကနေ ထုတ်ဝေလိမ့်မယ် လို့ မျှော်လင့်ပါတယ်။ တချိန်တုန်းက ဆရာဦးဝင်းတင်ရဲ့ စကားပါပဲ ပြည်သူတွေရဲ့ စကားပြန် ဆိုပြီးတော့ ပြည်သူပြောချင်တာကိုလည်း အစိုးရကို သတင်းစာက တဆင့်ပြောမယ်။ အစိုးရပြောချင်တာကိုလည်း ပြည်သူကို သတင်းစာကတဆင့် သတင်းပေးမယ်။ အဲ့ဒီ့လို ကြားထဲက ပေါင်းကူးအဖြစ်နဲ့ အဲ့သလို အသွင်သဏ္ဍာန် ကိုပြောင်းသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျ။"

သတင်းမီကောင်စီအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမြင့်ကျော်ကလည်း အစိုးရပိုင် သတင်းစာတွေရဲ့ အပြောင်းအလဲ အပေါ်မှာ အခုလို သုံးသပ်ထားပါတယ်။

" ကျနော့်အမြင်မှာတော့လေ အရင်တုန်းက ဦးသိန်းစိန်အစိုးရကိ အဓိကထားပြီး ဖော်ပြတယ်။ အခုက NLD အစိုးရကို အဓိကထားပြီး ဖော်ပြတယ် ဆိုရင်တော့ အဲ့ဒီ့ဟာက အနှစ်သာရခြင်း မပြောင်းဘူးပေါ့။ အစိုးရပြောင်းလို့ အကြောင်းအရာပြောင်းသွားတဲ့သဘောပဲ ရှိမယ်။ တကယ်တမ်းကျတော့ သတင်းစာက အမာျးပြည်သူဝန်ဆောင်တဲ့ သတင်းစာအဖြစ် အသွင်ပြောင်းချင်ရင်တော့ လူတွေ ရင်ဆိုင်နေရတဲ့ ဟာတွေ အဲ့တာတွေက တခါတလေမှာတော့ အစိုးရတွေရဲ့ ပေါ်လစီကို ဝေဖန်တာ လည်းဖြစ်ရင်ဖြစ်မယ်။ ဖော်ဆောင်မှုတွေကို ဝေဖန်တာလည်းဖြစ်ရင်ဖြစ်မယ်။ အဲ့တာမျိုးတွေကို ဖော်ပြနိုင်မှသာလျှင် တကယ် အနှစ်သာရ အားဖြင့် အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းတာလို့ ယူဆလို့ရပါတယ်။"

အစိုးရပိုင် သတင်းစာတွေဟာ အရင်တည်းက ပုဂ္ဂလိကပိုင် သတင်းစာတွေ ထက် စောင်ရေအရရော၊ ဈေးကွက်အရပါ လွှမ်းမိုးထားရာက အခုလို လူအများ စိတ်ဝင်စားတဲ့ သတင်းအချက်အလက်တွေ ပိုမိုဖော်ပြပေးလာနိုင်မယ် ဆိုရင် စောင်ရေ အရ ပိုမိုတိုးတက်လာပြီး ပုဂ္ဂလိက သတင်းစာတွေအပေါ် ရိုက်ခတ်မှု ရှိလာနိုင်ကြောင်းလည်းလို့လည်း တွက်ဆကြပါတယ်။

ဆရာကျော်ရင်မြင့်ကတော့ ပုဂ္ဂလိက သတင်းစာတွေ ဖွံ့ဖြိုးရေးအတွက်လည်း အားပေးသင့်တယ်လို့ ထောက်ပြထားပါတယ်။

" ပုဂ္ဂလိကသတင်းစာတွေကလည်း ရှင်သန်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ပုဂ္ဂလိက သတင်းစာတွေ ပုံနှိပ်ထုတ်ဝေဖို့လို့အတွက် လိုအပ်မယ့် စက္ကူ ၊ မှင်၊ စက် စတဲ့အပိုင်းတွေမှာ ကောက်တဲ့အခွန်တွေကို လုံးဝ နီးပါး မကောက်ပဲနဲ့ ဆို ဒါတွေဟာ စာပေရေရှည်တည်တံ့ဖို့ အားပေးရာလည်း ကျပါတယ်။ အဲ့လို လုပ်စေချင်ပါတယ်။ အခွန်အကောက်တွေပေါ့နော်။ အစိုးရအနေနဲ့လည်း ပုဂ္ဂလိကဖွံ့ဖြိုးလို့အတွက်လည်း အားပေးဖို့ တာဝန်ရှိတယ်ဆိုတာကိုတော့ မမေ့လျော့စေချင်ပါဘူး။ "

လက်ရှိအစိုးရသစ်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် စာရေးဆရာ၊ သတင်းစာဆရာ ဦးဖေမြင့်က တာဝန်ယူဆောင်ရွက်တာဖြစ်ပါတယ်။ အရင်အစိုးရရဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကတော့ အယ်ဒီတာ မူဝါဒသာ ပိုပြီး လွတ်လပ်ခွင့်ရ ရင်ကြေးမုံနဲ့ မြန်မာ့အလင်းက ဝန်ထမ်းများဟာ ပြောင်းလဲနိုင်စွမ်းရှိကြောင်းနဲ့ အယ်ဒီတာဆိုင်ရာမူဝါဒသစ်နဲ့ဆိုရင် ကြေးမုံ နဲ့ မြန်မာ့အလင်းဟာ လက်ရှိ အခြေအနေထက် စောင်ရေအရရော၊ စာနယ်ဇင်း အရည်အသွေးအရရော အများကြီးတိုးတက်လာမယ်လို့ ယုံကြည်ကြောင်း သူရဲ့ Facebook စာမျက်နှာမှာ မှတ်ချက်ပေးထားပါတယ်။

XS
SM
MD
LG