သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SSA မြောက်ပိုင်းနဲ့ မြန်မာစစ်တပ် သင်္ကြန်တွင်း တိုက်ပွဲဖြစ်


အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့ (ဖေဖော်ဝါရီလ ၂၀၁၃)
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့ (ဖေဖော်ဝါရီလ ၂၀၁၃)
မြန်မာနိုင်ငံတဝှမ်း နှစ်သစ်ကူး ရေသဘင်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲခဲ့ကြတဲ့ သင်္ကြန်ကာလမှာ ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းမှာ အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား အနည်းဆုံး တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အခြေအနေက ဆက်လက် တင်းမာနေဆဲ ရှိနေပါတယ်။ လောလောဆယ် တန့်ယန်းမြို့ပေါ်မှာ ရောက်ရှိနေတဲ့ ရာနဲ့ချီတဲ့ စစ်ပြေး ဒုက္ခသည်တွေဟာ လည်း နေရပ်ကို မပြန်နိုင်ဘဲ ရှိနေကြပါတယ်။ ရှမ်းပြည်နယ်အတွင်းက နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နှစ်ဘက်တပ်တွေအကြား ကြိုးကြား ကြိုးကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့ လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးပြီး ၁၀ ရက်ကျော်ကာလမှာ အခုလို တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့တာပါ။

လတ်တလော ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကိုတော့ SSA မြောက်ပိုင်းရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က အခုလို ပြောပါတယ်။

“ဖြစ်တာက ခဏ ခဏ ဖြစ်နေတဲ့ ဂွင်တွေပဲလေ။ လွယ်ဆေး၊လွယ်လန်း တဝိုက်မှာပဲ။ ၁၅ ရက်နေ့ မနက် ၉ နာရီမှာ မိုင်းကောင် အရှေ့ခြမ်းမှာ အဲ့ဒီတဝိုက်မှာ ဖြစ် တယ်လေ။ ၁၅ ရက်နေ့ မနက် ၉ နာရီမှာ တကြိမ်၊ ညနေပိုင်းမှာ တကြိမ် ဖြစ်တယ်
ပေါ့။ ၁၅ ရက်နေ့မှာ ၂ ကြိမ်ဖြစ်တယ်။ ၁၆ ရက်နေ့မှာလည်း ဖြစ်တယ်လေ။ တိုက်ပွဲကတော့ တနေ့လုံးတော့ မဟုတ်ဘူးပေါ့။ တကြိမ်ကို ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပါပဲ။”

လတ်တလော ထပ်မံ ဖြစ်ပွားလာတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်မှုးစိုင်းလက အခုလို ဆက်ပြောပါတယ်။

“ဖြစ်တာက ခါတိုင်းဖြစ်သလိုပါပဲ။ ကျနော်တို့ ရှိတဲ့နေရာ သူတို့ ဝင်ရှင်းတယ်လေ။ ကျနော်တို့ အဲ့ဒီဒေသမှာ မနေနိုင်အောင်ပေါ့။ ကျနော်တို့ကို ဖယ်ထုတ်တဲ့ သဘောမျိုးပေါ့။ အဲ့ဒီနေရာဒေသမှာ ကျနော်တို့ ဟိုး ရှေးပဝေသဏီ ကတည်းက နေခဲ့တယ်လေ နော။ ကျနော်တို့ကတော့ ကျနော်တို့ ရှိတဲ့နေရာ ခုခံယုံကလွဲပြီးတော့ ကျနော်တို့လည်း မတတ်နိုင်ဘူးလေ နော။”

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးတဲ့ သတင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ လက်ရှိဖြစ်ပွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ အစိုးရတပ်အကြားမှာ ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းကလည်း အဲ့ဒီဒေသတွင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါသေးတယ်။ ဒီတိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ တန့်ယန်းမြို့ကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။ လောလောဆယ်မှာတော့ ဒုက္ခသည်တွေဟာ နေရပ်မပြန်နိုင်
ဖြစ်နေတယ်လို့လည်း ဒုက္ခသည်အရေး ကူညီသူတဦးက ပြောပါတယ်။

“အခု အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ နေတယ်။ ၄၀၀ ကျော်လောက် ရှိသေးတယ်ခင်ဗျ။ စစ်ပွဲထပ်ဖြစ်မှာ စိုးလို့ထင်တယ်။ စိုးရိမ်တာပေါ့။ အဲ့ဒါကြောင့် သူတို့ မပြန်နိုင်တာ အဲ့ဒါပါပဲ။”

ဒီကနေ့ နှစ်ဆန်းတရက်နေ့ နေ့ခင်း ၁ နာရီလောက်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့က ရွှေတိဂုံပုံတူ စေတီတော် ဘုရားဝင်းအတွင်းမှာ ဗုံးတလုံး ပေါက်ကွဲ ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒါပေမဲ့ ပင်လုံမြို့ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒါဟာ ဗုံးပေါက်ကွဲတာမဟုတ်ဘဲ မီးရှုးဒုံး ပေါက်ကွဲ တာသာ ဖြစ်တယ်လို့ တာဝန်ကျ ရဲတပ်ကြပ်ကြီးတဦးက ပြန်လည်ဖြေဆိုပါတယ်။

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အပစ်ရပ်ဖို့ သဘောတူခဲ့ပေမဲ့ တနှစ်ကျော်ကာလအတွင်းမှာ အနည်းဆုံး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ဖြစ်ခဲ့သလို တနှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီခေါ် RCSS/SSA တောင်ပိုင်းနဲ့လည်း အပစ်ရပ်ဖို့ သဘောတူပြီးတဲ့နောက် တိုက်ပွဲပေါင်းအကြိမ် ၆၀ ကျော်လောက် ဖြစ်ပွားခဲ့ပါတယ်။
XS
SM
MD
LG