သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ကျန်နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ရှိ


အရင်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသားလို့ အသိအမှတ်ပြု မခံခဲ့ရတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသားစာရင်းကို အစိုးရသစ် တာဝန်ရှိသူတွေ အကူအညီနဲ့ စာရင်းပြုစုခဲ့ရာမှာ လက်ရှိ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲ အရေအတွက်က ၂၀၀ နီးပါးရှိပြီး ပျောက်ဆုံးနေတာကလည်း ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုကျော်ထင် က သတင်းပေးပို့ထားပါတယ်။

လက်ကျန် နိုင်ငံရေး အကျဉ်းသားစာရင်း စိစစ်ရေးကော်မတီ က နိုင်ငံအနှံ့အပြားက အကျဉ်းထောင်တွေထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းကို စိစစ်ရာမှာ လူထုအခြေပြု အဖွဲ့အစည်းတွေအပါအဝင် အကျဉ်းဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ် အစရှိတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။

ကော်မတီဝင်တယောက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ် တာဝန်ရှိသူ ကိုညိုထွန်း က ကျန်ရှိနေသေးတဲ့ အကျဉ်းသားတွေ အခြေအနေကို အခုလို ရှင်းပြပါတယ်။

"ကျနော်တို့ဆီက ပို့လိုက်တာရော အကျဉ်းဦးစီးက စစ်ဆေးလိုက်တာရော၊ ကျန်တဲ့အဖွဲ့တွေ ပို့လိုက်တာရော စုစုပေါင်း ၄၁၀ ရှိတယ်။ ၄၁၀ မှာ ကျခံဆဲက ၁၉၆ ယောက်၊ အချုပ်က ၂၇ ယောက်၊ နောက် ၄၆ ဦးက လွှတ်ပြီးပြီ၊”

မေး။ ။ အဲ့ဒီထဲမှာ ရခိုင်နဲ့ ကချင်ပါလားခင်ဗျ။
“တချို့တွေပါတယ်။ တချို့က မပါဘူး။ သူပို့၊ ကိုယ်ပို့တာရော၊ နောက် ရှာမတွေ့တာက ၁၁၆ ယောက် ရှိတယ်ဗျ"

မေး။ ။ ဟုတ်ကဲ့။ ရှာမတွေ့တာ၊ ပျောက်ဆုံးဆိုတာတွေက ဘယ်လိုဖြစ်တာလဲခင်ဗျ။
"ဒီကပေးတဲ့စာရင်းတွေနဲ့ လူနာမည်တွေ၊ အဖေနာမည်တွေ လွဲနေတာပေါ့။”

မေး။ ။ အကျဉ်းထောင်ထဲ သေဆုံးတာတွေ၊ နောက် ရဲဘက်စခန်းတွေမှာ သေဆုံး တာတွေကော ဖြစ်နိုင်လားခင်ဗျ။
"အဲ့ဒါတော့ အတတ်မပြောနိုင်ဘူးခင်ဗျ။ ကျနော်တို့ဘက်က ပေးတဲ့စာရင်းကလည်း အတတ်နိုင်ဆုံး စုစည်းပြီး ရတဲ့စာရင်းကို ပေးရတာလေ၊ ဥပမာဆိုပါတော့ဗျာ၊ နာမည်ထပ်နေတာဆို ၄ ဦး တွေ့ရတာ ပဲကိုး၊ တချို့ဆိုရင် လွတ်သွားတာမျိုး၊ တချို့က နာမည်အဆင်ပြေပြီး လိုက်လို့ မရတာမျိုး၊ ဒါမျိုးတွေပေါ့"

မေး။ ။ စဉ်းစားမိတာတခုပေါ့၊ အချုပ်ကျနေရင်း ပေါ်တာအဖြစ် ပါသွားလို့ သေဆုံး သွားတာ၊ ပျောက်ဆုံးသွားတာတွေကော ရှိနိုင်မလား။
"အဲ့ဒါတော့ မနက်ဖြန်သွားပြီး လေ့လာမှသိမယ်ခင်ဗျ"

လက်ကျန် နိုင်ငံရေးအကျဉ်းသားစာရင်း စိစစ်ရေးကော်မတီမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့လည်း ပါဝင်ပါတယ်။ အဖွဲ့တာဝန်ရှိသူ ဦးထွန်းကြည်က သူတို့ဟာ အကျဉ်းသားတွေကို မှီခိုနေတဲ့ မိသားစုဝင်တွေကိုလည်း ကူညီထောက်ပံ့တယ်လို့ ဆိုပါတယ်။

“ဒီလိုဗျ၊ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ရည်ရွယ်ချက်မှာ တစ်က နိုင်ငံရေး အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေး၊ နှစ်က ခင်ဗျားမေးတဲ့ နိုင်ငံရေး အကျဉ်းသားများနဲ့ သူတို့မိသားစုများအား ထောက်ပံ့ကူညီရေး ဆိုတာဖြစ်လို့ ခင်ဗျားပြောတဲ့ အဲ့ဒီလူတွေရဲ့ အတွင်းကရော အပြင်မှာ ကျန်တဲ့လူတွေရဲ့ ကျန်းမာရေးဘဝ၊ ပညာရေးဘဝ၊ စီးပွားရေးဘဝတွေ၊ ထောင်ဝင်စာက အစ ကျနော်တို့ လက်လှမ်းမှီသလောက် ဆောင်ကျဉ်းပေးနေပါတယ်။”

မေး။ ။ အခုအနေထားက အရင်ကနဲ့စာရင် အင်မတန် တိုးတက်လာတယ်လို့ ပြော
နိုင်တဲ့ အနေထားလားဗျ။
"မဟုတ်ဘူးခင်ဗျ၊ အဲလောက်ကြီးတော့ ပြောဖို့ စောသေးတယ်။ လူ့အခွင့်အရေး ချိုးဖောက် မှုကလည်း ထောင်အသီးသီးမှာ ရှိနေသေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း ထိုနည်းတူစွာပဲ ရှိနေသေးတယ်။ အပြောင်းအလဲဆိုတာက ဥပမာ အရင်ကတော့ ပုံစံနဲ့ စားရတယ်၊ အခုတော့ အဝစား ဖြစ်သွားတယ်။ ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ အရင်နဲ့စာရင် နည်းနည်းလေး တိုးတက်မှု ရှိတယ်။ ဒီလောက်က လွဲလို့ အရမ်းကြီး တိုးတက်သွားတယ်လို့ ပြောဖို့ ခက်ပါသေးတယ်။"

လက်ကျန် နိုင်ငံရေးအကျဉ်းသားစာရင်း စိစစ်ရာမှာ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး အကျဉ်းထောင်တွေ ထဲမှာ အကျဉ်းကျခံနေရသူဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ စာရင်း ပြုစုထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကော်မတီကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်ပြီး အဖွဲ့ဝင်တွေအဖြစ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဉာဏ်ဝင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်ထွန်းဦး၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၊ နိုင်ငံရေး အကျဉ်းသားများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ် စတဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေ၊ အကျဉ်းဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG