သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကို ဖမ်းဆီးခံရ


ဗကသများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကျော်ကိုကို (ဝဲ) ဦးဆောင်ပြီး လမ်းလျောက် ချီတက်ဆန္ဒပြခဲ့စဉ်။
ဗကသများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကျော်ကိုကို (ဝဲ) ဦးဆောင်ပြီး လမ်းလျောက် ချီတက်ဆန္ဒပြခဲ့စဉ်။

ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို ကိုအာဏာပိုင်တွေက ဘယ်နေရာမှန်း မသိတဲ့ နေရာကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုနဲ့ ဗကသများ အဖွဲ့ချုပ် က ပြောဆိုပါတယ်။ ဒီအတွက် စိုးရိမ်ပူပန်ကြောင်းနဲ့ ဗကသများ အဖွဲချုပ် ကတော့ အခုလို ဖမ်းဆီးတာဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် လူအခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ပြုပြင်ဖို့ အတွက် သပိတ်မှောက် ချီတက်မှုကြောင့် ဆူပူအောင် လံှူ့ဆော်မှု အပါအဝင် တခြားပုဒ်မတွေနဲ့ ဖမ်း၊ ဝရမ်းထုတ်ခံထားရတဲ့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုဟာ ဒီကနေ့မှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။ သူကို ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး အနီးမှာ ဖမ်းဆီးသွားကြောင်း ဖခင်ဖြစ်သူ ဦးကျော်က ပြောပါတယ်။

“စံပြဈေးကို ကားစီးသွားပြီးတော့ မုန့်သွားဝယ်နေတဲ့ အချိန်မှာ ဖမ်းသွားတယ် လို့ပြောတယ်။ SP က ဖမ်းသွားတာပါ။ ကျနော် ကမာရွတ်ရဲ့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံး သွားတယ် ခင်ဗျာ။ အဲဒီမှာ စုံစမ်းလို့ရမယ်ဆိုပြီးတော့ သွားစုံစမ်းတော့ သူတို့က ဌာနပေါင်းစုံ ရှိတယ်တဲ့။ အများကြီးပဲ ပြောခွင့်မရှိပါဘူးဆိုပြီးတော့ ကျနော်တို့ကို ပြန်ပြောလိုက်တယ်ခင်ဗျာ။”

မိသားစုအနေနဲ့ ဖမ်းဆီးသွားတဲ့နေရာတွေကို စုံစမ်းခဲ့ပေမဲ့ စုံစမ်းလို့မရတဲ့အတွက် စိုးရိမ် ပူပန်မူတွေ ရှိနေတဲ့အကြောင်းကိုလည်း ဆက်ပြောပါတယ်။

“လေးရက် ၁၄၊၁၅၊၁၆၊ ၁၇ ဆန္ဒပြပြီးကတည်းက ကျနော့် အိမ်ရှေ့ကို SP တွေက လာစောင့်နေတယ် ခင်ဗျာ။ အဲဒီကနေစပြီး ကျနော်တို့ ရှောင်သွားတာပါ ခင်ဗျာ။ ဆန္ဒပြပြီး လေးရက်ပြီး သွားတဲ့အခါမှာ သူ့ကို အိမ်ရှေ့မှာSP တွေက မနက် ၅ နာရီကနေစပြီး ည ၁၁ နာရီ လောက်အထိ ထိုင်စောင့်နေပါတယ်ခင်ဗျာ။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ စဖမ်းတယ် ခင်ဗျာ။ ဒါကတော့ နိုင်ငံကောင်းအောင် လုပ်တာပါ။ ပညာရေးကောင်းအောင် လုပ်တဲ့ဟာပဲ။ အဲဒီကတည်းက သူ့ကို မဲပြီး လိုက်နေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။

သူလဲရှောင်နိုင်သလောက်တော့ ရှောင်နေတာပဲ။ အခုလို ဆွဲသွားတဲ့ အခါကျတော့ စိုးရိမ်မှုတော့ ရှိတာပေါ့နော်။ သူတို့က ဘယ်လိုအငြိုးအတေးတွေနဲ့ လုပ်မယ်ဆိုတာ မသိတော့လေ။ ကျနော်တို့ အရမ်း ပူပန်မှုရှိပါတယ် ခင်ဗျာ။ စစ်ကျောရေးတွေ ဘာတွေ လုပ်မယ်၊ ဘယ်မှာ မှန်းမသိဘူး။ သူရှိတဲ့နေရာ သိသွားပြီဆိုရင် ကျနော်တို့ စိတ်ချရတာပေါ့။ အခုက ဘယ်ရောက်သွားမှန်းမသိဘူးဖြစ်နေတယ်။”

ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် ကိုအောင်နေပိုင် ကတော့ အာဏာပိုင်တွေဟာ အခုအချိန်ထိ ကျောင်းသားခေါင်းဆောင်တဦးကို ဖမ်းဆီးတာဟာ ပွင့်လင်းမြင်သာစွာ နဲ့ ဥပဒေကြောင်းအရ ဖမ်းဆီးတာမျိုးမလုပ်တဲ့အတွက် လူအခွင့်ရေး ချိုးဖောက်တာမျိုးတွေ ဖြစ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

“အခုလိုဖမ်းဆီးတာက အငြိုးတကြီးနဲ့ ဖမ်းဆီးတယ်လို့ ကျနော်မြင် တယ်။ နောက်ပြီးတော့ သူတို့အနေနဲ့လည်း ကိုကျော်ကိုကို ကို ပြစ်မှတ်ထားပြီးတော့ အရင် ကတည်းက စောင့်ကြည့်မှုတွေ အများကြီးလုပ်ခဲ့တာ။ အခုဟာက အစိုးရ အနေနဲ့ အရမ်း အလိုရှိနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အဲတော့ ကျနော်တို့အနေနဲ့ အရမ်း စိတ်ပူတယ်။ အဓိက ကတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုရင်လည်း ဘာပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာလည်း၊ နောက်တခုက ဘယ်လိုနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတာလဲ ဆိုတာကို မိဘတွေနဲ့ အဖွဲ့အစည်းကိုတော့ အကြောင်းကြား ပေးဖို့လိုတယ်။ အခုဟာက ဖမ်းဆီးသွားတာပဲ သိလိုက်ရတယ်။

အခုထိ ကျနော်တို့ ဘာမှ မသိရသေးဘူး။ ဘယ်လိုမှ ကျနော်တို့အနေနဲ့ စုံစမ်းလို့ မရတဲ့ အနေအထားဖြစ်နေတယ်။ ရဲစခန်းတွေမှာလည်း မရှိဘူး။ ရန်ကုန်မြို့မှာရှိတဲ့ ရဲစခန်းတွေမှာလည်း ဖမ်းဆီးထိန်းသိမ်းထားတာလည်း မရှိဘူး။ မိဘတွေကိုလည်း အသိပေး အကြောင်းကြားထားခြင်းမရှိဘူး။ လုံး၀ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ် လို့ ကျနော်တို့ မြင်တယ်။ ဒါလုံး၀ မဖြစ်သင့်ဘူး။

ဒါက ကျနော်တို့နိုင်ငံ လက်ရှိအခြေအနေကို အများကြီးပြသနေတယ်။ ကျောင်းသား တယောက်ကို နိုင်ငံရေးအယူအဆအရသော်လည်းကောင်း၊ နိုင်ငံရေး အရသော် လည်းကောင်း ၊ သူတို့နဲ့ နိုင်ငံရေးအယူအဆမတူတဲ့ ကိစ္စအရ သော် လည်းကောင်း၊ နောက်တခုက ပြစ်မှုကျူးလွန်သည်ပဲဖြစ်စေ၊ မကျူးလွန်သည်ပဲဖြစ်စေ ဒီလိုမျိုး ဖမ်းဆီးထိန်းသိမ်းမှုတွေ ပြုလုပ်တော့မယ်ဆိုရင် ပွင့်လင်းမြင်သာမှုတို့လုပ်ဖို့ လိုပါတယ်။ ဟို ဘယ်သူမှ မသိတဲ့အချိန်မှာ ဖမ်းဆီးသွားတယ်။ ဒီအတင်း ဖမ်းဆီးသွားတဲ့ပြီးတော့မှ အခုက ဘယ်နေရာမှာ ထိန်းသိမ်းထားတာမျိုးမရှိဘူး။ ကျနော်တို့အနေနဲ့က အများကြီး လူ့ဂုဏ်သိက္ခာနဲ့ ချိုးဖောက်ခံရတယ်လို့ ကျနော်တို့ မြင်ပါတယ်။”

ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုဟာ အမျိုးသားပညာရေး ဥပဒေအတွက် ခရီးရှည် ချီတက် သပိတ်မှောက်ခဲ့ရာမှာ ဦးဆောင်သူတဦးဖြစ်ခဲ့တာကြောင့် အာဏာပိုင်တွေက သူ့ကိုဖမ်းဝရမ်းထုတ်ထားပါတယ်။

လက်ရှိမှာတော့ သူကိုထိန်းသိမ်းထားတဲ့နေရာကို သိရှိနိုင်ဖို့အတွက် နဲ့ သူူကို စစ်ကြော မေးမြန်းတာ နှိပ်စက်ညှင်းပမ်းတာမျိုးတွေမရှိစေဖို့အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲနဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့တွေကိုလည်း ဗကသများအဖွဲ့ချုပ်က အကူညီတောင်းထားပြီး စုံစမ်းနေတယ် လို့လည်း ဗကသများအဖွဲ့ချုပ်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG