သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတန်း ဖမ်းဆီးခံ ကျောင်းသားများ ကျန်းမာရေး နဲ့ တရားစီရင်ရေး တိုက်တွန်း တောင်းဆို


လက်ပံတန်းအကြမ်းဖက်ဖြိုးခွင်းမှုမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီး ထိန်း သိမ်းခံထားရသူတွေရဲ့ ဆေးကုသခွင့် အကြပ်အတည်းဆိုင်ရာ စစ်တမ်း သတင်းစာရှင်းလင်းပွဲ
လက်ပံတန်းအကြမ်းဖက်ဖြိုးခွင်းမှုမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီး ထိန်း သိမ်းခံထားရသူတွေရဲ့ ဆေးကုသခွင့် အကြပ်အတည်းဆိုင်ရာ စစ်တမ်း သတင်းစာရှင်းလင်းပွဲ

အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ကန့်ကွက် သပိတ်မှောက်ခဲ့လို့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေ ဆေးဝါးကုသမှုအခက်ခဲကိုရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းကို တကယ်သွားနေတယ်ဆိုရင် ကျောင်းသားတွေကို လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကပြောပါတယ်။ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်နိုင်ရေး ကန့်ကွက် သပိတ်မှောက်ခဲ့လို့ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေထဲက ၇၀ ရာခိုင်နှုန်း ဟာ အကြမ်းဖက်ဖြိုခွင်းမှုမှာ ရိုက်နှက်ခံခဲ့ရပြီး ရိုက်နှက်ခံခဲ့ရသူတွေထဲက ၇၄ ရာခိုင်နှုန်းဟာ ဆေးကုသမှု ခံယူခွင့်မရကြဘူးလို့ ဒီကနေ့ ထုတ်ပြန် လိုက်တဲ့ လက်ပံတန်းအကြမ်းဖက်ဖြိုးခွင်းမှုမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးထိန်း သိမ်းခံထားရသူတွေရဲ့ ဆေးကုသခွင့် အကျပ်အတည်းဆိုင်ရာ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အသေးစိတ် ကို ဗွီအိုအေ သတင်းထောက် မြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ပေးဖို့ မန္တလေးကနေရန်ကုန်အထိ ချီတက်သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်း သားတွေနဲ့ ဝန်းရံပြည်သူ ၅၃ ဦး သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး တရားရင်ဆိုင် နေရ တာ ၁၀ လ ရှိပါပြီ။

ကျောင်းသားသပိတ်မှာပါဝင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားရသူတွေအနေနဲ့ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမရကြဘဲ အခြေအနေ အင်မတန်ဆိုးမှသာ ဆေးကုသမှုခံယူခွင့်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နေပိုင်က ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ ရန်ကုန် မြို့မှာ ပြုလုပ်တဲ့ လက်ပံတန်းအကြမ်းဖက်ဖြိုခွင်းမှုမှာ ပါဝင်သူတွေရဲ့ ဆေးကုသခွင့်အကျပ်အတည်း စစ်တမ်းနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“အကြမ်းဖက်ဖြိုခွင်းတဲ့အချိန်မှာ ၁၀၀ ရာခိုင်နှုန်းမှာ ကျောင်းသားတွေရဲ့ ၇၀ ရာခိုင်နှုန်းက ရိုက်နှက်ဖြိုခွင်းတဲ့အချိန်မှာ အားလုံးက ရိုက်နှက်ခံခဲ့ရတယ်ဆိုတာကိုလည်း ကျနော်တို့တွေ့ခဲ့ရတယ်။ နောက်တခုက ဒီရိုက်နှက်ခံရတဲ့ ၇၀ ရာခိုင်နှုန်းထဲမှာမှ ၇၄ ရာခိုင်နှုန်းက ဆေးကုသမှုမရဘူးဆိုတာကိုလည်း ကျနော်တို့တွေ့ရတယ်။ နောက်အဲဒီမှာ ပိုအရေးကြီးတာက ဆေးကုသမှုမရတဲ့အပြင်ကို သူတို့က ထောင်ကျပြီးတော့မှ ဆေးကုသမှုမရခဲ့ဘူး၊ ထောင်ကျတဲ့ နောက်ဆက်တွဲမှာ သူတို့က ကျန်းမာရေးပိုပြီးတော့ ဆိုးလာတာကိုတွေ့ရတယ်။”

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ဆရာဝန်ကိုယ်တိုင် တရားရုံးကို လာရောက်ပြီး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ကျောင်းသားနဲ့ ဝန်ရံပြည်သူ ၂၂ဦး ကျန်းမာရေးအခြေအနေဆိုးရွားမှုကြောင့် ရန်ကုန် ပြည်သူ့ ဆေး ရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ရပြီး အဲ့မတိုင်ခင်ကာလအထိ ကျန်းမာရေး စစ်ဆေးခွင့်မရခဲ့ပါဘူး။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားပညာရေး သပိတ်မှောက် ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ အများစုခံ စားနေရတဲ့ ရောဂါတွေဟာ အကြမ်းဖက်ဖြိုခွင်းခံရချိန်မှာ ရိုက်နှက်ခံရမှုကြောင့် ဖြစ်တာများတယ်လို့ ကျန်းမရေး စစ်ဆေးမှုပြုလုပ်ပေးခဲ့သူတွေက ပြောပါတယ်။ လက်ရှိ ဖမ်းဆီးခံကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ဒေါက်တာ သက်မင်းက အခုလို ပြောပါတယ်။

“၇၀ ရာခိုင်နှုန်းကျော်က ထောင်ထဲရောက်မှ ဖြစ်တဲ့ရောဂါတွေပါ။ ကျန်တာကတော့ အပြင်ကနေ ပါတဲ့ရောဂါတွေဖြစ်ပါတယ်။ ဖြစ်တဲ့ရောဂါတွေအားလုံးကို ကျနော်တို့ကြည့်မယ်ဆိုရင် နံပတ် ၁ က အကြမ်းဖက်ရိုက်နှက်မှုကြောင့်ဖြစ်တာပါ။ အကြမ်းဖက်ရိုက်နှက်မှုကြောင့် ပထမဆုံးဖြစ်တာက head injury ၊ ခေါင်းတွေအရိုက်ခံရပါတယ်။ ခေါင်းအရိုက်ခံရတဲ့အတွက်ကြောင့် သူတို့တွေ severe ခေါင်းတွေအရမ်းကိုက်ပါတယ်။ ခေါင်းတွေအရမ်းကိုက်လို့ တခါတလေ မူးတာတွေ၊ ဆက်တိုက်အန်နေတာတွေ ၊ bad of vision ပေါ့နော် မျက်လုံးမှုန်တာတွေ ၊ အမြင်မှုန်ဝါးတာတွေဖြစ်လာပါတယ်။”

သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့လို့ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗကသများအဖွဲ့ ချုပ်က ကိုမင်းသွေးသစ်ရဲ့ မိခင် ဒေါ်ခင်ခင်ယုကတော့ အမှုရင်ဆိုင်နေရတာ ကြာရှည်လာတဲ့ပတ်သက်လို့ စိုးရိမ်တယ်လို့ဆိုပါတယ်။ မိခင်တယောက်အနေနဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မှုကို ဒေါ်ခင်ခင်ယုက အခုလိုပြောပါတယ်။

“အမှုကလည်း အရမ်းကိုရှည်နေပြီပေါ့နော်။ အခုမှ တရားလိုဘက်က သက်သေကတယောက်ပဲ၊ ၁၀ လကျော်တဲ့အပိုင်းအခြားမှာ တယောက်ပဲ စစ်လို့ပြီးသေးတယ်ဆိုတော့ ကျမတို့က ဘယ်တော့မှ ဒီအမှုကြီးက ပြီးဆုံးမှာလဲ၊ အဲတော့ သူတို့ကျန်းမာရေးတွေရှေ့ဆက်ပြီးတော့ ဆိုးဝါးသွားမှာကိုလည်း အရမ်းပဲ စိုးရိမ်ပါတယ်။ မိဘတွေအားလုံးက စိုးရိမ်တာပါ။”

မြန်မာနိုင်ငံအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းကို တကယ်သွားနေတယ်ဆိုရင် ဒီအမှုကို အမြန်ဆုံးဖြေရှင်းပေးဖို့လိုပြီး ဆေးကုသခွင့်တောင်းဆိုမှုတွေကိုလည်း မဖြစ်မနေပေးဖို့လိုတယ်လို့ လက်ပံတန်းကျောင်းသားအရေးမှာ ပါဝင်ကူညီဆောင်ရွက်ပေးတဲ့အဖွဲ့တွေက ထောက်ပြကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ Justice Trust အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ရည်မွန်ထွန်းက ပြောပါတယ်။

“ကျမတို့အနေနဲ့မြင်တာက ဒီလိုမျိုး ဆေးကုသခွင့်တောင်းဆိုတယ်ဆိုရင်ပေးကိုပေးရမယ်။ ဒီအမှုကြီးရှည်တာကိုလည်း တခုခုဖြေရှင်းပေးရမယ်လို့ မြင်တယ်ရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုနဲ့ ကျောင်းသားတွေကို လက်ပံတန်းမှာ ဖမ်းတဲ့ဟာတခုသည် ကြည့်လိုက်ရင် အခုဆက်သွားနေတဲ့ ခုံရုံးကြီးမှာပေါ့နော် ၊ မြန်မာနိုင်ငံရဲ့ ခုံရုံးစနစ်တခု ပျက်စီးနေတာပဲခေါ်၊ မြန်မာနိုင်ငံရဲ့ ခုံရုံးစနစ်မှာရှိတဲ့ပြဿနာတွေကို ထင်ထင်ရှားရှားကြီးမြင်ရတယ်ရှင့်။”

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမြို့မှာအကြမ်းဖက်ဖြိုခွင်းခံရပြီး ဖမ်းဆီးထိန်းသိမ်း ခံရတဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေရဲ့ ဆေးကုသခွင့် အကျပ်အတည်း စစ်တမ်းနဲ့ ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်၊ Justice Trust နဲ့ လက်ပံတန်းအကြမ်းဖက်မှု တရားမျှတရေး ကော်မတီတို့ ပူးပေါင်းပြီးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံ ကျောင်းသားနဲ့ ဝန်းရံပြည်သူ တွေကို မတရားစွပ်စွဲထားတဲ့ ပုဒ်မတွေကို အမြန်ဆုံး ရုတ်သိမ်းပြီး အစိုးရအနေနဲ့ ချွင်းချက်မရှိ လွှတ်ပေးဖို့လည်း တောင်းဆို လိုက်ပါတယ်။

XS
SM
MD
LG