သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကျောင်းသားတွေနဲ့ အစိုးရ တွေ့ဆုံညှိနှိုင်းမည်


အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတချို့ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံညှိနှိုင်းဖို့ ရှိနေပါတယ်။ ဒီကနေ့မှာတော့ ကျောင်းသားသပိတ်စစ်ကြောင်းကို မန္တလေးတိုင်း တောင်သာမြို့ အဝင်မှာ ရဲအာဏာပိုင်တွေရဲ့ ယာယီပိတ်ဆို့ခံရပေမဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် အတားအဆီးတွေကို လုံခြုံရေးအာဏာပိုင်တွေက ဖယ်ရှားပေးခဲ့ပါတယ်။

အခုဆိုရင် ကျောင်းသားသပိတ်စစ်ကြောင်းဟာ တောင်သာမြို့တွင်းကို ရောက်ရှိပြီး ဒေသခံပြည်သူတွေကလည်း ကျောင်းသားတွေကို ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ မန္တလေးမြို့ကနေ ရန်ကုန်အထိ ချီတက်သပိတ်မှောက်နေတဲ့ ကျောင်သားတွေနဲ့ အစိုးရကြားမှာ အကြိုညှိနှိုင်းတဲ့အနေနဲ့ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်က ပြောဆိုပါတယ်။

“နေပြည်တော်ကိုက ကျမတို့ရဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားလှယ်အချို့သွားပြီးတော့ ဒီမှာစကားပြောမှာပေါ့နော် မနက်ဖြန်အတွက်။ အကြိုဆွေးနွေးမှုပုံစံမျိုးပေါ့။ မနက်ဖြန် တွေ့မှာကတော့ ကျမတို့ အကြမ်းမျဉ်းသိထားတာက ဦးအောင်မင်းနဲ့ ပညာရေးဝန်ကြီးဌာနဘက်က တာဝန်ရှိသူတချို့လို့ အကြမ်းမျဉ်းကြားထားတယ်ရှင့်။ ကျမတို့တောင်းထားတဲ့ ၄ ပွင့်ဆိုင်နဲ့လည်း ဆိုင်ပါတယ်ရှင့်။ ကျမတို့လိုချင်တာကို ကျမတို့ တိတိကျကျ တောင်းဆိုတာပေါ့။ ကျမတို့ အဓိက ဒါ ၄ ပွင့်ဆိုင်ကို သွားဖို့အတွက် ဒါ အကြိုဆွေးနွေးမှုပုံစံပါ။ ပိတ်ဆို့မှုကြောင့်လည်း ထပ်ပြီးတော့ ဒီတောင်းဆိုမှုက ပိုပြီးတော့ ဖြစ်လာတာဆိုတော့လေ။ နှစ်ခုလုံးကတော့ ဆက်စပ်မှုရှိပါတယ်။ ဒီကလှုပ်ရှားမှုတခုတည်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုအပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာတဲ့ ဆွေးနွေးပွဲဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီပိတ်ဆို့မှုနဲ့လည်း သက်ဆိုင်ပါတယ်။”

အင်္ဂါနေ့မှာတော့ မြင်းခြံမြို့ကနေ တောင်သာမြို့ကို ချီတက်လာတဲ့ ကျောင်းသားတွေကို တောင်သာမြို့ရဲ့ နန်းမြင့်တောင်ကြားမှာ အာဏာပိုင်တွေက ပိတ်ဆို့ထားတဲ့အတွက် တင်းမာမှုတွေဖြစ်ခဲ့ပြီး ညနေ ၅ နာရီကျော်တဲ့အချိန်ကျမှ တားဆီးနေတဲ့နေရာကို အာဏာပိုင်တွေက ဖယ်ရှားပေးလိုက်ပါတယ်။ အတားအဆီးတွေ လုပ်ခဲ့တာနဲ့ပတ်သက်လို့ သပိတ်မှောက် ကျောင်းသားတဦးဖြစ်တဲ့ ရမည်းသင်း နည်းပညာကောလိပ် ကျောင်းသား ကိုအောင်ထက်နိုင်က အခုလို ပြောဆိုပါတယ်။

“တောင်သာအဝင်က နန်းမြင့်တောင်ကြားမှာ ကျနော်တို့ သပိတ်မှောက်ကျောင်းသားတွေကို လမ်းပိတ်ထား၊ တားထားတဲ့ လုံထိန်းတွေနားကို ရောက်နေပါတယ်။ ကျနော်တို့ သပိတ်မှောက် ကျောင်းသားတွေကတော့ နဂိုတောင်းဆိုထားတဲ့ ဒီ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တရားဝင် မလုပ်သေးဘဲနဲ့တော့ ဒီကြားထဲက တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွေကို လက်ခံမှာမဟုတ်ဘူး။ အခုအချိန်မှာရှိတဲ့ တွေ့ဆုံညှိနှိုင်းမှုက ကျနော်တို့ သပိတ်စစ်ကြောင်း လျှောလျှောမောမော ချီတက်နိုင်ဖို့ပဲ ကျနော်တို့က ညှိနှိုင်းမှာပါ။”

ညနေ ၅ နာရီခွဲကျော်အချိန်လောက်မှာ တောင်သာမြို့ကို လုံလုံခြုံခြုံနဲ့ ဝင်ရောက်နိုင်ရေးအတွက် ကျောင်းသားတွေနဲ့ အာဏာပိုင်တွေကြား ဆွေးနွေးမှုတွေလုပ်အပြီး အတားအဆီးတွေကို ဖယ်ရှားပေးခဲ့တာပါ။ အခုအခါမှာတော့ တောင်သာမြို့က တည်းခိုတဲ့ဘုန်းကြီးကျောင်းကို ကျောင်းသားတွေ ရောက်ရှိနေပြီလို့ သပိတ်မှောက် ကျောင်သားတဦးက ဆိုပါတယ်။

“ဒီကနေ့ ညှိနှိုင်းတဲ့အခြေအနေက ကျနော်တို့ သပိတ်စစ်ကြောင်း တောင်သာမြို့ထဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်အောင်မြင်မြင် ဝင်နိုင်ရေးကိုပဲ ကျနော်တို့ ညှိနှိုင်းတာ။ အဲ့ဒီအတွက် သူတို့ဘက်က ရဲတပ်ဖွဲ့တွေ၊ ချထားတဲ့လုံထိန်းတွေကို ပြန်ရုပ်သိမ်းပေးဖို့ပဲ ကျနော်တို့ ညှိနှိုင်းတာ။ နောက်ထပ်တော့ ဘာအတားအဆီး အနှောင့်အယှက်မှ မရှိတော့ဘူးခင်ဗျ။ အခု ကျနော်တို့ တည်းခိုမယ့် ဘုန်းကြီးကျောင်းတော့ ရောက်ပါပြီခင်ဗျ။”

ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက်တွေ့နေစဉ်အတွင်းမှာ အထက်မြန်မာပြည်၊ အောက်မြန်မာပြည်က အဆင့်မြင့်ပညာရေးဦးစီးဌာန ညွှန်ချုပ် ၂ ဦးနဲ့အတူ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နဲ့ မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ်တို့က ကြားဝင်ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ တနင်္လာနေ့ညကတော့ မြင်းခြံမြို့မှာ ကျောင်းသားတွေတည်းခိုနေတဲ့ စွန်းလွန်းဂူဘုန်းကြီးကျောင်းတဝိုက် လုံခြုံရေးအင်အား ချလာတာတွေ တောင်သာလမ်းတလျှောက် ပိတ်ဆို့တားဆီးဖို့ လုပ်ဆောင်နေတာတွေကို ရှေ့ပြေးသွားတဲ့ကျောင်းသားတွေက သိရှိခဲ့ပြီး တောင်သာခရီးစဉ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။ တောင်သာလမ်းမှာ ရဲတပ်ရင်းအင်အား အလုံးအရင်း ချထားတဲ့အပေါ် မြင်းခြံလူထုတွေက စိုရိမ်းမှုတွေရှိတဲ့အတွက် ကျောင်းသားတွေနဲ့အတူ တောင်သာလမ်းတလျှောက်ကို ချီတက်လမ်းလျှောက်ပြီး ကူညီပေးခဲ့ပါတယ်။

ရန်ကုန်နာရေးကူညီမှုအသင်းနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ကားတွေကလည်း ဆေးဝါးနဲ့ အစားအစာတွေအတွက် လိုက်ပါကူညီခဲ့ပေးခဲ့ပါတယ်။ မြင်းခြံဒေသခံတွေရဲ့ ကားတွေကိုတော့ နေ့လည်ပိုင်းမှာ တားမြစ်ထားတဲ့အတွက် တောလမ်းကနေ အစားအသောက်တွေ သယ်ဆောင်ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန့်ကျင်တဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေဟာ နယ်မြို့အသီးသီးကနေ ချီတက်လာနေကြပြီး မန္တလေးမြို့ကနေ ရန်ကုန်အထိ ချီတက်လာတဲ့ ကျောင်သားတွေရှိသလို ထားဝယ်ကနေ ရန်ကုန်ကို ချီတက်လာကြတဲ့ ကျောင်းသားတွေကတော့ လမ်းခရီးတလျှောက်မှာ မြို့ရွာတွေမရှိတဲ့အတွက် အစာရေဆာတွေ ပြတ်နေကြောင်း သိရပါတယ်။

အလားတူပဲ ဧရာဝတီတိုင်း၊ မကွေးတိုင်း ပခုက္ကူ၊ ရေနံချောင်း၊ ချောက် စတဲ့ နေရာတွေက ကျောင်းသားတွေလည်း အမျိုးသားပညာရေးဥပဒေကို ပြီးခဲ့တဲ့ရက်တွေကစပြီး ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။

XS
SM
MD
LG