သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညှိနှိုင်းပွဲအတွက် ကျောင်းသားသပိတ် ရပ်မည်မဟုတ်


အစိုးရက အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ သပိတ်စစ်ကြောင်းတွေ ရပ်တန့်ဖို့ မနေ့က သတင်းထုတ်ပြန်ခဲ့ပေမဲ့လည်း ဆွေးနွေးပွဲ ရလဒ်တွေကို သတိကြီးကြီးနဲ့ စောင့်ကြည့်ရင်း သပိတ်ကိုတော့ ရပ်နားမှာ မဟုတ်တဲ့အကြောင်း ပင်မသပိတ်စစ်ကြောင်းက ဗကသကျောင်းသားတွေက ပြောဆိုလိုက်ပါတယ်။ဒီအကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ အစိုးရဘက်က မနေ့က သတင်းထုတ်ပြန်ရာမှာ လေးပွင့်ဆိုင် ဆွေးနွေးမှုကနေရရှိတဲ့ သဘော တူညီချက်တွေကို ပညာရေးဝန်ကြီးဌာနကနေ လွှတ်တော်ကို ပြန်လည်တင်ပြမယ့် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ ထည့်သွင်းပေးသွားမှာဖြစ်လို့ သပိတ်တွေကိုရပ်တန့်ဖို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေကတော့ ဆွေးနွေးမှု ရလဒ်တွေကိုသာ ကြည့်မှာဖြစ်ပြီး သပိတ်တွေ ရပ်တန့်မှာ မဟုတ်ဘူးလို့ ဗကသခေါင်းဆောင် ကိုသီဟဝင်းတင် က ဆိုပါတယ်။

“ရပ်ဖို့မရှိဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ကျနော်တို့အနေနဲ့ ဒါ သဘောတူညီချက်အတိုင်း ရပ်ပေးခဲ့တယ်။ ဆွေးနွေးပွဲစတင်တဲ့ရက်မှာပေ့ါနော်။ ဒါပေမဲ့ အစိုးရဘက်က ဖိအားပေးတာတွေ ရှိတယ်။ ဖိအားပေးတာတွေ ရှိတယ်ဆိုတာကို ကြည့်လိုက်ခြင်းအားဖြင့် သူ့အနေနဲ့ မရိုးသားတာပေါ့နော်။ ဒီလို မရိုးသားတဲ့ အစိုးရတရပ်ကို ကျနော်တို့အနေနဲ့ ဘယ်လိုမှ ယုံကြည်လို့မရဘူး။ ယုံကြည်လို့မရတဲ့အတွက် ကျနော်တို့အနေနဲ့ သတိထားပြီးတော့ စောင့်ကြည့်တယ်။ ဆွေးနွေးပွဲရလဒ်ကောင်းဖို့အတွက် ဖိအားကို အစဉ်မပြတ်၊ အဆက်မပြတ် ဆက်ပေးနေရမယ်လို့ ယုံကြည်တဲ့အတွက် ကျနော်တို့ ဆွေးနွေးပွဲရလဒ်ကို ကြည့်ပြီးတော့ပဲ သပိတ်ရဲ့ အရှိန်ကို၊ အချိန်အဆကို ဆုံးဖြတ်မှာဖြစ်တယ်။”

တဆက်တည်းမှာပဲ ရန်ကုန်ကိုဦးတည်ချီတက်နေတဲ့ သပိတ်စစ်ကြောင်းတွေထဲက ပခုက္ကူဘက်ကနေ လာတဲ့စစ်ကြောင်းက ပြည်မြို့ကို ချီတက်လာနေပြီး ပြည်မြို့မှာရှိနေတဲ့ ပင်မသပိတ်စစ်ကြောင်းကလည်း ဒီည ပြည်မြို့မှာပဲ ညအိပ်နားမယ်လို့ ဆိုပါတယ်။ ဧရာဝတီ သပိတ်စစ်ကြောင်းကတော့ ဆွေးနွေးပွဲရလဒ်ကို စောင့်ကြည့်ဖို့အတွက် မအူပင်မှာ ခေတ္တနားနေပြီး ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားတွေကတော့ အမျိုးသားပညာရေးဥပဒေကို ဒီနေ့မှာပဲ စတင်ပြီး သပိတ်မှောက်ခဲ့ပါတယ်။ မြစ်ကြီးနားတက္ကသိုလ်၊ မြစ်ကြီးနား ကွန်ပျူတာတက္ကသိုလ်၊ မြစ်ကြီးနား GTC တို့က ကျောင်းသားတွေ ဗန်းမော်ခရိုင်မှာရှိတဲ့ ဗကသတို့ ပူးပေါင်းပြီး ပထမဦးဆုံးနေ့အဖြစ် ကချင်ပြည်နယ်မှာ အမျိုးသားပညာရေးဥပဒေကို ချီတက်သပိတ်မှောက်မှုတွေ စတင်ခဲ့တာပါ။ ရခိုင်ဘက်က ကျောင်းသားသပိတ်ကတော့ မြို့ထဲမှာလည်း လှည့်လည်ဆန္ဒပြနေပြီး ရန်ကုန်ကိုချီတက်ဖွယ် အခြေအနေရှိတယ်လို့ ကျောင်းသားတချို့က ဆိုပါတယ်။ ထားဝယ်ကနေလာတဲ့ ကျောင်းသားသပိတ်ကတော့ မော်လမြိုင် ကျောင်းသားသပိတ်နဲ့ ပူးပေါင်းပြီး ဒီနေ့မှာ မော်လမြိုင်တက္ကသိုလ်ထဲဝင်ပြီး ဟောပြောစည်းရုံးမှုတွေ လုပ်ခဲ့ပါတယ်။

မနေ့ကစတင်ခဲ့တဲ့ မြိတ်မြို့က ကျောင်းသားသပိတ်ကတော့ မြိတ်မြို့မှာ ဒုတိယနေ့အဖြစ် စတင်သပိတ်မှောက်နေပါတယ်။ သပိတ်မှောက် ကျောင်းသားတွေ ရန်ကုန်ကို အဝင်မခံဘူးဆိုပြီး အတားအဆီးတွေ ချထားတယ်ဆိုပြီး သတင်းတွေ ထွက်နေပေမဲ့ ပင်မ ကျောင်းသားသပိတ် အတားအဆီးတွေ အားလုံးကို ပြည်သူ့အားနဲ့ ဖယ်ရှားသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ဘယ်လိုပဲ ပိတ်ပင်တားဆီးပါစေ ရအောင်တော့ လုပ်နေမှာပဲပေ့ါနော်။ အစောကြီးကတည်းကကို ကျနော်တို့အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် ဒီသပိတ်စစ်ကြောင်းကို ကျနော်တို့ ပြင်စည်မှာကတည်းကကို ကိုယ့်ကိုယ်ကို သရဏဂုံတင်ပြီးသားဖြစ်တဲ့အတွက် ဘယ်လိုအတားအဆီးပဲ ဖြစ်နေပါစေ ကျနော်တို့ကျောင်းသားအားနဲ့ ရအောင်တိုးပြီးတော့ သွားကြမှာပဲ။ နောက်တခုက ကျနော်တို့အနေနဲ့က တောက်လျှောက်ပေါ့နော် ပြည်သူလူထုကြီးဆိုတာ ကျနော်တို့အတွက်ကို တကယ့်အားပဲ။ တကယ်လည်း ကျနော်တို့အတွက်လည်း ဝန်းရံပေးတယ်။ ကျနော်တို့ကိုလည်း အရမ်းချစ်ပါတယ်။ ပြည်သူလူထုကြီးကို၊ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့သာ ပြည်သူလူထုတွေရဲ့ အားမပါဘူးဆိုရင် နန်းမြင့်တောင်ကြားမှာကတည်းကကို ဒါ ကျနော်တို့ သပိတ်စစ်ကြောင်းတွေက ရှေ့ ဆက်လက်တက်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီတော့ ကျနော့်အနေနဲ့ ပြောချင်တာကတော့ ဒီအမျိုးသားပညာရေးဥပဒေဆိုတဲ့ဟာကို ကျနော်တို့လိုချင်တဲ့ အမျိုးသားပညာရေးဥပဒေကို ပြည်သူ့အား၊ ကျောင်းသားအားနဲ့ ရအောင် ဖျက်သိမ်းပစ်မှာပါ။”

ကန့်ကွက်သပိတ်မှောက်နေတဲ့ ကျောင်းသားသပိတ်တွေ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ရှိနေကြသလို ကျောင်းသားသပိတ်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေလည်း ရန်ကုန်မှာ ပြုလုပ်ခဲ့ကြတဲ့အတွက် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာလည်း လုံခြုံရေးတင်းကျပ်မှုတွေ ရှိနေတယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ် အပါအဝင် ရန်ကုန်မြို့တွင်းမှာရှိတဲ့ တက္ကသိုလ်များရှေ့မှာ ကျောင်းအတွင်းသို့ ဝင်ရောက်ခွင့်မရှိဘဲ ကျူးကျော်ဝင်ရောက်ပါက တည်ဆဲဥပဒေနဲ့ အရေးယူမှာဖြစ်ကြောင်း ချိတ်ဆွဲ ရေးသားထားပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်းမှာ စတင်မယ်ဆိုပြီး ရပ်ဆိုင်းထားတဲ့ ဆွေးနွေးပွဲကိုတော့ ကြိုတင်ဆွေနွေးပွဲတွေလုပ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ၄ ပွင့်ဆိုင်ဆွေးနွေးရေး စတင်မှာကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဆွေနွေးပွဲရဲ့ အခြေအနေတွေကိုတော့ ကျောင်းသားတွေကော လူထုတွေပါ စိတ်ဝင်စားစွာ စောင့်ကြည့်နေတာပါ။

အစိုးရသစ်လက်ထက်မှာ ပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာကို အစိုးရအနေနဲ့ ပထမဦးဆုံး ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ကျောင်းသားတွေဆန္ဒအတိုင်း ၄ ပွင့်ဆိုင် ဆွေးနွေးရေးဆီကို ရောက်နိုင်ဖို့ လိုက်လျောခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG