သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားသပိတ်စစ်ကြောင်း တိုင်းနဲ့ပြည်နယ်သမဂ္ဂတချို့ လာပူးပေါင်း


အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ပြီး ချီတက်နေတဲ့ ပင်မ ကျောင်းသားသပိတ်စစ်ကြောင်းက ပဲခူးတိုင်း မင်းလှမြို့ကနေ လက်ပံတန်းမြို့ကို ဆက်လက် ချီတက်နေပြီး တိုင်းနဲ့ ပြည်နယ်အသီးသီက ကယန်းနဲ့ ချင်းတိုင်းရင်းသား သမဂ္ဂတွေနဲ့ တခြား သမဂ္ဂဝင် မဟုတ်သူတွေကလည်း လာရောက် ပူပေါင်းမှုတွေကို ရှိနေတယ်လို့ ဆိုပါတယ်။

တနင်္သာရီ၊ မွန်၊ မြေလတ် သပိတ်စစ်ကြောင်းက ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းနဲ့ ဧရာဝတီစစ်ကြောင်းကတော့ ခေတ္တရပ်နားထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းကတော့ မင်းလှမြို့ကနေ လက်ပံတန်းမြို့ကို ဆက်လက် ချီတက်နေပြီး တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ ခရိုင်သမဂ္ဂပေါင်း ၁၉ ခုနဲ့အတူ ဦးဆောင်ချီတက်နေတယ်လို့ ပင်မသပိတ်ခေါင်းဆောင် ကိုမင်းသွေးသစ် က ဆိုပါတယ်။

“ကျနော်တို့ ပင်မသပိတ်စစ်ကြောင်းက ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂရယ်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ကျောင်းသားသမဂ္ဂရယ်၊ နောက်ပြီး တောင်ငူခရိုင် ကျောင်းသားသမဂ္ဂ၊ ပဲခူးခရိုင်ကျောင်းသားသမဂ္ဂ၊ ဧရာဝတီတိုင်းမှာဆိုရင် မအူပင်ခရိုင် ကျောင်းသားသမဂ္ဂ၊ နောက် မြောင်းမြခရိုင် ကျောင်းသားသမဂ္ဂ၊ ပုသိမ်ခရိုင် ကျောင်းသားသမဂ္ဂ၊ ဖျာပုံခရိုင် ကျောင်းသားသမဂ္ဂ ပါတယ်။ အထက်ဘက်မှာဆိုရင်တော့ ကျောက်ဆည်ခရိုင်၊ မန္တလေးခရိုင်၊ မြင်းခြံခရိုင်၊ တောင်ငူခရိုင်၊ မုံရွာခရိုင်၊ မိတ္ထီလာခရိုင်၊ ဒီခရိုင်တွေမှာရှိနေတဲ့ ကျောင်းသားသမဂ္ဂတွေ ပါပါတယ်။ လောလောဆယ် ကျနော်တို့ ထွက်ပြီး ပူးပေါင်းလာတာသည် မြေလတ်ဒေသမှာရှိနေတဲ့ ကျောင်းသားတွေပေါ့၊ သမဂ္ဂဝင် မဟုတ်တဲ့ မကွေးတို့၊ ရေနံချောင်းတို့၊ ကျောက်ပန်းတောင်တို့က ကျောင်းသားတွေ ထွက်ပြီး ပူးပေါင်းလာတယ်။ နောက် ပြည်ခရိုင်က ကျောင်းသားသမဂ္ဂကလည်း ပူးပေါင်းလာတယ်။ နောက် ပဲခူးတိုင်း အနောက်ခြမ်းမှာရှိနေတဲ့ ပဲခူးအနောက်ခြမ်း ကျောင်းသားသမဂ္ဂပေါ့၊ ပေါင်းတည်၊ ပြည်၊ မြစ်၀ ဒီဟာတွေပါတဲ့ ပဲခူးအနောက်ခြမ်း မြို့နယ်တွေမှာရှိနေတဲ့ ကျောင်းသားတွေ စုပေါင်းထားတဲ့ ပဲခူးအနောက်ခြမ်း ကျောင်းသားသမဂ္ဂလည်း ပါပါတယ်။”

တနင်္သာရီ၊ မွန်၊ မြေလတ် ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်း ရပ်နားလိုက်ပေမဲ့ မုံရွာခရိုင်နဲ့ မြေလတ်က ဗကသ ကျောင်းသားတော့ ပင်မသပိတ်ကို လာရောက် ပူးပေါင်းကြမှာဖြစ်သလို တကသ ဦးဆောင်တဲ့ ဧရာဝတီ သပိတ်စစ်ကြောင်းအနေနဲ့ သပိတ်ရပ်နားထားပေမဲ့ သပိတ်လှန်မယ်ဆိုရင် ဒေးဒရဲမြို့မှာရောက်နေတဲ့ ဧရာဝတီစစ်ကြောင်းက ဗကသအဖွဲ့ဝင်တွေက ပင်မသပိတ်နဲ့ လာရောက် ပူးပေါင်းသွားမယ်လို့ ပြောကြပါတယ်။

သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို နေပြည်တော်မှာရှိတဲ့ ရေဆင်းတက္ကသိုလ် ၃ ခုက ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံပိုင်သတင်းတွေက ထုတ်ပြန်မှုနဲ့ ပတ်သက်လို့ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ် စတဲ့ ရေဆင်းတက္ကသိုလ် ၃ ခုကနေ သူတို့သဘောထားမဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ထဲမှာတော့ သူတို့တက္ကသိုလ်တွေဟာ ဝန်ကြီးဌာနတွေရဲ့ လက်အောက်တွေမှာ ရှိတဲ့အတွက် သမဂ္ဂတွေ ဖွဲ့စည်းဖို့ အခွင့်မသာပေမဲ့ ဒီမိုကရေစီ တိုက်ပွဲဝင် ကျောင်းသားတွေနဲ့ တသားတည်းရှိကြောင်း ၄ ပွင့်ဆိုင် ဆွေးနွေးရေးကနေ လွှတ်တော်ကို တင်သွင်းထားချက်တွေနဲ့ ပတ်သက်လို့ ကျောင်းသားတွေရဲ့ ဆန္ဒသဘောထားနဲ့ ကိုက်ညီမှုမရှိပါက နောက်တဖန် သပိတ်မှောက်ရာမှာ ရေဆင်းတက္ကသိုလ်အနေနဲ့ စစ်ကြောင်းတခုအနေနဲ့ ပါဝင်လာမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အစိုးရဘက်က သတင်းထုတ်ပြန်အပြီးမှာတော့ ရေဆင်းတက္ကသိုလ် ကျောင်းသားတွေက ကျောင်းသားသပိတ်တွေကို ထောက်ခံကြောင်း ပင်မသပိတ်စစ်ကြောင်းကို ဆက်သွယ်လာတဲ့အကြောင်း၊ ပင်မသပိတ်ခေါင်းဆောင် ကိုမင်းသွေးသစ် က ပြောပြပါတယ်။

“ရေဆင်းတက္ကသိုလ်က သဘောထားထုတ်ပြန်တာ အစိုးရရဲ့ သတင်းစာထဲမှာပါတဲ့ ဥစ္စာပေါ့လေ အဲ့ဒါထုတ်ပြန်ပြီးတဲ့နောက်မှာ ချက်ခြင်းပဲ ကျနော်တို့ ခုနကဆိုရင် ကျနော်တို့ဆီကို နေ့ခင်းကတည်းက ဆက်သွယ်ထားတယ် ကျောင်းသားတွေ အစည်းအဝေးထိုင်နေတယ်။ ဝန်ကြီးဌာနမတူတဲ့အတွက် သမဂ္ဂဖွဲ့ဖို့ အဆင်မပြေဘူး။ ဒါပေမဲ့ အဲ့ဒီမှာရှိနေတဲ့ ကျောင်းသားတွေက အကုန်လုံး စုပေါင်းပြီးတော့ အစိုးရသတင်းစာထဲမှာပါတဲ့ ဒီမိုကရေစီ ပညာရေး သပိတ်ကို မထောက်ခံဘူးဆိုတဲ့ ကြေညာချက်က သူတို့ရဲ့ သဘောထားမဟုတ်ဘူးပေါ့။ ဒီက ဆရာ၊ ဆရာမတွေနဲ့ သူတို့နဲ့ ရင်းနှီးတဲ့ လက်တဆုပ်စာ ကျောင်းသားတွေကပဲ တကျောင်းလုံးရဲ့ သဘောထားဟုတ်သယောင်နဲ့ ထုတ်ပြန်တယ်ပေါ့။ အဲ့ဒါကို သူတို့လက်မခံဘူး။ သူတို့အနေနဲ့ ဒီမိုကရေစီ ပညာရေးစစ်ကြောင်းနဲ့ ဒီမိုကရေစီ ပညာရေး သပိတ်တိုက်ပွဲကို ထောက်ခံတယ်၊ လက်ခံတယ် ဆိုတဲ့ဟာကို နာရီပိုင်းလေး ကြေညာချက် အခု ထုတ်ပြန်လိုက်ပါပြီ။ ကျနော်တို့ဆီကိုလည်း ဖုန်းဆက်ပြီးတော့ အသိပေးပါတယ်။”

ပင်မသပိတ်စစ်ကြောင်းအနေနဲ့ ရန်ကုန် ဝင်ရေး၊ မဝင်ရေးနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်ကကော လူပုဂ္ဂိုလ်တဦးချင်းအရကော ဖိအာပေးမှုတွေ လုပ်နေတဲ့အတွက် မနက်ဖြန်မှာ ပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ခရိုင်အသီးသီးက ကျောင်းသားတွေရဲ့ သဘောထားဆန္ဒတွေကို မေးမြန်းပြီး ဆုံးဖြတ်ချက် ချသွားမယ်လို့ ပင်မသပိတ်ခေါင်းဆောင် ကိုမင်းသွေးသစ် က ဆိုပါတယ်။

“နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ကျနော်တို့ ရန်ကုန်ဝင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။”

ပင်မသပိတ်စစ်ကြောင်း ရန်ကုန်ကို ဝင်ရောက်ဖို့အတွက် မိုင် ၁၀၀ ကျော်လောက်သာ ကျန်တော့တဲ့အချိန်မှာ ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသားတွေရဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်စေနိုင်တဲ့ ဝါဒဖြန့်ချီရေးတွေ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့လာသလို သပိတ်စစ်ကြောင်း ရန်ကုန်မဝင်ရေးနဲ့ ပတ်သက်လို့ လူထုကြားမှာ နာမည်ကြီးတဲ့ သီတဂူက မေတ္တာရပ်ခံတာတွေ လုပ်လာပါတယ်။ ကျောင်းသားတွေကတော့ တားဆီးမှု ဝေဖန်မှုတွေက ပယ်ချခဲ့ပြီး လက်ပံတန်းမြို့မှာ တရက်နားချိန် ရန်ကုန် ဝင်ရေး၊ မဝင်ရေးအတွက် ကျောင်းသားတွေအချင်းချင်းကြားမှာ ဆွေးနွေးပြီး နောက်ဆုံးသဘောထားတွေ ရယူသွားမှာဖြစ်ကြောင်း ဗကသများ ဦးဆောင်တဲ့ ပင်မသပိတ်စစ်ကြောင်းက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG