သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲ အပြီးမသတ်


စိန်ရတုခန်းမက လေးပွင့်ဆိုင်ဆွေးနွေးပွဲ (ဓာတ်ပုံ- မာတင်ဆွေ)
စိန်ရတုခန်းမက လေးပွင့်ဆိုင်ဆွေးနွေးပွဲ (ဓာတ်ပုံ- မာတင်ဆွေ)

ရန်ကုန်မြို့မှာ အစိုးရကိုယ်စားလှယ်တွေနဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်နေကြတဲ့ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ဆွေးနွေးမှုမှာ အစည်းအဝေး မူဘောင် (၉) ချက်ထဲက သမဂ္ဂ-ကိစ္စအပါအဝင် အချက် (၄) ချက်ကို ဆွေးနွေးဖို့ကျန်နေသေးတဲ့အကြောင်း ကျောင်းသားတွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ ကိုယ်စားလှယ်အဖဲ့ွတွေ ဒီမိုကရေစီပညာရေးလှုပ်ရှားမူ ဦးဆောင်ကော်မတီက ကျောင်းသားကိုယ်စားလှယ်တွေ ကြား ဆွေးနွေးမူတွေမှာ အကြိုဆေးနွေးချက် ၉ ချက်ထဲက ၅ ချက်ကို သဘောတူခဲ့ပြီး ကျန်နေတဲ့ ၄ ချက်ကို ဆက်ဆွေးနွေးဖို့ ရှိကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ခရီးရှည်ချီတက်ရာမှာ ပါဝင်သူ သပိတ်ခေါင်းဆောင် ကိုမင်းသွေးသစ်က ဆိုပါတယ်။

“သမဂ္ဂက- တချို့အချက်တွေပေါ့လေ၊ တချို့အချက်တွေကို အစိုးရဘက်က နောက်မှ ဆွေးနွေးမယ်လို့ ပြောတယ်။ သမဂ္ဂကို တရားဝင်အသိအမှတ်ပြုဖို့ ကိစ္စ၊ နောက်ပြီးတော့ ကျောင်းသားသမဂ္ဂကို ကိုယ်စားပြုပြီးတက်လာတဲ့ (၁၅) ဦးကော်မတီရဲ့အခန်းကဏ္ဍကို တရားဝင် အသိအမှတ်ပြုပေးဖို့ကိစ္စတွေ၊ ၁၅ ဦးကော်မတီနဲ့ ခရိုင်ကိုယ်စားလှယ်ကျောင်းသားတွေ ပါဝင်ဆွေးနွေးခွင့်ရဖို့ပြင်ဆင်ချက်တင်တဲ့ဟာက လွှတ်တော် process နဲ့သွားမယ့်ဥစ္စာရော၊ ပညာရေးဝန်ကြီးဌာနကလုပ်မယ့်ကိစ္စတွေရော၊ နှစ်ဆင့်လုံးမှာ ကျနော်တို့ ၁၅ ဦးကော်မတီနဲ့ တချို့ ခရိုင်ကိုယ်စားလှယ်ကျောင်းသားတွေ ပါဝင်ဆွေးနွေးခွင့်ရဖို့ ကျနော်တို့တင်တဲ့အခါမှာလည်း အဲဒါကိုလည်း ဦးအောင်မင်းက နောက်မှ ပြန်ဆွေးနွေးဖို့ ပြောတယ်။ Pre အဆင့်မှာရှိတဲ့ အဆင့် (၉) ဆင့်ကို အချက် (၉) ခုကိုတောင်မှ ညှိနှိုင်းနေရတဲ့အချက်တွေက အများကြီးပြောနေရတာလေ။ စကားလုံးတချို့ကိုလည်း ပြန်ပြင်ထားတာတွေ ရှိတယ်။ အဲဒီလိုဖြစ်တဲ့အတွက် အစည်းအဝေးမှာ အောင်မြင်တယ်လို့တော့ ခေါ်လို့မရသေးဘူး။”

ဆွေးနွေးပွဲအတွင်းမှာ ကျောင်းသားတွေနဲ့ အစိုးရတာဝန်ရှိသူတွေကြားမှာ သမဂ္ဂစကားလုံးနဲ့ပတ်သက်လို့ အငြင်းပွားဖွယ်တွေဖြစ်ခဲ့ရပြီးနောက် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက သူ့အနေနဲ့ ပုပ္ပါးအထိသာ တာဝန်ယူနိုင်ကြောင်း လုံခြုံရေးကိစ္စတွေနဲ့ပတ်သက်လို့ပါ ဆွေးနွေးမှုတွေ ရှိလာနေပြီး သပိတ်လှန်ဖို့ကိုလည်း ထပ်မံပြောဆိုခဲ့ကြောင်း သပိတ်ခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောပါတယ်။

“လုံခြုံရေးနဲ့ပတ်သက်ပြီး အစိုးရပိုင်းက တာဝန်မယူတော့ဘူးလို့ ပြောတဲ့ဥစ္စာက ကျနော်တို့သွားတဲ့နေရာတိုင်းမှာ ပြည်သူတွေက ဝန်းရံမှု၊ အားပေးမှု ကောင်းတယ်။ ကျနော်တို့ရဲ့လုံခြုံရေးကို ပြည်သူတွေပဲ စောင့်ရှောက်ပေးတာ။ တခြားအဖွဲ့အစည်းကတော့ လုံခြုံရေးလာထိပါးလို့တော့ အဆင်ပြေမှာ မဟုတ်ဘူး။ ထိပါးမယ့်လူက အာဏာပိုင်အဖွဲ့အစည်းကပဲ ထိပါးမှာ။ တောင်သာတောင်ကြားလမ်းမှာ အပိတ်ခံရတဲ့ကိစ္စတွေ၊ ကျနော်တို့ေ ကျာင်းသားတွေကို သေနတ်တွေနဲ့ ချိန်ထားခဲ့တဲ့ကိစ္စတွေ၊ လက်နက်တွေနဲ့ချိန်ထားတဲ့ကိစ္စတွေ၊ ဒါတွေကတော့ အာဏာပိုင် အဖွဲ့အစည်းကပဲ လုပ်နေတာပဲ။ ဆိုတော့ လုံခြုံရေးတာဝန်ယူတယ်၊ မယူဘူးဆိုတာက အစိုးရရဲ့သဘောထားကို ပြောလိုက်တယ်လို့ပဲ ကျနော်ကတော့ မြင်တယ်။ အစိုးရအနေနဲ့ ဖြိုခွင်းချင် ဖြိုခွင်းတော့မယ်ဆိုတဲ့ပုံစံမျိုး တဘက်လှည့်နဲ့ပြောတာလို့ပဲမြင်တယ်။ သပိတ်လှန်ပေးဖို့ သူကတော့ ထပ်ပြောပါတယ်ဆိုပြီး ပြောတယ်။”

လာမယ့်ဆွေးနွေးပွဲကိုတော့ နေပြည်တော်မှာ ဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ချောက်နဲ့ ရေနံချောင်းအထိ ခရီးရှည်ချီတက်နေတဲ့ သပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီလ (၁) ရက်နေ့ ဆွေးနွေးမှုတွေအတွင်း တစ်ရက် ရပ်နားထားပေမယ့် ကျောင်းသားတွေ တည်းခိုမယ့် ချောက်နဲ့ရေနံချောင်းကြားက ဘုန်းကြီးကျောင်းတွေမှန်သမျှ ဖိအားပေးခံရမှုတွေ ရှိနေတဲ့အတွက် ရေနံချောင်းမှာတည်းခိုဖို့ ကျောင်းသားတွေက ကားတွေနဲ့ ချီတက်ခဲ့ရပါတယ်။ အမျိုးသားပညာရေးဥပဒေကို နိုဝင်ဘာလကစပြီး ကျောင်းသားတွေ ကန့်ကွက်ခဲ့ပြီးတဲ့နောက် အစိုးရအနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။ ရက် (၆၀) လွန်မြောက်ခဲပပြီးတဲ့နောက် ခရီးရှည်ချီတက်ပွဲစတင်ခဲ့ပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

XS
SM
MD
LG