သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သပိတ်မှောက်ကျောင်းသားတွေ တရားခွင် နိုင်ငံတကာလေ့လာ


(ဓာတ်ပုံ - ရှေ့နေကြီးဦးရောဘတ်စန်းအောင်ရဲ့ Facebook မှ)
(ဓာတ်ပုံ - ရှေ့နေကြီးဦးရောဘတ်စန်းအောင်ရဲ့ Facebook မှ)

သာယာဝတီအကျဉ်းထောင်အတွင်း အထိန်းသိမ်းခံထားရတဲ့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေရဲ့ ဒီကနေ့ သာယာဝတီတရားရုံးမှာ ရုံးထုတ်စစ်ဆေးမှုကို လွတ်လပ်ပြီး မျှတတဲ့ တရားရေးစီရင်မှု ဟုတ်-မဟုတ်ဆိုတာ ကိုယ်တိုင်သိရှိနိုင်ဖို့ နိုင်ငံတကာ သံတမန်အချို့ လာရောက် လေ့လာခဲ့ကြတယ်လို့ ကျောင်းသားတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

သာယာဝတီထောင်တွင်း ထိန်းသိမ်းထားတဲ့ ကျောင်းသားတွေထဲက အသက်မပြည့်သေးတဲ့ ကျောင်းသားတဦးကို အာမခံပေးလိုက်ပြီး ကလေးသူငယ်တရားရုံးမှာ ဆက်လက် တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ပြဋ္ဌာန်းပြီး အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး ခရီးရှည်ချီတက် ဆန္ဒပြရင်းနဲ့ လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် ဖမ်းဆီးခံလိုက်ရတဲ့ ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်မှောက် ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူပေါင်း ၇၀ ကျော်ကို သာယာဝတီထောင်မှာ ထိန်းသိမ်းထားလိုက်တာ ဖြစ်ပါတယ်။ ဒီကနေ့ မေလ ၁၂ ရက်နေ့မှာတော့ သာယာဝတီတရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီစစ်ဆေးမှုတွေအတွင်း EU ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု ဂျာမန်၊ ပြင်သစ်နိုင်ငံ အပါအဝင် လေးနိုင်ငံက သံတမန်တချို့ တရားခွင်ကို လာရောက် လေ့လာခဲ့ကြတယ်လို့ ကျောင်းသားတွေဘက်က ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေ ဦးရော်ဘတ်ဆန်းအောင်က အခုလို ပြောပါတယ်။

“ဂျာမနီနိုင်ငံရယ်၊ အမေရိကန်နိုင်ငံရယ်၊ ပြင်သစ်နိုင်ငံရယ် EU ရယ် Human Rights Defenders က အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးရယ်၊ သူတို့ကိုယ်တိုင် လာပြီးတော့ လေ့လာသွားတာပါ။ အားလုံး လေးနိုင်ငံက လာပြီးတော့ ကျောင်းသားတွေနဲ့လည်း တွေ့ဆုံသလို တရားရုံးမှာ ထွက်ချက်ပေးတဲ့ပုံစံ၊ တရားသူကြီးက မှတ်တမ်းယူတဲ့ပုံစံ၊ လွတ်လပ်တဲ့ တရားရေးစီရင်မှု ဟုတ်-မဟုတ်နဲ့ ပတ်သက်ပြီးတော့ သူတို့ သတင်းအချက်အလက်ယူဖို့ လာပါတယ်။ တရားလိုရဲမှူးက EU နည်းနဲ့ ကျောင်းသားသပိတ်ကို ဖြိုခွဲပါတယ်ဆိုတော့ EU က မတ်တပ်တွေဘာတွေရပ်ပြီး နားထောင်ရတဲ့ အဆင့်ရောက်သွားတယ်။ ကျောင်းသားတွေဆီကလည်း သူတို့ကို ရိုက်နှက်ညှဉ်းပမ်းနှိပ်စက်တဲ့အပေါ်မှာ သူတို့ခံစားချက်တွေကို ပြောပြတဲ့အခါမှာ သူတို့က နားထောင်သွားပါတယ်။ အဲတော့ ဆိုလိုတာကတော့ နိုင်ငံတကာသည် လက်ပံတန်းအကြမ်းဖက်မှုနဲ့ ပတ်သက်ရင် မေ့ပျောက်မသွားဘူး အစဉ်အမြဲ သတိအနေအထားနဲ့ ရှိနေတယ်။ တရားသဖြင့် ဆုံးဖြတ်မှုကို ပြုလုပ်စေချင်တယ်။ အဲ့ဒါပါပဲ။”

သပိတ်မှောက်ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေကို သာယာဝတီအကျဉ်းထောင်ကနေ ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုမှာ ကျောင်းသားတွေကို တရားစွဲထားတဲ့ တရားလိုကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ ရှေ့နေကပြောပါတယ်။

“ဒီကနေ့ တရားလိုက သူတိုင်တန်းထားတဲ့ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကျောင်းသားတွေ အကုန်လုံး ရုံးထုတ်ပြီးတော့။”

ဒီကနေ့ ရုံးထုတ်စစ်ဆေးချိန်အတွင်းမှာပဲ အထိန်းသိမ်းခံကျောင်းသားတွေထဲက အသက် ၁၈ နှစ် မပြည့်သေးသူ သပိတ်မှောက်ကျောင်းသား မောင်အောင်မင်းခိုင်ကို အာမခံနဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။ ဒါပေမဲ့ သူ့ကို စွဲဆိုထားတဲ့အမှုကိုတော့ ပြန်ရုပ်သိမ်းတာမဟုတ်ဘဲ ကလေးသူငယ်တရားရုံးမှာ အမှုရင်ဆိုင်ရမှာ ဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

“အောင်မင်းခိုင် ရွှေဘိုကတော့ အာမခံ ရသွားပါပြီခင်ဗျ။ သူက အသက်မပြည့်သေးတော့ ကလေးသူငယ်အဖြစ် ပြောင်းပြီးတော့ အာမခံ ပေးပါတယ်။ သို့ပါသော်လည်း ပြည်မြို့က ရဲသီဟ ဆိုတဲ့ ကလေးက ဒီ စပြီးတော့ ဝိုင်းကတည်းက ကလေးက ကြောက်ပြီးတော့ ကလေးက ကြောက်ကြောက်လန့်လန့်နဲ့ သူ့အကို နာမည် ပေးလိုက်မိတယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က တင်ပြတာလည်းပဲ တရားရုံးက လက်မခံသေးဘူးဗျ။ အမှန်မှန်က ကလေးသူငယ် ဟုတ်-မဟုတ် စိစစ်ဖို့က ရဲတာဝန်။ ရဲက အမှုမတင်ခင်မှာ မလုပ်ခဲ့တဲ့အတွက် တရားရုံးရောက်တော့ တရားရုံးက ဆရာဝန်ကို စစ်ဆေးပြီးမှ ပြန်ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။”

အသက်မပြည့်သေးလို့ အာမခံနဲ့ ပြန်လွှတ်လာတဲ့ ရွှေဘိုခရိုင် အခြေခံပညာကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ နဝမတန်းကျောင်းသား မောင်အောင်မင်းခိုင်ဟာ လက်ပံတန်းအကြမ်းဖက်မှုအတွင်း ရဲလုံခြုံရေးတွေရဲ့ အုပ်စုလိုက် ရိုက်နှက်ခြင်းခံနေရပုံကို နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြခြင်းခံရသူ အသက်အငယ်ဆုံး သပိတ်မှောက်ကျောင်းသားလည်း ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ လူစုခွဲရန်ငြင်းဆန်မှု၊ ဆူပူအုံကြွအောင် လှုံ့ဆော်မှု အပါအဝင် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုပြီး ရုံးထုတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။ နောက်တကြိမ် ရုံးချိန်းရက်ကတော့ မေလ ၂၆ ရက်နေ့မှာ ပြန်လည်ရုံးတင် စစ်ဆေးဦးမှာဖြစ်တယ်လို့ ကျောင်းသားတွေဘက်က ဥပဒေအကျိုးဆောင်ရှေ့နေက ပြောပါတယ်။

XS
SM
MD
LG