သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကို သပိတ်မှောက်ကျောင်းသားများ မယုံကြည်


ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားတွေကို အာဏာပိုင်တွေဘက်က ပုဒ်မအမျိုးမျိုး တပ်ပြီး ဖမ်းဆီး ထိန်းသိမ်း တရားစွဲဆိုမှုတွေ လုပ်ဆောင်နေချိန်နဲ့ တပြိုင်တည်း - နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်ဖို့ ပွင့်လင်းမြင်သာမှုရှိတဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပဖို့ အစိုးရက ဆောင်ရွက်နေပါတယ် ဆိုတဲ့အပေါ် အယုံအကြည် မရှိဘူးလို့ သပိတ်မှောက် ကျောင်းသားတွေက ပြောဆိုလိုက်ပါတယ်။

ဆန္ဒပြကျောင်းသားတွေအပေါ် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဘက်က တရားမျှတစွာ စုံစမ်းဖော်ထုတ်နိုင်ဖို့အရေး ဒီကနေ့ တရားရုံးထုတ် ထွက်လာတဲ့ ကျောင်းသားတွေဘက်က တောင်းဆို လိုက်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

အစိုးရဘက်က နောက်တကြိမ် အစိုးရသက်တမ်းအတွက် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ နိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ နိုင်ငံထဲမှာ ပညာရေး၊ အလုပ်သမားရေး၊ လယ်သမားရေး တောင်းဆိုဆန္ဒပြသူ ကျောင်းသူကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် သတင်းမီဒီယာသမားတွေကိုပါ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်နေတဲ့အပေါ်မှာ ဒီမိုကရေစီ ပညာရေးစနစ် ပြောင်းလဲရေး သပိတ်မှောက် ကျောင်းသူကျောင်းသားတွေဘက်က ဒီရွေးကောက်ပွဲဟာ တရားမျှတမှု တကယ်ရှိပါ့မလားလို့ မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဆိုတာ မဖြစ်နိုင်ဘူးလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသက ကိုအောင်နေပိုင်က အခုလို ပြောဆိုလိုက်ပါတယ်။

“ရွေးကောက်ပွဲတခုဆိုတာက ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုရင် ရွေးကောက်ပွဲက တရားမျှတ၊ လွတ်လပ်ရမယ်။ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်။ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားကျောင်းသူတွေ၊ နိုင်ငံရေးသမားတွေကို ထောင်ထဲထည့်ထားတဲ့ ရွေးကောက်ပွဲမျိုးက ဘယ်တော့မှ တရားမျှတမှာ မဟုတ်ဘူး။ ကျောင်းသားတွေကို မတရားအကြမ်းဖက်တာ၊ လုံခြုံရေးအရ ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်တာဟာ ရွေးကောက်ပွဲ အလွန်နဲ့ ရွေးကောက်ပွဲမတိုင်ခင် ကာလတွေမှာ အစိုးရရဲ့ နိုင်ငံရေး ကစားကွက်ပဲ ဖြစ်ပါတယ်။”

အစိုးရဘက်က အသွင်ကူးပြောင်းရေး ဖော်ဆောင်နေပါတယ် ဆိုတဲ့အပေါ်လည်း သာယာဝတီထောင်အတွင်း အထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကိုနန္ဒစစ်အောင် ကလည်း အခုလို ပြောပါတယ်။

“အစိုးရက အစောကြီးကတည်းက စေတနာပါလို့ ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့တာ မဟုတ်ဘူးခင်ဗျ။ အသွင်ကူးပြောင်းရေးမှာ၊ အသွင်ကူးပြောင်းရေး လုပ်တယ်လို့ နိုင်ငံတကာက ထင်လာအောင် လုပ်တာပဲ။ တကယ့်တကယ်ကျတော့ ကျောင်းသားက သူ့ရဲ့မျက်နှာဖုံးကို ချွတ်ပြနိုင်ခဲ့တယ်ပေါ့ဗျာ။ ဒုံရင်းက ဒုံရင်းပါပဲ၊ စစ်အာဏာရှင်စနစ်ရဲ့ ပုံရိပ်အတိုင်းပဲ ပြန်လည် တည်ဆောက်သွားတာကို သိသာထင်ရှားစေပါတယ်။”

မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားသပိတ် အထောက်အကူပြု ကော်မတီက ဦးဇော်ရမ်းကလည်း တက်ကြွလှုပ်ရှားသူတွေကို မတရား ဖမ်းဆီး ထိန်းသိမ်းနေတဲ့ အနေအထားမှာ အစိုးရဘက်က နိုင်ငံတွင်း စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အမှန်တကယ် လုပ်ဆောင်မယ်ဆိုတဲ့အပေါ် အခုလို သုံးသပ်ပါတယ်။

“အခုလာမယ့် ရွေးကောက်ပွဲကတော့ ကျနော်တို့အနေနဲ့ကတော့ တကယ်လို့ သူတု့ိကြေညာထားတဲ့အတိုင်း သန့်ရှင်းတဲ့ ရွေးကောက်ပွဲ လမ်းကြောင်းအတိုင်းတခုလို့ မှန်းလို့မရအောင် မဲစာရင်းတွေက မှားနေတာလေ။ ရွေးကောက်ပွဲ နီးတဲ့အခါမှာ တက်ကြွလှုပ်ရှားသူတွေဖမ်းတယ်၊ အကုန်လုံးဖမ်းတယ်။ လယ်သမားရေး၊ အလုပ်သမားရေး လုပ်တဲ့သူတွေ အကုန်လုံးဖမ်းတယ်။ ဒီလူတွေ အားလုံးကလည်း ဒီမိုကရက်တစ် လှုပ်ရှားမှုတွေမှာ ပြည်သူကို ဦးဆောင်တဲ့လူတွေဖြစ်တယ်။ ဒီလူတွေကို ဖမ်းခြင်းအားဖြင့်လည်း ဒီမိုကရက်တစ် အင်အားစုတွေဘက်က အားနည်းအောင် လုပ်တာလို့ပဲ ကျနော်က ခိုင်ခိုင်မာမာ ယူဆတဲ့အတွက် ရွေးကောက်ပွဲ အခင်းအကျင်း အနေနဲ့ကတော့ သန့်ရှင်းပြီး၊ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲလို့ မျှော်လင့်လို့ မရနိုင်သေးပါဘူး။ ကျနော်တို့ စောင့်ကြည့်ရမယ့် အချက်အလက်တွေ ရှိပါသေးတယ်။ ဘာတွေ ဖြစ်လာဦးမှာလဲ၊ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်တွေကို တကယ်ရော ရမှာလား၊ ကျနော်တို့ကတော့ ဒီရွေးကောက်ပွဲကို လုံးဝသန့်ရှင်းပြီး၊ တရားမျှတတယ်လို့ လုံးလုံးကြီး ၁၀၀ ရာခိုင်နှုန်း မမျှော်လင့်ဘူးခင်ဗျ။”

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို ဖမ်းဆီး တရားစွဲဆိုနေတာဟာ လာမယ့် ရွေးကောက်ပွဲတွေမတိုင်ခင် အစိုးရအပေါ် ယုံကြည် ထောက်ခံမှုကို ထိခိုက် ကျဆင်းစေတယ်လို့ ဒီကနေ့ သာယာဝတီတရားရုံးမှာ ကျောင်းသားတွေကို ရုံးထုတ်ချိန်အတွင်း ရှေ့နေ ဦးဌေးဦးက အခုလို ပြောဆိုလိုက်တာပါ။

“ရွေးကောက်ပွဲ မတိုင်မီမှာ ဒီအမှုကို အမိန့်ချမလား၊ ဘယ်လိုလုပ်မှာလဲ ဆိုတာကို ကျနော်တို့ ခန့်မှန်းရတာ ခက်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အမှုတွဲတွေဟာ၊ ကျောင်းသားလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အမှုတွဲတွေဟာ တည်ဆဲအစိုးရအပေါ်မှာ တိုက်ရိုက်သက်ရောက်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲမှာ သက်ရောက်ပါတယ်။ ဒီလိုကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းလိုက်တဲ့အတွက် ပြည်သူတွေရဲ့ ထောက်ခံမှုက တည်ဆဲအစိုးရမှာ ကျသွားတယ်၊ ကျရှုံးသွားတယ်။ တခါ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပါတီအပေါ်မှာလည်း ထောက်ခံမှုက ကျရှုံးသွားတယ်။”

ဒီကနေ့မှာတော့ အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲပေးဖို့ ခရီးရှည်ချီတက်ခဲ့ကြတဲ့ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေကို လက်ပံတန်းမြို့မှာ အကြမ်းဖက် ရိုက်နှက်ဖြိုခွဲခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျောင်းသားတွေဘက်က အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်ဘက်က လုံခြုံရေး တာဝန်ခံရဲမှူးကို မေးခွန်းထုတ်ခဲ့တယ်လို့ တရားခွင်ကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဦးဇော်ရမ်းက ပြောပြပါတယ်။

“ရဲတပ်ဖွဲ့ အနေနဲ့ပေါ့နော် ကျောင်းသားတွေအပေါ်မှာ ဘာ့ကြောင့် ဒီလိုရိုက်ရလဲ ဆိုတဲ့အကြောင်းပေါ့နော်၊ ဘာ့ကြောင့် ဒီအမှုတွေတပ်ရတာလဲ၊ ဘာ့ကြောင့် ဒီလိုဖမ်းရတာလဲပေါ့၊ အဲဒါမျိုးတွေကို သေသေချာချာပေါ့နော်၊ အေးအေးဆေးဆေးနဲ့ တခွန်းချင်း တခွန်းချင်း မေးပါတယ်။ မေးတော့ ရဲတပ်ဖွဲ့မှူးကတော့ သူပေါ့နော် ဘယ်လိုမှ ဖြေနိုင်စွမ်းမရှိပါဘူး။ ဒီတိုင်းပဲ ငုပ်တုပ်ကြီး ထိုင်နေတာ တွေ့ရပါတယ်။”

အခုလို ပညာရေး ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို လက်ပံတန်းမြို့မှာ သွေးထွက်သံယို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ရဲလုံခြုံရေးတွေနဲ့ အာဏာပိုင်တွေကို စုံစမ်းစစ်ဆေး အရေးယူပေးဖို့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တွေဘက်က မနေ့က ဇူလိုင်လ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူတွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဘက်က တရားမျှတစွာ စုံစမ်းဖော်ထုတ်နိုင်ဖို့အရေး ဒီကနေ့ တရားရုံးထုတ် ထွက်လာတဲ့ ကျောင်းသားတွေဘက်က တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG