သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားကို ရိုက်နှက်တဲ့ရဲအမှု တရားရုံးပယ်ချ


ရဲအာဏာပိုင်တွေက လက်ပံတန်းကျောင်းသား၊ ကျောင်းသူတွေကို အကြမ်းဖက် ဖြိုခွင်းရိုက်နှက်မှုနဲ့ ပတ်သက်လို့ တရားစွဲဆိုထားမှုကို သာယာဝတီခရိုင်တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ကျန်းမာရေး ဆေးစစ်ဖို့အတွက် ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေကို အာမခံလျှောက်ထားမှုကိုလည်း ပယ်ချပါတယ်။

သပိတ်မှောက် ကျောင်းသူကျောင်းသားတွေဘက်ကတော့ ဆက်လက် တရားစွဲဆိုသွားနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။

ပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြလို့ သာယာဝတီအကျဉ်းထောင်တွင်း အထိန်းသိမ်းခံထားရတဲ့ သပိတ်မှောက် ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံပြည်သူတွေကို ဒီကနေ့ သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ဒီတပတ် ရုံးချိန်းမှာတော့ မတရား ဖမ်းဆီးချုပ်နှောင်မှုနဲ့ လက်ပံတန်းမြို့နယ် ရဲမှူးနဲ့ စခန်းမှူးကို ကျောင်းသားတွေဘက်က ပြန်လည် တရားစွဲဆိုတဲ့အမှုကို သာယာဝတီမြို့နယ် တရားသူကြီးက ပယ်ချကြောင်း အမိန့်ချမှတ်လိုက်ပါတယ်။ ဒီကနေ့ တရားခွင် အခြေအနေနဲ့ပတ်သက်ပြီး ကျောင်းသားသပိတ် အထောက်အကူပြု ကော်မတီက ဦးဇော်ရမ်းက အခုလို ပြောပါတယ်။

“ကျောင်းသားတွေရဲ့ သဘောထားကတော့ ဘာပဲဖြစ်ဖြစ် နဂိုကတည်းက စဖမ်းကတည်းက မတရားဖမ်းထားတာ ဖြစ်တဲ့အတွက်ပေါ့။ တရားဥပဒေအရ ဒါက အရေးယူရမယ်လေ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဥစ္စာက ဒီမိုကရေစီခေတ် ရောက်သွားပြီလေ။ ဟိုတုန်းကလို ကျနော်တို့က စစ်တပ်က အာဏာသိမ်းထားတဲ့ ခေတ်မဟုတ်ဘူးလေ။ ဒီလိုချည်း လူမြင်ကွင်းမှာ မီဒီယာတွေရှေ့မှာ ဒီလိုလုပ်တာချည်းကတော့ ဘယ်လိုမှမသင့်တော်ဘူး။ ဒါက တရားဥပဒေ စိုးမိုးရေးကို ကျနော်တို့က လှောင်ပြောင်နေသလိုပဲ ယူဆတယ်။ ၄ ပွင့်ဆိုင် သဘောတူညီချက် ယူပြီးသား ကျောင်းသားတွေ၊ အထင်ကရ ကျောင်းသား ခေါင်းဆောင်တွေတောင်မှ လူမြင်ကွင်းမှာ သူတို့ကို အနှောင့်အယှက်ဖြစ်တယ်၊ သူတို့အာဏာကို ထိပါးမယ်ဆိုပြီး ဒီလိုချေမှုန်းခဲ့ရင် ကျန်တဲ့ ကျနော်တို့ တိုင်းသူပြည်သားတွေမှာတော့ ဘာမှလုံခြုံမှု မရှိဘူးဆိုတာကို သက်သေပြတာလို့ပဲ ကျနော်ကတော့ ယူဆတယ်။”

ဆန္ဒပြသူကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေဘက်က ဥပဒေ အကျိုးဆောင် ရှေ့နေတွေဘက်က ဆန္ဒပြတဲ့သူတွေအပေါ် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တာဟာ တရားဥပဒေဘောင်ကို ကျော်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး တာဝန်ရှိရဲလုံခြုံရေးတွေအပေါ် တရားစွဲဆိုပေးဖို့ လျှောက်လဲခဲ့ကြပြီးတဲ့နောက် အခုလို တရားသူကြီးဘက်က ပယ်ချခဲ့တာဖြစ်ပါတယ်။

ရဲအာဏာပိုင်တွေဘက်က အကြမ်းဖက်ဖြိုခွင်းပြီး မတရား ဖမ်းဆီးထိန်းသိမ်းထားတာဟာ တရားဥပဒေဘောင်ကျော်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် သပိတ်မှောက် ကျောင်းသူကျောင်းသားတွေဘက်က တရားစွဲဆိုသွားဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ပြောပါတယ်။ သာယာဝတီထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကျောင်းသူကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်လို့ ဗကသကျောင်းသား ကိုအောင်နေပိုင်က ပြောပါတယ်။

“ဒီနေ့ပယ်ချလိုက်တာကတော့ အဓိက အချက်ကတော့ တရားစီရင်ရေးကို အစိုးရအနေနဲ့ ဝင်စွက်ဖက်တယ်လို့ပဲ ကျနော်တို့မြင်တယ်။ တရားစီရင်ရေးကို ဝင်စွက်ဖက်တာက လုံး၀ စစ်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ ပုံစံအတိုင်းပဲဖြစ်တယ်။ တကယ်ဆိုရင် ဒါသည် တရားမျှတမှု ဖြစ်ဖို့အတွက် တရားစွဲဆိုခွင့် ပေးထားရမှာဖြစ်တယ်။ အခုဟာကတော့ တရားစွဲဆိုခွင့်တောင် မရှိဘူးဆိုတော့ ကျနော်တို့နိုင်ငံက ဘယ်လောက်အထိ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသလဲဆိုတာကို ပိုပြီးတော့ ပေါ်လွင်စေတာပေါ့။ အခြေအနေ အားလုံးအပေါ်မှာ မူတည်ပြီး ကျနော်တို့လည်း ဆက်ပြီးတော့ တရားဆက်စွဲနိုင်ရေးကတော့ ဆက်လုပ်သွားမှာပါ။”

ဒါ့အပြင် အကြမ်းဖက် ဖြိုခွင်းခံရစဉ်က ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ကျန်းမာရေး စစ်ဆေးမှုခံယူနိုင်ဖို့ ကျောင်းသူကျောင်းသားအချို့နဲ့ ဝန်းရံပြည်သူအချို့ကို အာမခံလျှောက်ထားမှုကိုပါ ပယ်ချခဲ့ပါတယ်။ ထောင်ထဲမှာ ကျောင်းသားတွေအတွက် ထိရောက်တဲ့ စနစ်တကျ ကျမ်းမာရေးစောင့်ရှောက်မှုယူဖို့ အရေးတကြီး လိုအပ်ပါတယ်လို့လည်း ကျောင်းသားသပိတ် ဝန်းရံကော်မတီက ဦးဇော်ရမ်းက ပြောပါတယ်။

ပညာရေးပြုပြင်ပြောင်းလဲနိုင်ဖို့အရေး ဆန္ဒပြရင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ လာမယ့်သြဂုတ်လ ၁၈ရက်နေ့မှာ နောက်တကြိမ် ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ကိုလည်း တင်ပြပြီးဖြစ်သလို၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို လည်း လက်ပံတန်းအရေးနဲ့ ပတ်သက်ပြီး မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်ပေးဖို့ကို တောင်းဆိုထားတာဖြစ်ပါတယ်။

ရုံးထုတ်ထွက်လာတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေဘက်က ဒီကနေ့ တရားရုံးမှာ ရေဘေးသင့်ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် လက်ပတ်အမည်းတွေ ဝတ်ဆင်သလို ကျောင်းသူကျောင်းသားတွေ စုဖွဲ့ထားတဲ့ ဗကသများအဖွဲ့ချုပ် ရေဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေးကော်မတီအနေနဲ့ ရေဘေးသင့်ပြည်သူတွေကိုလည်း လိုက်လံကူညီလှူဒါန်းနေကြပါတယ်။

XS
SM
MD
LG