သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံဆန္ဒပြသူ ၈၀ လက်ပံတန်းမှာရုံးထုတ်


ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုရင်းနဲ့ အဖမ်းခံထားရသူတွေကို ဒီကနေ့ပဲ ရုံးထုတ်ပြီး ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို အပါအဝင် နောက်ထပ် ဆန္ဒပြကျောင်းသား ၄ ဦး ကိုလည်း ဝရမ်းပြေးအဖြစ် တရားရုံးက ဖမ်းဆီးမိန့် ထုတ်လိုက်ပါတယ်။ လက်ပံတန်းမြို့မှာ ဖမ်းဆီးခံခဲ့ရသူတွေရဲ့ တရားခွင်က နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ ကျောင်းသားတွေကို လက်ပံတန်းတရားရံုံး ရုံးထုတ်လာချိန်မှာ ကျောင်းသားတွေက အချုပ်ကားတွေပေါ်ကနေ ကြွေးကြော်သံတွေနဲ့ အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းသားတွေကို လက်ပံတန်းတရားရုံးမှာ ရုံးထုတ်ပြီး ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင် တို့ပါဝင်တဲ့ ၆၉ ဦးကို ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားကြောင်း ကျောင်းသားတွေအတွက် အမှုလိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးရောဘတ်စန်းအောင် က ဆိုပါတယ်။

(ဓာတ်ပုံ - မိုးစက်)
(ဓာတ်ပုံ - မိုးစက်)

“အောင်မှိုင်းဆန်းတို့ ၆၉ ယောက်ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅ (ခ) တို့အရ ပြစ်မှုကြီးအမှတ် ၅၉၃/၂၀၁၅ နဲ့ ရဲမှူးဦးဖုန်းမြင့်ကနေ တရားလိုလုပ်ပြီးတော့ တရားစွဲပါတယ်။ အဲဒီအမှုမှာတော့ ဘယ်သူမှ အာမခံမရဘဲနဲ့ သာယာဝတီထောင်ကို ပြန်ရပါတယ်။ နောက်တစ်မှုက ကိုဇော်ကြီးခေါ် ကိုဇော်မင်း ပါ ၁၁ ယောက်ကတော့ ပုဒ်မ ၁၄၃၊ ၁၄၅ နဲ့ ၁၄၇ တို့အရ ပြစ်မှုကြီးအမှတ် ၅၉၄/၂၀၁၅ တရားလို ရဲမှူးဦးဖုန်းမြင့်တို့ကနေ စွဲဆိုတာပါ။ အဲဒါမှာတော့ တရားရုံးက ၁၀ သိန်းတန် ခံဝန်သူ ၂ ဦးနဲ့ အာမခံခွင့်ပြုလိုက်ပါတယ်။ ကျော်ကိုကိုရယ်၊ နောက်ပြီးတော့ နန္ဒစစ်အောင်ရယ်၊ ရဲရင့်ကျော် (ခေါ်) ကျော်စိုးမိုးရယ်၊ မြတ်သူ (ခေါ်) မြတ်သူအောင်တို့ကတော့ တရားခံပြေးအဖြစ်နဲ့ သူတို့ဆက်လက်ဆောင်ရွက်ပါတယ်။”

ဒီနေ့မှာပဲ နောက်ထပ်ချုပ်ရက် ရမန်ထပ်ယူပြီး နောက်လ ၇ ရက်နေ့ကို ချိန်းဆိုလိုက်တာပါ။ မဖြိုးဖြိုးအောင်ရဲ့ ဖခင်ဖြစ်သူကတော့ ကျောင်းသားတွေနဲ့ သဘောတူညီချက်တွေကို အစိုးရဘက်က ချိုးဖောက်ခဲ့ပြီး ဖမ်းဆီးထောင်ချဖို့ ကြိုးစားတာဟာ မဖြစ်သင့်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

“အစိုးရက သူတို့ရဲ့ ကတိကဝတ်တွေကို ချိုးဖောက်ပြီးတော့ အကြမ်းဖက် ရိုက်နှက်တယ်၊ ဖမ်းဆီးတယ်၊ တကယ့်တကယ် အပြစ်ရှိတာက သမီးတို့လို ကျောင်းသားကျောင်းသူတွေနဲ့ ဝိုင်းရံတဲ့သူတွေ မဟုတ်ဘူး ဟုတ်လား။ တကယ်တမ်း အပြစ်ရှိတာက အစိုးရနဲ့ ဒီပြည်ထဲရေးဝန်ကြီးဌာနရဲ့ ရဲတပ်ဖွဲ့ဝင်တွေသာ ဖြစ်တယ်။ အခုတခါ ဖမ်းဆီးထောင်ချဖို့လည်း ကြိုးစားနေတယ်ဆိုတဲ့ကိစ္စက အင်မတန်ကို ရုပ်ဆိုးအကျည်းတန်လွန်းပါတယ်။”

ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံအင်အားစုတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ၁၅ ဦးခန့်ရှိပြီး ရှေ့နေပါဝါ လွှဲစာများရယူကာ ခုခံချေပဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ကျောင်းသားတွေကို စွဲဆိုထားတဲ့ ပုဒ်မအရဆိုရင် ပြစ်ဒဏ် ၆ နှစ်လောက်ထိ ချမှတ်နိုင်တယ်လို့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင် က ဆိုပါတယ်။

“အပြစ်ချမယ်ဆိုရင် ကျနော်ထင်တယ် စွဲထားတဲ့ ဒီပုဒ်မ ၅ ခုလောက်ဆိုရင် ၆ နှစ်လောက်သွားမှာ။ ကျနော်တို့ ၇ ရက်နေ့ ရုံးချိန်းကျရင်တော့ အမှုကို စတင်နိုင်မယ်လို့ ထင်ပါတယ်။ အဲဒီမှာလည်း မေးမြန်းလို့ရပါတယ်။ ရှေ့နေ ၁၀ ယောက်ကျော် ၁၅ ယောက်လောက်ကတော့ ရှေ့နေကိုယ်စားလှယ်လွှဲစာ တင်ပြီးတော့ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီနေ့ကတော့ ရှေ့နေကိုယ်စားလှယ်လွှဲတာတို့၊ ယူတာတို့၊ တရားခွင်မှာတွေ့တာတို့၊ သူတို့မိသားစုနဲ့ ပေးတွေ့တာတို့ အားလုံး အဆင်ပြေ ချောမွေ့ပါတယ်။”

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာမှာတော့ လက်ပံတန်းဖြစ်စဉ်မှာ ဥပဒေနဲ့အညီ ခေါ်ယူစစ်ဆေးပြီး မိဘရပ်ထံ ပြန်အပ်နှံခဲ့ကြောင်း ဒီထဲမှာ ကျောင်းတက်ဆဲ ကျောင်းသား ၂၈ ဦးနဲ့ သတင်းသမား ၂ ဦး၊ အမျိုးသမီး၊ အမျိုးသား၂၀ ဦးတို့ကို ပြန်လည် လွှတ်ပေးထားပြီးဖြစ်ကြောင်း မတ်လ ၂၄ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG