သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကျောင်းသားများ အရေးယူခံရမှု HRW ရှုတ်ချ


ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို မြန်မာနိုင်ငံရဲ့ ဥပဒေအရရော၊ နိုင်ငံတကာ ဥပဒေအရပါ ခွင့်ပြုထားတဲ့အတွက် အဲဒီလို ဆန္ဒပြသူတွေကို ဖမ်းဆီးခွင့်မရှိသလို၊ ရုံးတင်စစ်ဆေးခွင့်လည်း မရှိဘူးလို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ အကြမ်းဖမ် ဖြိုခွင်းပြီး ဖမ်းဆီးထားသူတွေကို ဗုဒ္ဓဟူးနေ့က တရားရုံးမှာ စွဲချက်တင်လိုက်တာနဲ့ ပတ်သက်လို့ HRW ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Brad Adams က အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်းက တင်ပြထားပါတယ်။

ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူ စုစုပေါင်း အယောက် ၈၀ ကို ပဲခူးတိုင်း၊ လက်ပံတန်းမြို့ တရားရုံးမှာ မတ်လ ၂၅ ရက်နေ့က အာဏာပိုင်တွေက ရုံးထုတ်ပြီး စွဲချက်တွေ အသီးသီး တင်ခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရရော နိုင်ငံတကာ ဥပဒေအရပါ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ပြုထားတဲ့အတွက် အခုလို ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီး ထိန်းသိမ်းထားတာဟာ တရားဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

“ကျောင်းသားတွေဟာ မြန်မာ့လူမှုအသိုင်းဝိုင်းအတွင်းမှာ အင်အားကောင်းတဲ့ အသံအဖြစ် တည်ရှိနေတဲ့အတွက် ကျောင်းသားတွေ ဆန္ဒပြတာကို အစိုးရက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို မြန်မာနိုင်ငံရဲ့ ဥပဒေအရရော၊ နိုင်ငံတကာ ဥပဒေအရပါ ခွင့်ပြုထားတာ ဖြစ်ပါတဲ့အတွက် သူတို့အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြနေသ၍ ဖမ်းဆီး ထိန်းသိမ်းခွင့် မရှိပါဘူး။ ဒါပေမဲ့ ကျောင်းသားတွေဟာ ပညာရေး ဥအဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ဆန္ဒပြမယ့်အကြောင်း နိုင်ငံသိကြေညာပြီး အများပြည်သူတွေလည်း သူတို့နဲ့ ပူးပေါင်း ပါဝင်လာအောင် စည်းရုံး ပြောဆိုခဲ့ကြပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ သိကြတဲ့အတိုင်းပဲ မြန်မာအစိုးရဟာ ကျောင်းသားတွေကို အစဉ်တစိုက် ကြောက်နေခဲ့တာပါ၊ ဒါကြောင့်လည်း တက္ကသိုလ်တွေကို အကြာကြီး ပိတ်ထားခဲ့တာ၊ တက္ကသိုလ်တွေ၊ အထက်တန်းကျောင်းတွေကို မကြာခန ပိတ်ပိတ်ပစ်တာတွေ လုပ်ခဲ့တာပါ။”

အခုချိန်ထိ ဒီအမှုမှာ တရားလိုဖက်က သက်သေအထောက်အထားနဲ့ မပြနိုင်သေးဘူးဆိုရင် ဒီကိစ္စဟာ ပြစ်မှု မမြောက်ဘူးဆိုတာ ထင်ရှားနေကြောင်း Brad Adams က ပြောပါတယ်။ ကျောင်းသားတွေကို အလုံးအရင်းနဲ့ ဖမ်းဆီးလိုက်တာကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်တွေဖက်က ဥပဒေအရ လုပ်ဆောင်ခြင်းမဟုတ်ပဲ အလျဉ်းသင့်သလို ဖမ်းဆီးတယ်ဆိုတာ ထင်ရှားနေကြောင်း၊ ဒါ့အပြင် အခုလို ဖမ်းဆီးခြင်းကြောင့် ဖမ်းခံထားရတဲ့ ကျောင်းသားတွေအနေနဲ့ သူရဲကောင်းတွေ ဖြစ်လာပြီး အာဏာပိုင်တွေအတွက် ပြဿနာ အခက်အခဲတွေနဲ့ ပိုပြီး ရင်ဆိုင်ရစေနိုင်တယ်လို့ ဆိုပါတယ်။

ဒါဟာ အရင် စစ်အစိုးရလက်ထက်က စနစ်ဟောင်းအတိုင်း လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ Brad Adams က သုံးသပ်ပါတယ်။

“ဒါဟာ သူတို့အပေါ် တင်ထားတဲ့ စွဲချက်တွေကြောင်း ကျောင်းတက်ဖို့၊ စာကျက်ဖို့ အခက်အခဲ ရှိစေအောင်၊ အလုပ်အကိုင် ရှာဖွေရခက်ခဲအောင် တမင် အနှောက်အယှက်ပေး လုပ်ဆောင်တာပါ။ ဒါဟာ စစ်အစိုးရလက်ထက်က ခေတ်ဟောင်း မြန်မာပြည် ပုံစံပါ။ မြန်မာနိုင်ငံသစ်မှာ ဒါမျိုးတွေ အတွေ့ရသင့်တော့ပါဘူး။ ဒါကြောင့် မေးခွန်းထုတ်စရာ ရှိတာက ဒါဟာ မြန်မာနိုင်ငံသစ်လား၊ ဒါမှမဟုတ် အရင်အတိုင်းပဲ စနစ်ဟောင်းထဲမှာ ရှိနေတဲ့ မြန်မာပြည်လားဆိုတာပါပဲ။”

ဒီလို အခြေအနေတွေ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးဘက်ကို ဦးတည်သွားနေသလား၊ ဒါမှမဟုတ် အရင်လို စစ်အုပ်ချုပ်ရေးအောက်က အာဏာရှင် စနစ်ဘက်ကိုပဲ ဦးတည်သွားနေသလားဆိုတာ နားလည်ရ ခက်တယ်လို့ Brad Adams က ပြောပါတယ်။

“ဒါဟာ အရင်လူဟောင်းတွေက သမ္မတ ဦးသိန်းစိန်ကို သွေးတိုးစမ်းနေတာလဲ ဖြစ်နိုင်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေကို ဘယ်သူက ချပေးနေသလဲဆိုတာ ပြောဖို့ အတော်ခက်ပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုင်ငံတော် သမ္မတတယောက်အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်လိုတယ်၊ သူ့သိက္ခာကို ထိန်းသိမ်းလိုတယ်ဆိုရင်တော့ ဒီပြဿနာတွေမဖြစ်အောင် သူ့အနေနဲ့ ထိန်းသိမ်းရပါလိမ့်မယ်။”

မကြာခင်မှာ အထွေထွေရွေးကောက်ပွဲ၊ သမ္မတသစ် ရွေးချယ်ပွဲတွေ ကျင်းပဖို့ ရှိနေတာကြောင့် အဲဒီ ကာလတွေမှာလည်း ဆန္ဒပြပွဲတွေ၊ ချီတက် ကန့်ကွက်ပွဲတွေ ဆက်တိုက်ဖြစ်နိုင်တဲ့အတွက် အာဏာပိုင်တွေအနေနဲ့ ပြုပြင် ပြောင်းလဲရေးကို တကယ် လိုလားတယ်ဆိုရင် ဒီဆန္ဒပြပွဲတွေကို လက်ခံ နားလည်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ပြည်သူလူထုက ဆန္ဒပြတိုင်း အဲဒီလူတွေ ဘာကြောင့် ဆန္ဒပြကြသလဲဆိုတာကို နားလည်အောင် ကြိုးစားမယ့်အစား ဆန္ဒပြသူတွေရဲ့ စိတ်ထဲမှာ ရာဇဝတ်မှု ကျူးလွန်လိုတဲ့ စိတ်တွေ ရှိနေတယ်ဆိုတဲ့ အတွေးအခေါ်မျိုး မရှိသင့်ကြောင်း၊ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်းတခုသာဖြစ်ကြောင်း၊ ဆန္ဒပြတယ်၊ မမှန်ကန်တဲ့ အစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ပြ ကန့်ကွက်တယ်ဆိုတာဟာ တာဝန်သိ လူမှုအသိုင်းဝိုင်းအနေနဲ့ သူတို့ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ အဲဒီလို လုပ်တဲ့သူဟာ ရာဇဝတ်ကောင်လို့ ယူဆလို့ မရကြောင်း Brad Adams က ပြောပါတယ်။

ကျောင်းသားခေါင်းဆောင်တချို့နဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူတချို့ကို ဆူပူအောင် လုပ်ဆောင်မှု၊ လူစုခွဲဖို့ အမိန့်ပေးတာကို မနာခံဘဲ ဥပဒေနှင့်ဆန့်ကျင်ပြီး ဆက်လက် စုဝေး ဆန္ဒပြနေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ဆောင်မှု၊ ပြည်သူ့ဝန်ထမ်းတွေကို နာကျင်အောင် လုပ်ဆောင်မှု၊ အများပြည်အကျိုး ပျက်စီးစေမှု ဖြစ်ပေါ်အောင် ဖော်ပြမှု စတဲ့ စွဲချက်တွေနဲ့ ပဲခူးတိုင်း ရဲမှူး ဦးဖုန်းမြင့်က မတ်လ ၂၅ ရက်နေ့မှာ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။

သူတို့အမှုအတွက် နောက်ထပ် ရမန်ယူပြီး ရှေ့လ ၇ ရက်နေ့ကို ထပ်မံ ချိန်းဆိုလိုက်တယ်လို့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။

XS
SM
MD
LG