သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သပိတ်မှောက် ကျောင်းသားအချို့ အာမခံရ


သပိတ်မှောက်ကျောင်းသားများ ရုံးထုတ်စစ်ဆေး။
သပိတ်မှောက်ကျောင်းသားများ ရုံးထုတ်စစ်ဆေး။

သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ၈၀ ကျော်တို့ရဲ့ အမှုကတော့ နောက်ထပ် လနဲ့ချီ ကြာမြင့်ဦးမယ် လို့ ရှေ့နေတွေ က ပြောပါတယ်။ ဒီကနေ့မှာတော့ ဖမ်းဆီးခံကျောင်းသားတွေကို သာယာဝတီ တရားရုံးမှာ ရုံးထုတ်ခဲ့တာမှာတော့ အဖမ်းမခံဘဲ ထွက်ပြေးနေတဲ့ ကျောင်းသား ၃ ဦးကို အမှုက ပိတ်သိမ်းလိုက်သလို တချို့ကိုတော့ အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြကျောင်းသားတွေ ရဲ့ ထောင်တွင်း အခြေအနေနဲ့ အမှုသွားအမှုလာ အခြေအနေ အရပ်ရပ်ကို မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရေး တောင်းဆိုဆန္ဒပြပွဲ အကြမ်းဖက် ဖြိုခွင်းခံရပြီး သာယာဝတီ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ၈၁ ဦး တို့ကို ဒီကနေ့မှာ သာယာဝတီ တရားရုံးကို ရုံးပြောင်းပြီး ရုံးထုတ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဝရမ်းပြေး ကျောင်းသား ၃ ဦးတို့ကို အမှုပိတ်သိမ်းတာ အပါအဝင် ရှေ့နေ ပါဝါ ပြန်တင်တာတွေ လုပ်ခဲ့တယ်လို့ ကျောင်းသားတွေ အတွက် ရှေ့နေရှေ့ရပ် ဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောပါတယ်။

"ဒီမှာ တရားခံ အပြေးပေါ့။ တရားခံပြေးအဖြစ် သတ်မှတ်ထားတာက ကိုကျော်ကိုကို၊ ကိုမြတ်သူရယ် ကိုလင်းထက်နိုင်၊ အဲ့ဒီ့သုံးယောက်နဲ့ပတ်သက်ပြီးတော့ ရှာဖွေလို့ မတွေ့ရှိနိုင်တော့ဘူး။ မှင်နီသက်သေခေါ်တာပေါ့။ တရားရုံးထုံးစံအရ အဲ့ဒီ့သက်သေတွေ ကို စစ်ဆေးပြီးတော့ သူတို့ကို အပြေး နဲ့ အမှုပိတ်လိုက်တာပေါ့။ ပိတ်ပြီးမှ လာမယ့် မေလ (၁၂)ရက်နေ့မှာ တရားမကြီး ပြစ်မှုကြီးကို စတင် စစ်ဆေးမှာ။ တရားလိုစစ်မှာဖြစ်ပါတယ်။ ရဲမှူးကိုစစ်ပါမယ်။

သာယာဝတီမြို့နယ် တရားရုံးမှာ ရုံးပြန်ထုတ်ပါတယ်။ ထုတ်တဲ့အခါ အမှုသစ်ဖြစ် သွားတဲ့ အတွက် ရှေ့နေပါဝါ ပြန်တင်ရပါတယ်။ ကိုအောင်ဆန်းမှိုင်းပါ ၇၀က တသုတ်၊ ကိုဇော်ကြီးပါ ၈၁ယောက်က။ ၈၁ယောက်မှာ အားလုံး (၇၁)ယောက် အတွက် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နဲ့ မိတ်ဆွေ ရှေ့နေတွေ ပူးပေါင်း ပါဝါ တင်ကြပါတယ်။ လက်ပံတန်းမြို့နယ် တရားရုံးက (၁၁)ယောက် အာမခံပေး ထားပါတယ်။ ဝန်းရံပြည်သူတွေနဲ့ ကျောင်းသားနှစ်ယောက်လောက် ပါပါတယ်။ အဲ့တာတွေက ရုံးပြောင်းသွားပြီးတော့ ဒီသာယာဝတီကို ရောက်လာတဲ့အတွက် အာမခံအသစ်ပြန်လျှောက်ပြီးတော့ အာမခံလျှောက်လွှာ ပြန်လုပ်ရပါတယ်။ အာမခံက တခါတည်းပေးထားတယ်။ ကျနော်တို့ နောက်ထပ် အဝေးသင်ကျောင်းသား (၁၃)ယောက်နဲ့ အသက် မပြည့်သေးတဲ့ ကလေး (၃)ယောက်အတွက် အာမခံလျှောက်ထားစာ တင်ပါတယ်။ အဲတ့ာကတော့ (၁၂)ရက်နေ့မှာ အထောက်အထား အပြည့်အစုံနဲ့ ပြန်တင်ရပါမယ်။ "

ဝရမ်းပြေး ကျောင်းသား ၃ ဦးတို့ကို အမှုက ပိတ်သိမ်းလိုက်ပေမယ့် သူတို့ကို ပြန်ပြီး ဖမ်းမိတဲ့အချိန်မှာ ပြန်ပြီး အမှုတင်မယ့် အခြေအနေကလည်း ရှိနေသေး တာ ဖြစ်ပါတယ်။

"အမှုကတော့ သက်သေက (၄၃)ယောက်ရှိတယ်။ သက်သေ(၄၃)ယောက် ရှိတဲ့အခါ ကျတော့ တချိန်း တပတ်ကို တချိန် စစ်မှာပေါ့။ အင်္ဂါနေ့တိုင်း စစ်မှာဖြစ်တဲ့ အတွက် လွယ်လွယ် နဲ့တော့ ပြီးသွားမယ်လို့ ကျနော်တို့ ယူဆလို့မရပါဘူး။ မှန်ပါတယ်။ တရားလိုနဲ့ တရားလိုပြ သက်သေများကို စစ်ဆေးပြီးတဲ့နောက်မှာ ကျနော်တို့ စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက် လျောက်လဲချက် ပေးရပါမယ်။ အဲ့ဒီ့အပေါ်မှာ တရားရုံးက အမိန့်ချပါမယ်။ စွဲချက်မတင်နိုင်တဲ့သူတွေကို တရားရှင်လွှတ်ပြီးတော့ ထုခြေတင်သင့် သို့မဟုတ် တာဝန်ရှိသူတွေကို စွဲချက်တင်မှာဖြစ်ပါတယ်။ "

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေ ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုပြီး ရုံးထုတ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တရားလိုဘက်က တင်ထားတဲ့ သက်သေ ၄၃ ဦးတို့ကို စစ်ဆေးပြီးမှ စွဲချက် တင်သင့် မတင်သင့် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒီတရားလိုဘက်က တင်ထားတဲ့ သက်သေ ၄၃ ဦးတို့ကိုတော့ ဖမ်းဆီးခံ ကျောင်းသားတွေ ရဲ့ ရှေ့နေ ၇ ဦးတို့က စစ်ဆေးကြမှာ ဖြစ်ပါတယ်။ အမှုကိုလည်း သာယာဝတီ တရားရုံးမှာ တပတ်တခါ ကြားနာမှာ ဖြစ်တယ် လို့လည်း ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောပါတယ်။

လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ ကျောင်းသားတွေ ကိုတော့ ထောင်တွင်းမှာ ရုပ်မြင်သံကြားကြည့်ရှုခွင့်နဲ့ သတင်းစာ ဂျာနယ် ဖတ်ရှုခွင့်၊ ရေလောင်းအိမ်သာ သုံးစွဲခွင့်တွေ ပေးထားတယ် လို့လည်း ရှေ့နေကြီးက ပြောပါတယ်။ ဒါပေမယ့်လည်း ဖမ်းဆီးခံ ကျောင်းသားတွေ ရဲ့ မိသားစုဝင်တွေကတော့ ထောင်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲလို့ ပြောဆိုကြပါတယ်။

ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုသီဟဝင်းတင်ရဲ့ မိခင်ကတော့ အခုလို ပြောပါတယ်။

" ထောင်အာဏာပိုင်တွေက ကွမ်းတွေ၊ ဆေးလိပ်တွေ စစ်တယ်ပေါ့။ စစ်တာကို ရိုးရိုးတန်းတန်း မစစ်ပဲနဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ပြီးတော့ Underwear တွေ ကလေးတွေရဲ့ အတွင်းခံတွေကိုပါ ဟိုနှိုက် ဒီနှိုက် အဲ့လိုစစ်တယ်ပေါ့။ အဲ့တာမျိုး မဖြစ်သင့်ဘူးလေနော်။ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်။"

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ ကျောင်းသားတွေ ကို မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့မှာ အာဏာပိုင်တို့က အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးပြီး ထိန်းသိမ်းထားတာဟာလည်း ဒီကနေ့ဆိုရင် ရက်ပေါင်း ၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။ သူတို့ တောင်းဆိုခဲ့ကြတဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ချက်တွေ ကိုတော့ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် တို့က အသီးသီး အတည်ပြုထားပေမယ့် လွှတ်တော် နှစ်ရပ်ကြား ကွာခြားချက်တွေ ကလည်း ရှိနေသေးတာမို့ လွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်မှာ ပြန်လည် ညှိနှိုင်းကြဖို့လည်း ရှိနေပါတယ်။

XS
SM
MD
LG