သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြ သမဂ္ဂကျောင်းသားတွေ အရေးယူခံရ


ဖေဖော်ဝါရီလ ၁၅ရက်နေ့က ကမာရွတ် ရုံးချိန်းတွင် တွေ့ရသော တကသ ကျောင်းသား
ခေါင်းဆောင်ကိုဇေယျာလွင်။ (NapolianHma/Facebook)
ဖေဖော်ဝါရီလ ၁၅ရက်နေ့က ကမာရွတ် ရုံးချိန်းတွင် တွေ့ရသော တကသ ကျောင်းသား ခေါင်းဆောင်ကိုဇေယျာလွင်။ (NapolianHma/Facebook)

လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်တွေ ထွက်သွားဖို့ ရန်ကုန်မှာ ဆန္ဒပြခဲ့တဲ့အထဲ ဦးဆောင်သူ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ခြောက်ဦးအနက်က အဖမ်းဆီးခံထားရတဲ့သုံးဦးအပြင် လွတ်မြောက်နေတဲ့ နောက်ထပ် တကသခေါင်းဆောင်သုံးဦးကို ပုဒ်မ(၁၈)နဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒီကနေ့မှာတော့ တရားရုံးအသီးသီးမှာ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ရုံးထုတ်စစ်ဆေးပါတယ်။ အခုလို အာဏာအလွှဲအပြောင်းကာလမှာ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မတွေနဲ့ တရားစွဲဆိုနေတာ၊ အမှုတွေ ထပ်တိုးနေတာတွေဟာ သူတို့အာဏာရှိဆဲအချိန်မှာ သူတို့ကိုဆန့်ကျင်ကန့်ကွက်ခဲ့သူတွေကို ရသလောက်နှိပ်ကွပ်ခဲ့တာဖြစ်ပြီး နောင်တက်လာမယ့် အစိုးရသစ်ကို အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေတာပဲဖြစ်တယ်လို့ အကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားသူတွေကပြောပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တမတ်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲက ထွက်သွားဖို့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဦးဆောင်ပြီး ပြီးခဲ့တဲ့နှစ် ၂၀၁၅ခုနှစ် ဇွန်လ(၃၀)ရက်နေ့က ရန်ကုန်မြို့လည် သိမ်ကြီးဈေးမှာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာမှာ ဦးဆောင်သူ တကသကျောင်းသားခြောက်ဦးအနက် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုနန်းလင်းတို့ကို ဖမ်းဆီးချုပ်နှောင်ထားပြီး ခွင့်ပြုချက်မရပဲ ဆန္ဒပြမှု ပုဒ်မ(၁၈) အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဆူပူအောင်လှုံ့ဆော်မှု (၅၀၅)ခ တို့နဲ့ပါ တရားစွဲဆိုထားပြီး အခုလက်ရှိ တရား ရင်ဆိုင်နေရပါတယ်။ ကိုပိုင်ဖြိုးမင်း၊ ကိုရဲဇာနည်ထွန်းနဲ့ ကိုမင်းသုခတို့ကို တရားရုံးမှာ လာရင်ဆိုင်ဖို့ ပန်းဘဲတန်း ရဲစခန်းမှှုးက နေအိမ်တွေကို လာအကြောင်းကြားခဲ့ပေမဲ့လို့ သူတို့အနေနဲ့ကတော့ မတရားပုဒ်မတွေကို လက်မခံတဲ့အတွက် တရားရေးရာကိစ္စတွေမှာ ရင်ဆိုင်ဖို့ မရှိဘူးလို့ ကိုယ်တိုင် တရားစွဲဆိုခြင်းခံရတဲ့ တကသကျောင်းသားခေါင်းဆောင် ကိုရဲဇာနည်ထွန်းကပြောပါတယ်။

”ကျွန်တော်တို့က ၁၈ပေါ့။ ပိုင်ရဲသူရယ်၊ ဇေယျာလွင်ရယ်၊ နန်းလင်းရယ်က (၅၀၅) ခ မှာ ပါတယ်ပေါ့။ ပြောတာက စခန်းမှုးက လာပြောတာပါ။ စခန်းမှုးနဲ့ ကျွန်တော်တို့ ရပ်ကြေး ဥက္ကဌပေါ့။ ခြောက်ယောက်ပေါ့ အမှုတွဲက။အဲဒါက မနေ့က ပုဒ်မ ၁၈ တရားရုံးလာတက်ဖို့ လာပြောတာ။ အဲဒီ လုပ်တဲ့အချိန်မှာလည်း ပုဒ်မ ၁၈ကို အယုံအကြည်မရှိဘူးဆိုတဲ့ အတွက် မတင်ခဲ့ဘူးလေ။အခုမှ အဲဒီ အကျိုးဆက်အတွက် လာတရားစွဲလည်း ကျွန်တော်တို့ဘက်က ဘာမှ ရင်ဆိုင်မှာ မဟုတ်ဘူးလေ။ ပြောစရာလည်း မရှိဘူး။”

ဒီကနေ့ မှာတော့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုနန်းလင်းတို့ကို ကမာရွတ် တရားရုံးနဲ့ ကျောက်တံတား တရားရုံးတွေမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ အလားတူ အမှု ရင်ဆိုင်နေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ခေါင်းဆောင်တွေဖြစ်တဲ့ ကိုနန္ဒာစစ်အောင်၊ မဖြိုးဖြိုးအောင်တို့ကိုလည်း တာမွေ တရားရုံး၊ ဗိုလ်တထောင် တရားရုံးတွေမှာ ဆက်တိုက်ဆိုသလို ရုံးထုတ် စစ်ဆေးခဲ့သလို တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ဒေါ်နော်အုံးလှနဲ့ ကိုတင်ထွဋ်ပိုင် တို့ကိုလည်း ဗိုလ်တထောင် တရားရုံးနဲ့ တာမွေတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ မနက်ဖြန်မှာလည်း လက်ပံတန်းကျောင်းသား သပိတ်မှာ အကြမ်းဖက်ဖမ်းဆီးခံရပြီး လနဲ့ချီ အထိန်းသိမ်းခံနေရဆဲ သပိတ်မှောက် ကျောင်းသားတွေကို ထပ်ပြီးတော့ ရုံးထုတ်စစ်ဆေးဦး မှာဖြစ်ပါတယ်။

အခုလို ဗကသ၊ တကသ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မတွေအမျိုးမျိုးတပ်ပြီး တရားရုံးတွေမှာ တရားရင်ဆိုင်ခိုင်းနေတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နေပါတယ်ဆိုတဲ့ လက်ရှိအစိုးရရဲ့လုပ်ရပ်အပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ကျောင်းသားတွေဘက်က ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။

“ဥပဒေကို သားရေပင်လိုများလုပ်ပြီးတော့ တရားစွဲနေသလားလို့။ ကျွန်တော်တို့က ပြောချင်ပါတယ်။ ဒီလို မလုပ်သင့်ဘူးဗျ။ သမ္မတကြီး ဦးသိန်းစိန်ရယ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ အငြိမ်းစား ဗိုလ်ချုပ်မှုးကြီး ဦးသန်းရွှေတို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လုံးပန်းနေချိန်မှာ အောက်ခြေမှာ ခုလို တရားစွဲတွေနေတာက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်တယ်လို့ ကျွန်တော်တို့က သုံးသပ် ပါတယ်။ ”

နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးတဲ့အပြင် ထပ်ပြီး ဖမ်းဆီးနေတာ၊ ပုဒ်မတွေ ထပ်တိုးပြီး တရားစွဲဆိုနေတာတွေဟာ အုပ်ချုပ်ရေးအာဏာအလွှဲအပြောင်းကာလမှာ လက်ရှိအစိုးရဘက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးရမယ့်အစား နောင်တက်လာမယ့် အစိုးရအပေါ် အခက်တွေ့အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ တွဲဖက်အတွင်းရေးမူး ကိုဘိုကြည်ကပြောပါတယ်။

“နောက်တက်လာမယ့် အစိုးရကို ပိုပြီးတော့ အခက်တွေ့အောင်လို့ ပြင်ဆင်နေသလားလို့တောင် ကျွန်တော်တို့ သံသယရှိမိပါတယ်။ ဒီလို ပြစ်မှုမျိုးက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အကုန်လုံးကို လွှတ်ပေးရမယ့် ကိစ္စပါ။ အစိုးရအပြောင်းအလဲကလဲ မကြာခင် ဖြစ်တော့မှာပါ။ ဒီလို အချိန်မျိုးမှာ အခင်းအကျင်းမျိုးကို လက်ရှိ ရှိနေတဲ့ အစိုးရကော၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးတို့က ပြန်လည် သုံးသပ်သင့်ပါတယ်။”

အခုလက်ရှိ မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူ နိုင်ငံရေး အကျဉ်းသားပေါင်းက ၈၉ဦးရှိပြီး လက်ရှိ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၄၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီကပြောပါတယ်။

XS
SM
MD
LG